BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

အိပ်မက်ဆိုတာ ကျပန်းဖြစ်တာမဟုတ်ဘဲ သိပ္ပံနည်းကျ တိုင်းတာတွက်ချက်လို့ရတဲ့ ပုံသေနည်းတွေ ရှိနေတယ်လို့ ဆို

မေ ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

လူသားတွေ ညဘက်မက်တဲ့ အိပ်မက်တွေဟာ ဦးနှောက်ထဲက ထွက်လာတဲ့ ကျပန်းအသံဗလံတွေ မဟုတ်ဘဲ လူတဦးချင်းစီရဲ့ စရိုက်နဲ့ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး သိပ္ပံနည်းကျ တိုင်းတာလို့ရတဲ့ ပုံစံတွေအတိုင်း ဖြစ်ပေါ်လာတာလို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါဟာ အိပ်မက်ဆိုတာ နိုးကြားနေတဲ့အချိန်က ဘဝအတွေ့အကြုံတွေကို စိတ်လှုပ်ရှားစရာ အခန်းအနားသစ်တွေအဖြစ် ပြန်လည်စုစည်းပေးတဲ့ တက်ကြွတဲ့ ဖြစ်စဉ်တခုဖြစ်တယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။

ထောင်ပေါင်းများစွာသော အိပ်မက်မှတ်တမ်းတွေကို လေ့လာကြည့်တဲ့အခါ နေ့စဉ်ဘဝ အတွေ့အကြုံတွေဟာ အိပ်မက်ထဲမှာ ထိန်းချုပ်မှုနည်းတဲ့ ပုံစံမျိုးနဲ့ ပြန်ပေါ်လာတတ်တာကို တွေ့ရပါတယ်။

အီတလီနိုင်ငံ IMT အဆင့်မြင့်လေ့လာရေးကျောင်းက Valentina Elce ရဲ့ လေ့လာချက်အရ အိပ်မက်တွေဟာ နေရာအကျယ်အဝန်း၊ လူမှုဆက်ဆံရေးနဲ့ အမြင်အာရုံ အသေးစိတ်တွေကို ပိုပြီး ချဲ့ကားဖော်ပြတတ်သလို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကတော့ အိပ်မက်ထဲမှာ လျော့နည်းသွားတာကို တွေ့ရပါတယ်။ ဒါဟာ လူတဦးချင်းစီရဲ့ ကွာခြားချက်တွေရှိပေမယ့် အိပ်မက်ဖြစ်ပေါ်ပုံဟာ စနစ်တကျ ရှိနေတယ်ဆိုတာကို ပြသနေတာပါ။

ဒီသုတေသနအတွက် လူကြီး ၂၈၇ ဦးဆီက အိပ်မက်မှတ်တမ်းပေါင်း ၃,၇၀၀ ကျော်ကို ကွန်ပျူတာဆော့ဖ်ဝဲ (Natural Language Processing) အသုံးပြုပြီး ခွဲခြမ်းစိတ်ဖြာခဲ့တာပါ။ ခံစားချက်၊ နေရာ၊ ခန္ဓာကိုယ်နဲ့ ထိန်းချုပ်နိုင်မှု စတဲ့ ကဏ္ဍ ၁၆ ခုကို ခွဲပြီး တွက်ချက်ခဲ့တာဖြစ်ပြီး ကွန်ပျူတာရဲ့ ဆုံးဖြတ်ချက်တွေဟာ လူတွေရဲ့ နားလည်မှုနဲ့ ထပ်တူနီးပါး ကျတာကို တွေ့ရပါတယ်။

အိပ်မက်တွေဟာ နိုးကြားနေချိန်မှာလို အစီအစဉ်ဆွဲတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆင်ခြင်တာမျိုးထက် မြင်ကွင်းတွေ၊ နေရာတွေ၊ တခြားလူတွေနဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေဆီကို ပိုပြီး အာရုံရောက်သွားတတ်ပါတယ်။ နိုးကြားနေချိန်မှာတော့ လူတွေဟာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်နဲ့ အချိန်ကို ပိုပြီး ထိန်းချုပ်နိုင်စွမ်း ရှိကြပါတယ်။ အိပ်မက်ထဲမှာတော့ စိတ်ဟာ ပတ်ဝန်းကျင်ထဲမှာပဲ အာရုံရောက်နေပြီး လှုပ်ရှားမှုတွေနဲ့ တခြားလူတွေက အိပ်မက်မက်သူရဲ့ ဘေးနားမှာ ပေါ်လာတတ်တာပါ။

လူတဦးချင်းစီရဲ့ စရိုက်ကလည်း အိပ်မက်အပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ အိပ်မက်ကို တန်ဖိုးထားတဲ့သူတွေဟာ ပိုပြီး ထူးဆန်းတဲ့ အမြင်အာရုံတွေ၊ ပြင်းထန်တဲ့ ခံစားချက်တွေနဲ့ ပိုပြီး ဆန်းကြယ်တဲ့ အိပ်မက်တွေကို မက်လေ့ရှိပါတယ်။ ဒါ့အပြင် ပစ္စုပ္ပန်မှာ အာရုံစိုက်မှုအားနည်းပြီး စိတ်ကူးယဉ်တတ်သူတွေဟာ ပိုပြီး ထူးဆန်းတဲ့ အိပ်မက်တွေကို မက်တတ်ကြတာကိုလည်း တွေ့ရပါတယ်။

စိတ်ဖိစီးမှုနဲ့ ပတ်သက်ရင်လည်း ကိုဗစ်-၁၉ Lockdown ချထားတဲ့ ကာလအတွင်းမှာ အိပ်မက်တွေဟာ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာသလို၊ ကန့်သတ်ချက်တွေ၊ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ပိုပါလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ၂၀၂၀ ကနေ ၂၀၂၄ ခုနှစ်အတွင်း နေထိုင်မှုပုံစံတွေ ပုံမှန်ပြန်ဖြစ်လာတဲ့အခါမှာတော့ အိပ်မက်ထဲက ပြင်းထန်တဲ့ ခံစားချက်တွေနဲ့ ထူးဆန်းမှုတွေဟာ တဖြည်းဖြည်း လျော့နည်းသွားခဲ့ပါတယ်။

ဒီလေ့လာမှုဟာ အိပ်မက်မှတ်တမ်းတွေအပေါ် အခြေခံထားတာဖြစ်လို့ မှတ်ဉာဏ်နဲ့ ပြန်လည်ပြောပြနိုင်စွမ်းအပေါ်မှာလည်း မူတည်နေပါတယ်။ ဒါပေမဲ့ အခုလို AI နည်းပညာကို အသုံးပြုပြီး အိပ်မက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်လာတာဟာ နောင်တချိန်မှာ လူတွေရဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို စောင့်ကြည့်ဖို့အတွက် အထောက်အကူ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒီသုတေသနကို Communications Psychology ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed