ထိုင်းနိုင်ငံ ဖိစနုလောက်မှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၅ ဦး ဖမ်းဆီးခံရ
မေ ၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ဖိစနုလောက် (Phitsanulok) ခရိုင်အတွင်း ထိုင်းနိုင်ငံအလယ်ပိုင်းသို့ အလုပ်သမားများ ပို့ဆောင်နေသည့် အဓိက လူမှောင်ခိုကွန်ရက်တစ်ခုကို အာဏာပိုင်များက ညတွင်းချင်း အပြင်းအထန် လိုက်လံဖမ်းဆီးခဲ့ရာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၅ ဦးကို ဖမ်းဆီးရမိပြီး မော်တော်ယာဉ် ၁၀ စီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။
သောကြာနေ့ အစောပိုင်းမှာ လူမှောင်ခိုယာဉ်တန်းတွေဟာ အဝေးပြေးလမ်းမကြီး အမှတ် ၁၁ အတိုင်း ဖြတ်သန်းမယ်လို့ သတင်းရရှိတာကြောင့် ရဲတပ်ဖွဲ့က စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ယာဉ်တန်းဟာ စစ်ဆေးရေးဂိတ်ကိုတွေ့တဲ့အခါ လှည့်ပြန်ထွက်ပြေးခဲ့တာကြောင့် အာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရပြီး၊ တချို့မှာ တောထဲနဲ့ လယ်ကွင်းတွေထဲကို ခြေလျင်ထွက်ပြေးခဲ့ကြပါတယ်။
အသက် ၁၈ နှစ်ကနေ ၂၃ နှစ်ကြားရှိတဲ့ မြန်မာနိုင်ငံသား ၁၄၅ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူတို့အားလုံးဟာ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ကနေတစ်ဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေနဲ့ ဝင်ရောက်လာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ယာဉ် ၁၀ စီးစလုံးရဲ့ ယာဉ်မောင်းတွေဟာလည်း မြန်မာနိုင်ငံသားတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ရွှေ့ပြောင်းလုပ်သား တဦးကို သယ်ဆောင်ခအတွက် ဘတ် ၂၀,၀၀၀ ခန့် ရရှိကြောင်း ဝန်ခံထားပါတယ်။
ဒီလုပ်သားတွေကို ဖိစနုလောက်မှာ ခေတ္တနားစေပြီးမှ ပွဲစားတွေဆီက ပေးပို့တဲ့ GPS တည်နေရာတွေအတိုင်း ဘန်ကောက်နဲ့ တခြားအလယ်ပိုင်း ခရိုင်တွေကို ဆက်လက်ပို့ဆောင်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို စားနပ်ရိက္ခာနဲ့ လိုအပ်တာတွေ စီစဉ်ပေးထားပြီး၊ စနေနေ့မှာ တရားရုံးတင်ကာ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူသွားမှာဖြစ်ကြောင်း ဖိစနုလောက် ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားထားပါတယ်။