ဝင်းမင်း၊
သုံသပ်ချက်ဆောင်းပါး
ငါးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးသည် ယခုလအတွင်း ဘန်ကောက်မြို့၌ အာဆီယံ အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ယှဉ်တွဲထိုင်ခွင့်ရခဲ့သည်။ ဦးတင်မောင်ဆွေသည် မည်သည့် သဘောတူညီချက်မျှ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသလို မည်သည့် ထူးခြားသည့် တိုးတက်မှုမျှ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသော်လည်း၊ ယင်းအစည်းအဝေးကိုယ်တိုင်က အရေးပါသည့် အလှည့်အပြောင်းတခု ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုစတင်ချိန်မှစ၍ မြန်မာစစ်ဗိုလ်ချုပ်များသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို အကောင်အထည်ဖော်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် အာဆီယံ၏ အဆင့်မြင့်ဆုံး နိုင်ငံရေးအစည်းအဝေးများမှ အဓိကအားဖြင့် ချန်လှပ်ဖယ်ကြဉ်ခြင်း ခံခဲ့ရသည်။ ဇူလိုင် ၁၂ ရက် အစည်းအဝေးသည် ထိုင်းနိုင်ငံက “ချိန်ညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု” (Calibrated Re-engagement) ဟု တင်စားခေါ်ဝေါ်သည့် ချဉ်းကပ်မှုအသစ်တခုကို အာဆီယံအဖွဲ့ဝင်အချို့က စမ်းသပ်လုပ်ဆောင်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
ဒါတွေအားလုံးသည် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခံခဲ့ရသည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲမျာအပြီးမှာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အဲဒီရွေးကောက်ပွဲ၌ မင်းအောင်လှိုင်သည် စစ်ကောင်စီဥက္ကဋ္ဌ ရာထူးကို စွန့်လွှတ်ပြီး စစ်တပ်က ပုံစံရေးဆွဲထားသည့် နိုင်ငံရေးစနစ်အောက်က အရပ်သား သမ္မတရာထူးကို ရယူခဲ့သည်။ တရုတ်နှင် အိန္ဒိယတို့သည် တရားဝင် ထိတွေ့ဆက်ဆံမှုများမှ တဆင့် မြန်မာစစ်အစိုးရသစ်ကို အသိအမှတ်ပြုပြီးဖြစ်သလို၊ အာဆီယံနိုင်ငံအချို့ကလည်း နိုင်ငံရေးလမ်းကြောင်းများကိုပါ သတိထား၍ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေပုံရသည်။
ဒီချဉ်းကပ်မှုက လက်တွေ့ကျသည့် သံတမန်ရေးရာ ဖြစ်မလား သို့မဟုတ် အဖိုးအခကြီးမားသည့် မဟာဗျူဟာမြောက် အမှားအယွင်း ဖြစ်မလားဆိုတာက လာမည့်နှစ်ပေါင်းများစွာအတွင်း အာဆီယံ၏ ယုံကြည်ကိုးစားမှုကို ပုံဖော်ပေးသွားမည်ဖြစ်သည်။ သို့သော် ဒီချဉ်းကပ်မှုက ရေရှည်တည်တံ့သည့် နိုင်ငံရေးပြေလည်မှုကို ဦးတည်စေမည်လား၊ သို့မဟုတ် အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးလျှော့ပေါ့ပေးမှုများကို ပြသခြင်းမရှိသေးသည့် စစ်အစိုးရတခုကို ပိုမိုတရားဝင်မှု ပေးအပ်လိုက်ခြင်း ဖြစ်သွားမည်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
အာဆီယံ၏ ခက်ခဲနက်နဲသော ဟန်ချက်ထိန်းညှိမှု
မြန်မာနိုင်ငံအရေးသည် အာဆီယံ၏ အဖွဲ့အစည်းဆိုင်ရာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာခဲ့သည်။ ဆယ်စုနှစ်များစွာတိုင်အောင် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများအကြား တူညီသော သဘောဆန္ဒ (Consensus) နှင့် ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး မူဝါဒတို့အကြား ဟန်ချက်ညီအောင် ထိန်းညှိခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ထိုဟန်ချက်ကို ပျက်စီးစေခဲ့သည်။
မြင့်တက်လာသော အကြမ်းဖက်မှုများ၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုများနှင့် စံချိန်တင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်ရချိန်တွင် အာဆီယံသည် ပိုမိုပြင်းထန်သော အရေးယူမှုများပြုလုပ်ရန် လိုလားသော အဖွဲ့ဝင်များနှင့် ဝင်ရောက်မစွက်ဖက်ရေးကို တင်းတင်းကြပ်ကြပ် စွဲကိုင်ထားသော အဖွဲ့ဝင်များအကြား ညှိနှိုင်းဖြေရှင်းချက်အဖြစ် ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို အတည်ပြုခဲ့သည်။
ယင်း ၅ ချက်တွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံးပါဝင်သော အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်၊ အထူးသံတမန်တဦး ခန့်အပ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် အထူးသံတမန်အား သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ပြုရန်တို့ ပါဝင်သည်။ စစ်ကောင်စီအတွက် အလွန်အမင်း ခက်ခဲသည့်အချက်များ မဟုတ်သော်လည်း ယင်းအချက်များအနက် တစ်ချက်မှပင် အကောင်အထည်ဖော် ပေးခဲ့ခြင်း မရှိပေ။
ယနေ့အချိန်အထိ ဘုံသဘောတူညီချက် ၅ ချက် (5PC) သည် အဓိက ကိုးကားရာအဖြစ် ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဖြစ်သူ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Maria Theresa Lazaro) နှင့် ဇူလိုင် ၁၃ ရက်က ဗီဒီယိုကွန်ဖရင့်ပြုလုပ်ပြီးနောက်၊ ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုကို ကြိုဆိုခဲ့သည်။ သို့သော် 5PC ကို အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖော်မည်ဆိုပါက အကန့်အသတ်ရှိသော အဖွဲ့အစည်းအချို့နှင့်တင် မကဘဲ ကျယ်ပြန့်သော နိုင်ငံရေးသက်ဆိုင်သူများ ပါဝင်ရမည်ဟု အလေးပေးပြောကြားခဲ့သည်။ အခြားတစ်နည်းအားဖြင့်ဆိုသော် ထိတွေ့ဆက်ဆံမှု ပြုလုပ်ခြင်းကိုယ်တိုင်က ပြဿနာမဟုတ်ဘဲ ယင်းထိတွေ့ဆက်ဆံမှုတွင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်မှု ရှိ/မရှိ ကသာလျှင် အဓိက ပြဿနာ ဖြစ်နေခြင်းဖြစ်သည်။
ဝေဖန်ရေးသမားများက မြန်မာစစ်ကောင်စီသည် ၎င်း၏ ကတိကဝတ်များကို လစ်လျူရှုခဲ့သောကြောင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို အမြဲလိုလို အမည်းစက်စွန်း ထိရောက်မှုမရှိခဲ့ဟု ပယ်ချလေ့ရှိကြသော်လည်း ယင်းဝေဖန်မှုသည် တစိတ်တပိုင်းမျှသာ တရားမျှတမှု ရှိပေသည်။ 5PC သည် စစ်ကောင်စီ၏ ပြုမူဆောင်ရွက်ပုံများကို ပြောင်းလဲပစ်ရန် ပျက်ကွက်ခဲ့သော်လည်း ယင်းနှင့်မခြား အရေးပါသော အခြားအရာတခုကိုမူ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအရာမှာ အာဆီယံအတွင်း စစ်တပ်အုပ်ချုပ်မှုကို ပုံမှန်အခြေအနေတခုအဖြစ် တရားဝင်ဖြစ်သွားခြင်းမှ တားဆီးပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
မြန်မာစစ်ခေါင်းဆောင်များကို အဆင့်မြင့်နိုင်ငံရေး အစည်းအဝေးများမှ ချန်လှပ်ထားခြင်းအားဖြင့် အာဆီယံသည် ၎င်းတို့၏ စုပေါင်းဩဇာကို ထိန်းသိမ်းထားနိုင်ခဲ့ရုံမျှမက အာဏာကို အင်အားသုံးရယူခြင်းဖြင့် တရားဝင်မှုကို လွယ်လွယ်ကူကူ ပြန်မရနိုင်ဆိုသည့် ပြတ်သားသော နိုင်ငံရေးသတင်းစကားကိုလည်း ပေးနိုင်ခဲ့သည်။ 5PC ၏ အားနည်းချက်မှာ ၎င်း၏ မူဝါဒများကြောင့် မဟုတ်ဘဲ၊ ယင်းမူဝါဒများကို လိုက်နာအောင် မဆောင်ရွက်နိုင်ခြင်းနှင့် ဆက်တိုက်ဆိုသလို လိုက်နာရန် ငြင်းဆန်နေမှုများအပေါ် အဓိပ္ပာယ်ရှိသော အရေးယူဆောင်ရွက်မှုများ မပြုလုပ်နိုင်ခဲ့သည့် အာဆီယံ၏ မစွမ်းဆောင်နိုင်မှုကြောင့်သာ ဖြစ်ပါသည်။
မလေးရှား၏ အားလုံးပါဝင်နိုင်သော ချဉ်းကပ်မှု
မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို စွန့်လွှတ်လိုက်ခြင်း မဟုတ်ဘဲ ထိတွေ့ဆက်ဆံမှုများကို ပိုမိုကျယ်ပြန့်အောင် ပြုလုပ်ခြင်းဖြင့် အဆိုပါ အားနည်းချက်ကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ မလေးရှား၏ “သက်ဆိုင်သူများ ထိတွေ့ဆက်ဆံရေး အစည်းအဝေးများ” (SEMs) သည် NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ရိုဟင်ဂျာကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် သစ်လွင်အုပ်ချုပ်ရေးအဖွဲ့အစည်းများ စသည့် အဖွဲ့အစည်းပေါင်း ၃၀ နီးပါးကို စုစည်းပေးနိုင်ခဲ့သည်။
အဆိုပါ SEMs အစည်းအဝေးများသည် အခြေခံကျသော နိုင်ငံရေးလက်တွေ့ဘဝတစ်ခုကို အသိအမှတ်ပြုခဲ့သည့်အတွက် တန်ဖိုးရှိခဲ့သည်။ ထိုအရာမှာ အဓိကသက်ဆိုင်သူများကို ဆွေးနွေးပွဲများမှ ချန်လှပ်ထားပါက ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် ပေါ်ထွက်လာနိုင်မည် မဟုတ်ဆိုသည့် အချက်ပင်ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးဆန်းပြားမှုကို စစ်တပ်နှင့် အကန့်အသတ်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းအချို့အကြား ဆွေးနွေးပွဲအဖြစ် ရိုးရှင်းအောင် လျှော့ချပစ်ခြင်းမပြုဘဲ၊ မြန်မာ့နိုင်ငံရေး၏ အခင်းအကျင်းကို လက်ခံအသိအမှတ်ပြုခြင်းဖြင့် 5PC ၏ မူလစိတ်ဓာတ်ကို ဟပ်ဟပ်စပ်စပ် ပေါ်လွင်စေခဲ့သည်။
အဆုံးသတ်တွင် SEMs သည် တော်လှန်ရေးအင်အားစုများအကြား 5PC နှင့် ချိတ်ဆက်ထားသည့် ညီညွတ်သော ရပ်တည်ချက်တခုကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။ စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစု တရပ်လုံးနှင့် တွေ့ဆုံရန် အသင့်ဖြစ်လာသည့်အခါ၊ ဤအချက်များသည် နိုင်ငံရေးအရ သဘောတူညီချက်ရရှိရေး ဆွေးနွေးမှုများအတွက် အခြေခံကျသော ခြေလှမ်းများပင် ဖြစ်ပါသည်။
အာဆီယံသည် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ မတူညီသော ချဉ်းကပ်မှု သုံးခုကို ပိုမိုထင်ဟပ်ပြသလာနေသည်။ အင်ဒိုနီးရှားသည် ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို အာဆီယံ၏ ဗဟိုမူဝါဒအဖြစ် ကာကွယ်စောင့်ရှောက်ရင်း စစ်တပ်အပေါ် ဖိအားပေးမှုကို ဆက်လက်ထိန်းသိမ်းထားရန် အာရုံစိုက်ခဲ့သည်။ မလေးရှားသည်လည်း ထိုဖိအားပေးမှုကို ထိန်းသိမ်းထားဆဲဖြစ်သော်လည်း ထိတွေ့ဆက်ဆံမှုကို ပိုမိုကျယ်ပြန့်အောင် ပြုလုပ်ခဲ့ပြီး တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း သက်ဆိုင်သူအများအပြားကို ပါဝင်စေခဲ့သည်။
သို့သော် ထိုင်းနိုင်ငံသည်မူ မတူညီသော လမ်းကြောင်းတခုကို လျှောက်လှမ်းခဲ့သည်။ ထိုင်း၏ သံတမန်ရေးရာသည် နယ်စပ်တည်ငြိမ်ရေး၊ ဒုက္ခသည်များ စီမံခန့်ခွဲရေး၊ ဖြတ်ကျော်မှုခင်းများနှင့် စီးပွားရေးလုံခြုံရေးတို့ကို ပထမဦးစားပေးအဖြစ် ထားရှိသည်။ ဤအရာများသည် လုံးဝတရားဝင်သည့် အမျိုးသားအကျိုးစီးပွားများ ဖြစ်ကြသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း မမည်သည့်နိုင်ငံမျှ လူသားချင်းစာနာမှုဆိုင်ရာ ဖိအားများ၊ နယ်စပ်ဖြတ်ကျော် မတည်ငြိမ်မှုများ သို့မဟုတ် နယ်စပ်အနီး အွန်လိုင်းငွေလိမ်ခြံများ (Scam Centers) ကျယ်ပြန့်လာမှုကို လစ်လျူရှု၍ မရနိုင်ပေ။ သို့သော် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားသည် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ဖြစ်မလာသင့်ပေ။ နယ်စပ်ဒေသ စီမံခန့်ခွဲမှုနှင့် ပဋိပက္ခဖြေရှင်းရေးတို့သည် ဆက်စပ်နေသော်လည်း အတူတူတော့ မဟုတ်ကြပါ။ ရေတိုလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကိုသာ ပထမဦးစားပေး အဓိကထား ပုံဖော်ထားသည့် သံတမန်ရေးရာ လုပ်ငန်းစဉ်တခုသည် မြန်မာ့ပဋိပက္ခ၏ အဓိကနိုင်ငံရေး အကြောင်းအရင်းများကို မဖြေရှင်းဘဲ၊ ရေတိုတည်ငြိမ်မှုကိုသာ ဖန်တီးပေးသည့် အန္တရာယ်ရှိနေပါသည်။
ဖိလစ်ပိုင်၏ နောက်ပြန်ဆုတ်သော ချဉ်းကပ်မှု
ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်တွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို တရားဝင် ရယူထားသော်လည်း၊ လက်ရှိ ထိတွေ့ဆက်ဆံမှုများ၏ နောက်ကွယ်မှ တွန်းအားအများစုမှာ ထိုင်းနိုင်ငံ၏ ကာလရှည်ကြာ နယ်စပ်စိုးရိမ်မှုများနှင့် နေပြည်တော်နှင့်ရှိသော နီးကပ်သည့် သံတမန်ရေး ထိတွေ့မှုများကြောင့် ဖြစ်ပုံရသည်။ ၎င်းသည် အဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏ ရေတိုလုံခြုံရေး ဦးစားပေးမှုများကို အာဆီယံ၏ စုပေါင်းဦးတည်ချက်အဖြစ် ပုံဖော်သွားစေနိုင်သည့် အန္တရာယ်ရှိနေသည်။ ဤလုပ်ငန်းစဉ်သည် “မြန်မာက ဦးဆောင်ပြီး မြန်မာကိုယ်တိုင် ပိုင်ဆိုင်သော” လုပ်ငန်းစဉ် မဟုတ်တော့ဘဲ၊ ဩဇာနှင့် အကျိုးစီးပွားရှိသူ မမည်သူမဆို ဦးဆောင်သည့် လုပ်ငန်းစဉ် ဖြစ်သွားခဲ့သည်။
ပြဿနာ၏ ဖြေရှင်းနည်းကို စစ်ကောင်စီ သို့မဟုတ် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တခုချင်းစီက ဦးဆောင်ရမည် မဟုတ်ဘဲ၊ သက်ဆိုင်သည့် မြန်မာ့နိုင်ငံရေး သက်ဆိုင်သူအားလုံးက ဦးဆောင်ရမည် ဖြစ်ပြီး အာဆီယံအနေဖြင့် အဖွဲ့အစည်းတခုအဖြစ် ထိုသို့သော လုပ်ငန်းစဉ်များ ပေါ်ပေါက်လာနိုင်မည့် အခင်းအကျင်းနှင့် နေရာလွတ်ကို ဖန်တီးပေးရမည် ဖြစ်သည်။
လွန်ခဲ့သည့်အပတ်က ပတ္တယားမြို့၌ ပြုလုပ်ခဲ့သော နောက်ဆုံးအကြိမ် သက်ဆိုင်သူများ ဆွေးနွေးပွဲတွင် အဆိုပါစိုးရိမ်မှုများကို ထင်ရှားစွာ တွေ့မြင်ခဲ့ရသည်။ မလေးရှားနိုင်ငံ၏ ကျယ်ပြန့်သော SEMs အစည်းအဝေးများနှင့် မတူဘဲ၊ ယခုလတ်တလော ထိတွေ့ဆက်ဆံမှုတွင် ထိုင်းနယ်စပ်တလျှောက် လှုပ်ရှားနေသည့် တိုင်းရင်းသားအဖွဲ့အစည်း အချို့ကိုသာ အဓိကထား ဦးတည်ခဲ့သည်။ NUG သည် CRPH၊ ယခုလတ်တလောမှ ဖွဲ့စည်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့နှင့်အတူ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှု၏ အဓိက နိုင်ငံရေးဗဟိုချက်များထဲမှ တခုဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ချန်လှပ်ထားခြင်းသည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲဟု အမည်တပ်ထားသည့် အခင်းအကျင်းတွင် ကြီးမားသည့် ဟာကွက်တခုကို ဖြစ်ပေါ်စေခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မလေးရှား၏ သက်တမ်းအတွင်း အောင်မြင်ခဲ့သည့် အကျိုးရလဒ်များကို ဆက်လက်မွမ်းမံ တည်ဆောက်သွားရမည်ဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ပစ်ရန် မဟုတ်ပေ။
တရားမျှတစွာ ပြောရလျှင် အာဆီယံအထူးသံတမန်သည် နောက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်သည့် SCEF အဖွဲ့ဝင်များနှင့် ပတ္တယားမှာ တွေ့ဆုံခဲ့ပြီး၊ NUG ကို အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ပါသည်။ သို့သော် SCEF က အဆိုပါဆွေးနွေးမှုများသည် စစ်ကောင်စီနှင့် အာဆီယံ၏ ထိတွေ့ဆက်ဆံမှုများနှင့် လုံးဝသီးခြားစီဖြစ်ကြောင်းနှင့် နေပြည်တော်နှင့် “တရားဝင် နိုင်ငံရေးဆွေးနွေးပွဲ သို့မဟုတ် ညှိနှိုင်းရေးလုပ်ငန်းစဉ်တခု ဖြစ်ပေါ်လာခြင်း သို့မဟုတ် စတင်ခြင်းအဖြစ် လွဲမှားစွာ မကောက်ယူသင့်ပါ” ဟု ချက်ချင်း ရှင်းလင်းပြောကြားခဲ့သည်။
တော်လှန်ရေး အင်အားစုများဆိုသည်မှာ နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းများထက်မက အများကြီး ပိုမိုကျယ်ပြန့်ပါသည်။ ယင်းတို့တွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သည်။ ဤနိုင်ငံရေး ဂေဟစနစ်၏ အဓိက အစိတ်အပိုင်းများကို ချန်လှပ်ထားခြင်းသည် မြန်မာ့ပဋိပက္ခ၏ ပုံရိပ်အမှန်ကို မလွဲမသွေ မပြည့်မစုံ ဖြစ်သွားစေသည်။ ထိုသို့ လုပ်ဆောင်ရာမှ ထွက်ပေါ်လာသည့် တွေ့ဆုံဆွေးနွေးမှုသည် ထိုင်းနိုင်ငံ၏ ရေတိုလုံခြုံရေး လိုအပ်ချက်များကို အထောက်အကူပြုနိုင်သော်လည်း၊ မြန်မာနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးလက်တွေ့ဘဝကိုသော်လည်းကောင်း၊ အာဆီယံတစုံလုံး၏ အကျိုးစီးပွားကိုသော်လည်းကောင်း ကိုယ်စားပြုသည်ဟု မည်သို့မျှ ယုံကြည်စိတ်ချစွာ အခိုင်အမာ မပြောနိုင်ပေ။
တည်ငြိမ်မှုကို ငြိမ်းချမ်းရေးဟု အလွဲမယူသင့်ပါ
တရားဝင် ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံသည် နယ်မြေလုံခြုံရေး အကြောင်းပြချက်ဖြင့် သက်ဆိုင်သူများ၏ အစည်းအဝေးများကို ဘန်ကောက်မြို့မှ ပတ္တယားမြို့သို့ ပြောင်းရွှေ့ကျင်းပခဲ့သည်။ မည်သည့် အကြောင်းပြချက်ပေးသည်ဖြစ်စေ၊ ဤသို့ ရွှေ့ဆိုင်းလိုက်ခြင်းက မြန်မာ့နိုင်ငံရေး သက်ဆိုင်သူများအနေဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်နိုင်မည့် အခွင့်အရေးများကို လျှော့ချပစ်လိုက်သလို ဖြစ်သွားခဲ့သည်။ အခြားနိုင်ငံများကို ဖိတ်ကြားခဲ့ခြင်း မရှိသည့်အတွက် ထိုင်းနှင့် ဖိလစ်ပိုင် တာဝန်ရှိသူများသာ ပတ္တယား၌ တိုင်းရင်းသားလက်နက်ကိုင်များ (EAOs)၊ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့နှင့် တွေ့ဆုံခဲ့ကြသည်။
သံတမန်ရေးရာဆိုသည်မှာ တရားဝင်အစည်းအဝေးများ နည်းတူ အလွတ်သဘောဆွေးနွေးမှုများနှင့် နိုင်ငံရေးအရ ထိတွေ့ခွင့်ရရှိမှုများကလည်း အရေးပါလှသဖြင့် ဤကဲ့သို့ အသေးစိတ် အချက်အလက်များကပင်လျှင် များစွာ အကျိုးသက်ရောက်မှု ရှိပေသည်။
အလားတူ စိုးရိမ်စရာကောင်းသည့် အချက်တစ်ခုမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဆက်မပြတ် လုပ်ဆောင်လာသည့် အဓိကပုံဖော်မှုတစ်ခုမှာ မြန်မာ့တော်လှန်ရေး အင်အားစုများသည် အလွန်အမင်း ကွဲပြားနေသဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် အဓိပ္ပာယ်ရှိစွာ ပါဝင်နိုင်မည် မဟုတ်ကြောင်း ဆိုသည့်ပုံရိပ်ဖြစ်သည်။
တော်လှန်ရေးလှုပ်ရှားမှုသည် တသွေးတသံတစ်မိန့် တထပ်တည်း မဟုတ်သည်မှာ မှန်သော်လည်း၊ ယင်းကို လုံးဝ စိစိညက်ညက် ကွဲပြားနေသည်ဟု ပုံဖော်ခြင်းသည် ပြီးခဲ့သည့် နှစ်များအတွင်း ဘုံနိုင်ငံရေး ပလက်ဖောင်းများ၊ ဖက်ဒရယ် အုပ်ချုပ်ရေး ယန္တရားများနှင့် တော်လှန်ရေး အဖွဲ့အစည်းများအကြား ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ရရှိခဲ့သည့် သိသာထင်ရှားသော နိုင်ငံရေး တိုးတက်မှုများကို လျှော့တွက် လစ်လျူရှုရာ ရောက်နေသည်။
SCEF သည် အာဆီယံ အထူးသံတမန်နှင့် တွေ့ဆုံရာတွင် တွေ့ဆုံဆွေးနွေးမှုကို ငြင်းပယ်ရန် မဟုတ်ဘဲ ဘုံနိုင်ငံရေး ရပ်တည်ချက်တစ်ခုကို ထပ်လောင်းအတည်ပြုရန် အသုံးချခဲ့သည်။ ထိုအချက်မှာ တွေ့ဆုံဆွေးနွေးပွဲဆိုသည်မှာ ၎င်းကိုယ်တိုင်က အဆုံးသတ် ပန်းတိုင်တခု မဟုတ်ဘဲ၊ နိုင်ငံရေး အကူးအပြောင်းအတွက် အထောက်အကူ ဖြစ်ရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသကဲ့သို့ စစ်တပ်၏ အာဏာစိုးမိုးမှုနှင့် မြန်မာ့ပဋိပက္ခ၏ အခြေခံ အကြောင်းအရင်းများကို မဖြေရှင်းဘဲ အကြမ်းဖက်မှု လျှော့ချရုံမျှဖြင့် “ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖန်တီးပေးနိုင်မည် မဟုတ်ပါ”။
ပြုပြင်ပြောင်းလဲမှုမရှိဘဲ အသိအမှတ်ပြုခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များ
အချို့က အာဆီယံအနေဖြင့် နေပြည်တော်တွင် လက်ရှိ အုပ်ချုပ်ရေးအာဏာ ချုပ်ကိုင်ထားသူများနှင့် ထိတွေ့ဆက်ဆံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိဟု စေတနာနှင့် အငြင်းပွားကြပြီး၊ ယင်းစောဒကတက်မှုသည်လည်း စဉ်းစားစရာ ဖြစ်ပါသည်။ သံတမန်ရေးအရ သီးခြားခွဲထုတ်ထားရုံမျှဖြင့် မြန်မာ့ပဋိပက္ခကို မပြီးဆုံးစေခဲ့သလို၊ စစ်တပ်ကိုလည်း ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို အကောင်အထည်ဖော်ရန် ဖိအားမပေးနိုင်ခဲ့ပါ။ မြန်မာ့အရေးကို အနီးကပ် စောင့်ကြည့်နေသူ မည်သူမဆို စစ်ကောင်စီသည် ၂၀၁၀ ပြည့်နှစ်တွင် “ဒီမိုကရေစီ စမ်းသပ်မှု” တခုကို ပြုလုပ်ခဲ့ပြီး ဆယ်စုနှစ်တခုကျော်အကြာတွင် ရလဒ်ကို မနှစ်သက်သဖြင့် ယင်းကို ရပ်တန့်ပစ်ခဲ့ကြောင်း သိကြသည်။
သို့သော် ထိတွေ့ဆက်ဆံမှုသည် ပြတ်သားသည့် နိုင်ငံရေး စည်းကမ်းချက်များနှင့်အတူ ယှဉ်တွဲပါရှိရမည် ဖြစ်သည်။ အကြမ်းဖက်မှု လျှော့ချရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုပေးအပ်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးမှုများ စတင်ရေးနှင့် သက်ဆိုင်သူများ ပိုမိုကျယ်ပြန့်စွာ ပါဝင်နိုင်ရေးတို့တွင် တိုင်းတာ၍ရသော တိုးတက်မှုများ မရှိပါက၊ အဆင့်မြင့် ထိတွေ့ဆက်ဆံမှုများသည် တဖြည်းဖြည်းနှင့် နိုင်ငံရေးအရ ပုံမှန်အခြေအနေ ပြန်ရောက်သွားစေသည့် အန္တရာယ် ရှိနေပါသည်။
ဖိတ်ကြားချက်တခုချင်းစီ၊ ဝန်ကြီးအဆင့် အစည်းအဝေးတစ်ခုချင်းစီနှင့် ဟန်ပြလုပ်ဆောင်မှု တခုချင်းစီသည် အရိပ်အမြွက် သတင်းစကားများ ပေးနေသည်။ အာဆီယံအနေဖြင့် အဓိပ္ပာယ်ရှိသော လျှော့ပေါ့ပေးမှုများကို မရရှိဘဲ နိုင်ငံရေးအရ ပြန်လည်အသိအမှတ်ပြုပေးလိုက်ပါက စစ်အာဏာရှင်များအတွက် ရရှိသွားမည့် သင်ခန်းစာမှာ ရှင်းရှင်းလေးပင်ဖြစ်သည်။
လိုက်နာဆောင်ရွက်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်တခုအထိ တောင့်ခံနိုင်ပါက နောက်ဆုံးတွင် သံတမန်ရေးအရ ပုံမှန်ပြန်ဖြစ်လာမည် ဆိုသည့် အချက်ပင် ဖြစ်သည်။ နေပြည်တော်ရှိ အုပ်ချုပ်ရေးအဖွဲ့နှင့် ၎င်း၏ လွှတ်တော်တို့က 5PC သည် မြန်မာနိုင်ငံ၏ “နိုင်ငံရေး လက်တွေ့ဘဝ” နှင့် မကိုက်ညီဟုဆိုကာ ပယ်ချခဲ့ချိန်တွင် ဤသို့ ဖြစ်ပျက်သွားခြင်းမှာ ပို၍ပင် ရင်လေးစရာ ကောင်းလှပါသည်။
သို့သော် လက်တွေ့ဘဝတွင် စစ်ကောင်စီသည် အာဆီယံကို လိုအပ်နေသည်။ မိတ်ဆွေနည်းပါးလှသော ကမ္ဘာကြီးထဲတွင် အာဆီယံသည် ၎င်း၏ သက်ကယ်ကြိုး ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း မင်းအောင်လှိုင်သည် အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများကို အသုံးချကာ 5PC အကောင်အထည်ဖော်မှုကို နှောင့်နှေးအောင်နှင့် ပျက်စီးအောင် ပြုလုပ်ရာတွင် ထူးခြားသည့် စိတ်ရှည်မှုကို ပြသခဲ့သည်။ မြန်မာတနိုင်ငံလုံးတွင် အာဆီယံသည် စိတ်ဓာတ်ကြံ့ခိုင်မှု ပြိုင်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပြီး စစ်ကောင်စီ၏ အနည်းငယ်သော လှုပ်ရှားမှုအပေါ်၌ပင် စတင်တွန့်ဆုတ်သွားခဲ့သည်ဟု ယူဆချက်များ ပိုမိုအားကောင်းလာနေသည်။ စစ်ဗိုလ်ချုပ်ဟောင်းသည် ထိုအချက်ကို သိရှိပြီး ပိုမိုရဲတင်းလာခဲ့သည်။
အာဆီယံ၏ အားသာချက်မှာ အမြဲတမ်း ညီညွတ်ရေး ဖြစ်ခဲ့သည်။ ယနေ့အချိန်တွင် ၎င်း၏ အကြီးမားဆုံး အားနည်းချက်မှာ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ၏ မတူညီသော ချဉ်းကပ်မှုများ ဖြစ်ပြီး၊ ယင်းကွဲပြားမှုကို စစ်ကောင်စီက အခွင့်ကောင်းယူကာ ရုပ်သေးဆရာတစ်ဦးက ကြိုးဆွဲကနေသကဲ့သို့ အာဆီယံအဖွဲ့ကြီးတစ်ခုလုံးကို နေပြည်တော်မှနေ၍ ကြိုးဆွဲနေခြင်းပင် ဖြစ်ပါသည်။
ပိုမိုကောင်းမွန်သော ရှေ့ဆက်ရမည့် လမ်းကြောင်း
ပြဿနာ၏ အဖြေမှာ သံတမန်ရေးအရ ပြန်လည်သီးခြားခွဲထုတ်လိုက်ရန် မဟုတ်သလို၊ တွေ့ဆုံဆွေးနွေးမှုများကို စွန့်လွှတ်လိုက်ရန်လည်း မဟုတ်ပေ။ အာဆီယံအနေဖြင့် ထိုသို့ပြုလုပ်မည့်အစား လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်များအပေါ်၌ ဆက်လက်တည်ဆောက်သွားသင့်သည်။ ဘုံသဘောတူညီချက် ၅ ချက် (5PC) သည် ဒေသတွင်း၌ စုပေါင်းသဘောတူညီထားသည့် တခုတည်းသော နိုင်ငံရေးမူဝါဒအဖြစ် ရှိနေဆဲဖြစ်သည်။ ယင်းကို ကျဉ်းမြောင်းသော လုံခြုံရေးအခြေပြု ထိတွေ့ဆက်ဆံမှုများနှင့် အစားထိုးမည့်အစား၊ မြန်မာ့နိုင်ငံရေး သက်ဆိုင်သူ အလွှာပေါင်းစုံ ပါဝင်သည့် စစ်မှန်သော အားလုံးပါဝင်နိုင်သော ဆွေးနွေးမှုများမှတစ်ဆင့် ယင်း၏ အကောင်အထည်ဖော်မှုကို အာဆီယံက ပိုမိုခိုင်မာအောင် ပြုလုပ်သင့်ပါသည်။
မလေးရှား၏ SEMs အစည်းအဝေးများကို ဆက်လက်လုပ်ဆောင်ခြင်းသည် အရေးပါသော ပထမခြေလှမ်း ဖြစ်လာလိမ့်မည်။ ထိုအစည်းအဝေးများ၏ တန်ဖိုးမှာ ချက်ချင်းလက်ငင်း သဘောတူညီချက်များ ထွက်ပေါ်လာခြင်း၌ မဟုတ်ဘဲ၊ အဖွဲ့ဝင်နိုင်ငံ တခုချင်းစီ၏ အကျိုးစီးပွားအတွက် အရေးပါသူများ၏ အသံကိုသာမကဘဲ အသံအားလုံးကို နားထောင်ပေးလိုသည့် ဘက်မလိုက်သော ကြားဝင်ညှိနှိုင်းသူ တဦးအဖြစ် အာဆီယံ၏ ယုံကြည်ကိုးစားမှုကို ထိန်းသိမ်းထားနိုင်ခြင်း၌ ရှိသည်။ အာဆီယံ၏ စုပေါင်းတာဝန်ယူမှုသည် မည်သည့် အဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏ ဦးစားပေးမှုများထက်မဆို ပိုမိုကျယ်ပြန့်ရမည် ဖြစ်သည်။ ၎င်း၏ တာဝန်မှာ ၎င်းကိုယ်တိုင် ထပ်လောင်းအတည်ပြုထားသည့် မူဝါဒများနှင့် အနာဂတ်စွန့်စားရခက်နေဆဲဖြစ်သော မြန်မာပြည်သူများအပေါ်၌ ရှိပေသည်။
အာဆီယံအထူးသံတမန်နှင့် တွေ့ဆုံပြီးနောက် SCEF က သတိပေးပြောကြားခဲ့သကဲ့သို့ “နိုင်ငံရေးဆွေးနွေးပွဲဆိုသည်မှာ ပိုမိုကျယ်ပြန့်သော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအကူးအပြောင်း လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် နိုင်ငံရေးအကူးအပြောင်းတစ်ခု၏ အစားထိုးရာ ဘယ်တော့မှ ဖြစ်မလာသင့်ပါ”။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖူအန်ကတ်ကေအို (Sihasak Phuangketkeow) က ဘန်ကောက်၌ ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးအပြီးတွင် “နောက်ဆုံးတော့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံရမှာပါ။ ကျွန်တော်တို့ ဆွေးနွေးပွဲတွေ လုပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ ရပ်တည်ချက်ကို စွန့်လွှတ်လိုက်တာ မဟုတ်ပါဘူး။ 5PC အကြောင်း ထပ်ခါတလဲလဲ ပြောနေတာထက် ပိုလွန်တဲ့ အဆင့်ကို ရောက်အောင် သွားနေတာပါ။ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကို စဉ်းစားနေတာပါ။ ကျွန်တော်တို့ ထိတွေ့ဆက်ဆံနေပေမယ့် 5PC ရဲ့ မူဝါဒတွေကို စွန့်လွှတ်လိုက်တာ မဟုတ်ပါဘူး” ဟု မှတ်ချက်ပြုခဲ့သည်။
ထိုမျှော်မှန်းချက်မှာ နားလည်ပေး၍ ရပါသည်။ သို့သော် အာဆီယံအနေဖြင့် 5PC ကို ဆက်လက်စွဲကိုင်ထားသည်ဟု အခိုင်အမာဆိုနေသော်လည်း၊ မြန်မာစစ်ခေါင်းဆောင်များဘက်ကမူ ထိုကတိကဝတ်အတိုင်း ထပ်တူထားရှိကြောင်း အရိပ်အမြွက်မျှပင် ပြသခြင်းမရှိသေးပေ။
အာဆီယံခေါင်းဆောင်များ ခိုင်းနှိုင်းပြောဆိုလေ့ရှိသကဲ့သို့ မြန်မာနိုင်ငံသည် “အာဆီယံမိသားစု” ၏ အဖွဲ့ဝင်တဦး ဖြစ်သည်ဆိုပါက၊ ထိုမိသားစု၏ တာဝန်မှာ ဖီဆန်လွန်ဆန်မှုကို တရားဝင်မှု အသစ်ပြန်ပေးပြီး ဆုချီးမြှင့်ရန် မဟုတ်ပေ။ အဖွဲ့ဝင်ဖြစ်မှုတွင် အခွင့်အရေးများ နည်းတူ တာဝန်ဝတ္တရားများလည်း ပါဝင်သည်ဟု အလေးအနက် တောင်းဆိုရန် ဖြစ်သည်။
သို့မဟုတ်ပါက “ချိန်ညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု” ဆိုသည်မှာ ချိန်ညှိထားသော လိုက်လျောအလျှော့ပေးမှုတခုထက် မပိုသည့် အန္တရာယ်ရှိနေပါသည်။
ဤရလဒ်သည် အာဆီယံကို အားကောင်းလာစေမည် မဟုတ်ဘဲ အားနည်းသွားစေမည် ဖြစ်သည်။ ပို၍ဆိုးသည်မှာ အာဆီယံတွင် တူညီသော သဘောဆန္ဒဖြင့် ဖန်တီးထားသည့် ကတိကဝတ်များသည် မည်သည့်အဓိပ္ပာယ်၊ တန်ဖိုးနှင့် အလေးချိန်မျှ မရှိကြောင်း ကမ္ဘာကို သတင်းစကားပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
စစ်အာဏာသိမ်းပြီး ငါးနှစ်အကြာတွင် အမှန်တကယ် မေးခွန်းမှာ အာဆီယံအနေဖြင့် မြန်မာစစ်ကောင်စီကို ထိန်းကျောင်းပြီး ကတိကဝတ်များကို လိုက်နာအောင် လုပ်ဆောင်နိုင်သလား ဆိုသည် မဟုတ်တော့ပေ။ မြန်မာစစ်ကောင်စီသည် အာဆီယံကို ကြိုးဆွဲပြီး ၎င်း၏ လိုအင်ဆန္ဒအတိုင်း ပါဝင်လာအောင် အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သလား ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
ဝင်းမင်း သည် မြန်မာနှင့် အာဆီယံအရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်ပြီး၊ မြန်မာ့နွေဦးတော်လှန်ရေးတွင်လည်း ပါဝင်လှုပ်ရှားနေသူတဦး ဖြစ်သည်။

