အမေရိကန်၏ စစ်ပွဲရပ်စဲရေး အဆိုပြုချက်ကို ပါကစ္စတန်မှတစ်ဆင့် အီရန် ပြန်လည်အကြောင်းပြန်
မေလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမေရိကန်က တင်သွင်းထားတဲ့ စစ်ပွဲရပ်စဲရေး အဆိုပြုချက်အပေါ် အီရန်ဘက်က တုံ့ပြန်ချက်ကို ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံကတစ်ဆင့် ပေးပို့လိုက်ပြီလို့ အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က ဖော်ပြခဲ့ပါတယ်။
ဒီအဆိုပြုချက်အရ ဆွေးနွေးပွဲရဲ့ ပထမအဆင့်မှာ တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပြီး အီရန်ရဲ့ တုံ့ပြန်ချက်ထဲမှာတော့ ပင်လယ်ကွေ့ဒေသနဲ့ ဟော်မုဇ် ရေလက်ကြား အတွင်း “ ရေကြောင်းလုံခြုံရေး” စိတ်ချရစေဖို့ကို အလေးပေးဖော်ပြထားတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ အချက် ၁၄ ချက်ပါဝင်တဲ့ အဆိုပြုချက်ကို ဒီသီတင်းပတ်အစောပိုင်းက အီရန်ထံ ပေးပို့ခဲ့တာပါ။ အဲဒီအထဲမှာ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်တာမျိုး မလုပ်ဖို့၊ ယူရေနီယံသန့်စင်မှုကို အနည်းဆုံး ၁၂ နှစ်ကြာ ရပ်ဆိုင်းထားဖို့နဲ့ လက်ရှိသန့်စင်ထားတဲ့ ယူရေနီယံ သိုလှောင်မှုတွေကို လွှဲပြောင်းပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ အဲဒီလို လုပ်ဆောင်ပေးရင်တော့ အမေရိကန်ဘက်က စီးပွားရေးပိတ်ဆို့မှုတွေကို တဖြည်းဖြည်းချင်း ပြန်လည်ရုပ်သိမ်းပေးမှာဖြစ်သလို၊ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ထုတ်ပေးပြီး ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာတွေကိုလည်း ရပ်ဆိုင်းပေးမှာ ဖြစ်ပါတယ်။
ကြားဝင်စေ့စပ်ပေးသူ ပါကစ္စတန်ဘက်ကတော့ အီရန်ရဲ့ အကြောင်းပြန်ချက်ကို အမေရိကန်ထံ လွှဲပြောင်းပေးပြီးပြီလို့ အတည်ပြုထားပါတယ်။ ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့ခံထားရမှုကြောင့် ကမ္ဘာ့စီးပွားရေးနဲ့ ပါကစ္စတန်ရဲ့ စီးပွားရေးဟာ အကြီးအကျယ် ထိခိုက်နေတာကြောင့် ဒီသဘောတူညီချက် မြန်မြန်ဆန်ဆန် အောင်မြင်ဖို့က အရေးကြီးနေတာပါ။
“ လောင်စာဆီဈေးနှုန်းတွေက အဆမတန် မြင့်တက်နေပြီး စီးပွားရေးအရလည်း အခက်တွေ့နေပါတယ်။ ပါကစ္စတန်ဟာ အီရန်နဲ့ရော၊ ထရမ့်အစိုးရနဲ့ပါ ဆက်ဆံရေးကောင်းမွန်တာကြောင့် တစ်စုံတစ်ရာ ထူးခြားမှုရှိလာနိုင်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ အဆုံးအဖြတ်ဖြစ်လာပါလိမ့်မယ်” လို့ အစ္စလာမ်မာဘတ်မြို့အခြေစိုက် အယ်လ်ဂျာဇီးယား သတင်းထောက်က သုံးသပ်ပြောကြားသွားခဲ့ပါတယ်။