BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးရဲ့ ( ၅ )နှစ်ကျော် စွမ်းဆောင်ရည် နှင့် သမ္မတ အိပ်မက် အကောင်ထည်ဖေါ်ခြင်း

ကျော့မောင်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပွဲဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်လိုတဲ့ အာဏာရမက်ကြောင့်ဖြစ်တယ်ဆိုတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီလျှို့ဝှက်ချက်က အထင်အရှား တရားဝင်မှတ်တမ်းတင်လိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က စိတ်ကြိုက်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဧပြီလ ၃ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ်ခန့်အပ်လိုက်ပါတယ်။ ဒါဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သူကိုယ်တိုင် စိတ်ကြိုက်ရေးထားတဲ့ ဇာတ်ညွှန်းတခုဖြစ်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်ယူနီဖောင်းချွတ်ပြီး သူဖြစ်ချင်တဲ့ သမ္မတဖြစ်လာဖို့ စနစ်တကျစီစဉ်ခဲ့တာပါ။ စစ်အာဏာသိမ်းမှုကို ကူညီပေးခဲ့တဲ့ ဒုသမ္မတဦးမြင့်ဆွေ ကျန်းမာရေးမကောင်းတဲ့ အခြေအနေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ အခုတော့ မင်းအောင်လှိုင်ဟာ သူလိုချင်လွန်းတဲ့ သမ္မတရာထူးကို ရယူနိုင်သွားပါပြီ။ ဒါပေမယ့် သူရယူလိုက်တဲ့ သမ္မတရာထူးဟာ ပြည်သူလူထုကိုယ်စားပြုမှုနဲ့ ဖြစ်လာတဲ့ အရပ်သားအစိုးရ သမ္မတရာထူး မဟုတ်ပါဘူး။ အာဏာသိမ်း စစ်အစိုးရရဲ့ သမ္မတရာထူးသာဖြစ်ပါတယ်။

ပြောရရင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးဇာတ်ဝင်ခန်းကို တခန်းရပ်ပြီး၊ အာဏာရှင် သမ္မတဇာတ်ရုပ်ကို သူဆက်ပြီးကတော့မှာဖြစ်ပါတယ်။ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးအနေနဲ့ မင်းအောင်လှိုင် စွမ်းဆောင်ခဲ့တာလည်း တော်တော်များပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်းပြီး စစ်ဗိုလ်ချုပ်ကြီးအဖြစ် ၅ နှစ်ကျော်အတွင်းမှာ အရပ်သားပြည်သူ ရှစ်ထောင် (၈၀၀၀) ထောင်နီးပါးလောက်ကို သတ်ဖြတ်ခဲ့တယ်။စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးအကျဉ်းသား သုံးသောင်း( ၃၀၀၀၀)ကျော်ကို ဖမ်းဆီးခဲ့တယ်။ အခုချိန်ထိလည်း အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားပေါင်း သောင်းလေးထောင်(၁၄၀၀၀) ကျော်ကို ဆက်လက်ဖမ်းဆီးထောင်ချထားဆဲဖြစ်တယ်။

စစ်ဘေးရှောင် နေရပ်စွန့်ခွါရသူ သုံးသန်းကျော် ဖြစ်အောင်လုပ်ခဲ့တယ်။ နိုင်ငံတဝန်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း တသိန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားပြည်သူ လေးထောင်(၄၀၀၀) လောက်ကို သတ်ဖြတ်ခဲ့တယ်။ စစ်ကိုင်းဒေသ ကန့်ဘလူနယ်ထဲက ပဇီကြီးကျေးရွာမှာ ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ (၁၇၀) ကျော်သေဆုံးရတဲ့အထိ လေကြောင်းကနေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး သူဟာ ရက်စက်မှုတွေရဲ့ ချန်ပီယံဖြစ်ကြောင်း ပြသခဲ့တယ်။

ကချင်ပြည်နယ် မုန်လိုင်ခက် ဒုက္ခသည်စခန်းထဲက ကလေးသူငယ်တွေ၊အမျိုးသမီးတွေအပါအဝင် စစ်ဘေးရှောင်ပြည်သူပေါင်း (၃၀) နီးပါးလောက်ကို အစုလိုက်အပြုံလိုက် လေကြောင်းတိုက်ပြီးသတ်ဖြတ်ခဲ့တယ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက အနန့်ပါမှာလည်း အရပ်သားပြည်သူ ၆၀ ကျော်ကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ပြီး သူဟာ အကြမ်းဖက် ရာဇဝတ်မှုကျူးလွန်ရာမှာ သူမတူသူ ဖြစ်ကြောင်း သက်သေပြခဲ့တယ်။ အဲ့ဒီဒေသတွေတင်မကဘဲ နိုင်ငံတဝန်းလုံးမှာ အရပ်သားပြည်သူတွေကို အစုလိုက်အပြုအလိုက်သတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကို နည်းလမ်းမျိုးစုံနဲ့ ကျူးလွန်ခဲ့တယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့နေရာတွေမှာတင် သူမတူအောင် ရက်စက်ပြနိုင်ရုံတင်မကပါဘူး။
နိုင်ငံရေး စီးပွားရေး၊လူမှုရေး အဘက်ဘက်မှာ ပျက်ဆီးယိုယွင်းသွားအောင်လည်း လုပ်ဆောင်နိုင်ခဲ့တယ်။

သူ့ရဲ့ အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်းမှာ တိုင်းပြည်လူဦးရေရဲ့ ၅၀ ရာခိုင်နူန်းနီးပါးကို ဆင်းရဲမွဲတေမှုထဲရောက်သွားအောင်လုပ်ဆောင်နိုင်ခဲ့တယ်။ မြန်မာပြည်သူ ၁၂ သန်းကျော်ကို ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်မှုတွေ ကြုံတွေ့နေရအောင် လုပ်ဆောင်ခဲ့တယ်။ နိုင်ငံမှာ အဂတိလိုက်စားမှုတွေ မြင့်တက်လာအောင်လုပ်နိုင်ခဲ့ပြီးတော့ ကမ္ဘာ့ညွှန်းကိန်းတွေအရ အဂတိလိုက်စားမှု အနည်းဆုံးအဆင့်မှာ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၀ ရခဲ့တယ်။

အာဏာမသိမ်းခင်က အမေရိကန်(၁)ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၀၀ ကျော်ကနေ ၇၀၀၀ အထက်ရောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ကမ္ဘာမှာ ငြိမ်းချမ်းမှုအကင်းမဲ့ဆုံး (၁၀) နိုင်ငံစာရင်းထဲမှာလည်း မြန်မာနိုင်ငံပါဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ စစ်မှုထမ်းဥပဒေပြဌန်းပြီး လူငယ်တွေကို အတင်းအဓမ္မစစ်ထဲဆွဲသွင်းတာနဲ့ လူငယ်တွေ ပြည်ပထွက်ပြေးဖို့၊ လုံခြုံမှုနဲ့ အနာဂတ်တွေပျောက်ဆုံးအောင်လည်း လုပ်ဆောင်နိုင်ခဲ့တယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတကာမှာလည်း လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ လူမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုရဲ့ အဓိက တာဝန်ရှိသူ ရာဇဝတ်ကောင်ဖြစ်ခဲ့တယ်။ မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမှာ အဓိက တာဝန်ရှိသူ ရာဇဝတ်ကောင်ဖြစ်ခဲ့တယ်။

အာဂျင်တီးနားဖက်ဒရယ်တရားရုံးက ဖမ်း၀ရမ်းထုတ်တာကို ခံထားရတယ်။ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်။ တီမောလက်စတေ တရားစီရုံးမှာလည်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံထားရတယ်။ ဂျာမနီနဲ့ အင်ဒိုနီးရှားနိုင်ငံ တရားရုံးတွေမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို အရေးယူဖို့ စတင်တိုင်ကြားလာကြပြီဖြစ်တယ်။

ဒီဖေါ်ပြပါ အချက်အလက်တွေဟာ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ မင်းအောင်လှိုင် လုပ်ဆောင်နိုင်ခဲ့တဲ့အရာတွေပါ။ အခုတော့ သူဟာ သူဖြစ်ချင်လွန်းတဲ့ သမ္မတဆိုတာကို အတုယောင်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ သူ့စိတ်ကြိုက်လွှတ်တော်ကနေ ရယူလိုက်ပြန်ပါတယ်။ ဒီတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ယူနီဖေါင်းချွတ်ပြီး စစ်အစိုးရ သမ္မတ ဖြစ်လာပါပြီ။

သူဖြစ်ချင်လွန်းတဲ့ သမ္မတအိပ်မက် အကောင်ထည်ပေါ်လာဖို့ သူဖြတ်သန်းခဲ့တဲ့ လမ်းက မလွယ်ကူခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့ကြတဲ့ လွတ်လပ်တဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး ပြည်သူအများစုကို ကိုယ်စားပြုတဲ့ ရလဒ်ဖြစ်တယ်လို့ ပြောဆိုကြပေမယ့် သူကတော့ မဲမသမာမှုအကြောင်းပြပြီး လိမ်ညာ အာဏာသိမ်းခဲ့ရတယ်။ အာဏာသိမ်းတဲ့နေရာမှာလည်း စစ်အုပ်စုတခုလုံးအကာအကွယ်ယူထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို သူကိုယ်တိုင်ပြန်လည်ချိုးဖေါက်ခဲ့ရတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ သူ့ရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့အခါ လက်နက်မပါတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ပြီး သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ပြသခဲ့ရတယ်။ သူတို့ စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်မှု အားကောင်းလာခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးတွေမှာ နယ်မြေတွေလက်လွှတ်ဆုံးရှုံးရတဲ့အခါ တရုတ်ကိုအကူအညီတောင်းပြီး တချို့မြို့တွေကို ပြန်တောင်းယူခဲ့ရတယ်။ သူဟာ မြန်မာစစ်တပ် သမိုင်းတလျောက် စစ်အရှုံးဆုံး တပ်ချုပ်အဖြစ်မှတ်တမ်းဝင်ခဲ့တယ်။ အခု သူ့စိတ်ကြိုက်စီစဉ်ထားတဲ့ ဇာတ်ညွှန်းအတိုင်း သမ္မတရွေးပွဲမှာလည်း အရင်သမ္မတတွေထက် မဲရလဒ် ပိုများအောင်လုပ်ပြီး သူ့ရဲ့ အငုံ့စိတ်ကြီးမားမှုကို ပြသခဲ့တယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အစဉ်တစိုက် မက်ခဲ့တဲ့ “ နိုင်ငံတော်သမ္မတ” အိပ်မက်ကတော့ လက်တွေ့အကောင်အထည် ပေါ်လာခဲ့ပါပြီ ဒါပေမယ့် ဒီရာထူးဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုယ်စားပြုမှုနဲ့ ရလာခဲ့တာတော့မဟုတ်ပါဘူး။ အပြစ်မဲ့ပြည်သူတွေ အသက်ပေါင်းများစွာကို သတ်ဖြတ်ပြီး ရယူထားတဲ့ သွေးစွန်းနေတဲ့ သမ္မရာထူး” သာ ဖြစ်ပါတယ်။

မင်းအောင်လှိုင် သမ္မတဖြစ်လာတာက အရပ်သားအစိုးရ ဖြစ်လာတာ၊ နိုင်ငံရေးအပြောင်းအလဲတွေအတွက် လမ်းစဖြစ်လာတာမဟုတ်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ စီစဉ်ထားတဲ့ သွေးစွန်းနေတဲ့ ဇာတ်ညွှန်းတပုဒ်သာဖြစ်ပါတယ်။ မင်းအောင်လှိုင် သမ္မတဖြစ်လာတာဟာ ဘာကြောင့် အာဏာသိမ်းခဲ့တယ်၊ ဘာကြောင့် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက် တော်လှန်နေရမယ်ဆိုတဲ့ အချက်အလက်တွေကို ထင်ထင်ရှားရှားပြသလိုက်တာဖြစ်ပါတယ်။ သွေးစွန်းနေတဲ့ လက်တွေကို အတုယောင်ရွေးကောက်ပွဲနဲ့ ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ လွှတ်တော်တွေ၊ သမ္မတရာထူးတွေက ဆေးကျောလိုက်လို့မရပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နေပြည်တော်မှာ သမ္မတအဆောင်အယောင်တွေနဲ့ ခမ်းနားစွာ နေထိုင်နိုင်ပေမယ့်လည်း ပြည်သူတွေအတွက်တော့ သူဟာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တယောက်သာဖြစ်ပြီး ပြည်သူတွေရဲ့ ကိုယ်စားပြုမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး။

သူ့ရဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးအဖြစ် ၅ နှစ်ကျော်ကြာ “ စွမ်းဆောင်မှု” ကြောင့် ပြည်သူတွေ အသက်ပေါင်းများစွာသေဆုံးခဲ့ရပြီးပြီ၊ လူငယ်တွေ အနာဂတ်တွေ၊ဘ၀တွေ ပျက်ခဲ့ ၊ပျောက်ခဲ့ရပြီးပြီး၊ မြို့တွေ၊ရွာတွေများစွာ ပြာပုံဖြစ်ခဲ့ရပြီးပြီ၊ အဆိုးရွားဆုံး စစ်ရာဇဝတ်မှုတွေကို ပြည်သူအားလုံး မျက်မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ ရာဇဝတ်ကောင် သမ္မတ ရဲ့ သွေးစွန်းနေတဲ့ လက်ကို ဆေးကျောပေးဖို့ ကြိုးစားနေသူတွေ၊ ရာဇဝတ်ကောင် သမ္မတကို ဦးညွှန့် ဘုရားထူးနေသူတွေဟာ သမိုင်းတရားခံတွေသာ ဖြစ်လာပါလိမ့်မယ်။

ကိုးကား

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)
Data For Myanmar
Myanmar Peace Monitor
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နှင့် နိုင်ငံတကာအဖွဲ့အစည်းထုတ်ပြန်ချက်များ၊ ညွှန်းကိန်းများ

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed