မေ ၂၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သန်းကျော်နဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား အနည်းဆုံး ငါးသိန်းခန့် ရှိနေပေမယ့်လည်း သူတို့ဟာ ထိုင်းလူ့အဖွဲ့အစည်းကြားမှာ သတိမထားမိဘဲ ပျောက်ကွယ်နေကြရဆဲ ဖြစ်ပါတယ်။ ဒါဟာ ရုပ်ရည်ချင်း ဆင်တူနေတာကြောင့်လည်း ပါသလို၊ ထိုင်းစီးပွားရေးရဲ့ ပင်မမောင်းနှင်အားဖြစ်တဲ့ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပင်ပန်းဆင်းရဲပြီး လုပ်ခလစာနည်းပါးတဲ့ အလုပ်တွေကို လုပ်ကိုင်ပေးနေကြတဲ့ သူတို့ရဲ့ အရေးပါမှုကို လူထုကြားမှာ တရားဝင် အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့ကြတာကြောင့်လည်း ဖြစ်ပါတယ်။
အခုအခါမှာတော့ အဆိုပါ လစ်ဟာမှုကို ပြုပြင်ပြောင်းလဲဖို့အတွက် သေးငယ်ပေမယ့် အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတခုအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပံ့ပိုးကူညီမှုကို ဂုဏ်ပြုထားတဲ့ အမြင့် ၁၀ မီတာ၊ အနံ ၁၂ မီတာရှိတဲ့ ဧရာမ နံရံဆေးရေးပန်းချီကားကြီး တခုကို ဘန်ကောက်မြို့ရဲ့ အထက်တန်းကျဆုံး ရပ်ကွက်တခုဖြစ်တဲ့ ထောင်လော် (Thonglor) ဆွိုင် ၉ နဲ့ ၁၁ ကြားက လမ်းကြားတခုမှာ လာမယ့် စနေနေ့မှာ ဖွင့်လှစ်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီပန်းချီကားကြီးကို ပါရီမြို့အခြေစိုက် မြန်မာအနုပညာရှင် ပန်းချီဆရာမ ခြူးဝေ က ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပြီး၊ သူဟာ ဥရောပမြို့ကြီးတွေဖြစ်တဲ့ ဇူးရစ်၊ တူးလူး၊ မာဆေးလ်နဲ့ အိန္ဒိယနိုင်ငံတို့မှာ နံရံဆေးရေးပန်းချီတွေ ရေးဆွဲခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ ဒီပရောဂျက်မှာ ဘန်ကောက်အခြေစိုက် မြန်မာအနုပညာရှင် နှစ်ဦးဖြစ်တဲ့ စိုင်းချစ်မင်း နဲ့ ခန့်ဝင်း (YG) တို့ကလည်း အတူတကွ ပူးပေါင်းပါဝင် ခဲ့ကြပါတယ်။
ဒီအစီအစဉ်ကို အရှေ့တောင်အာရှအရေး ပိုမိုနားလည်သဘောပေါက်စေဖို့ လုပ်ဆောင်နေတဲ့ ဘန်ကောက်အခြေစိုက် SEA Junction အဖွဲ့က ဦးဆောင်ပြီး၊ ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေပံ့ပိုးထားတဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း (ILO) ရဲ့ Ship to Shore Rights အစီအစဉ်၊ Norwegian People’s Aid (NPA) နဲ့ အခြားမိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ပန်းချီဆွဲဖို့ နေရာကိုတော့ အနုပညာရှင် ချူးဝေ ကိုယ်တိုင် ရှာဖွေခဲ့ရတာဖြစ်ပြီး၊ နောက်ဆုံးမှာတော့ အဆိုပါ ပန်းချီကားကို လာမယ့် နှစ်နှစ်တာ ကာလပတ်လုံး ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် သဘောကောင်းလှတဲ့ ‘ခွန်ဂျီယပ်’ ပိုင်ဆိုင်တဲ့ Thonglor House ဂီတဘားနဲ့ စားသောက်ဆိုင်ရဲ့ နံရံကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက နေရာအတော်များများမှာ ပိုင်ရှင်တွေက နံရံအသုံးပြုခ ဘယ်လောက်ပေးမလဲလို့ တောင်းဆိုခဲ့ကြတာကြောင့် “ဒါက အခပေးပန်းချီမဟုတ်ပါဘူး၊ ပြည်သူ့အနုပညာ (Public Art) ပါ” လို့ ပြန်ရှင်းပြရင်း စိတ်ပျက်ပြီး လက်လျှော့လုနီးပါး ဖြစ်ခဲ့ရတယ်လို့ အင်္ဂါနေ့ညနေပိုင်း ပန်းချီကား ၉၉ ရာခိုင်နှုန်း ပြီးစီးချိန်မှာ ပန်းချီဆရာမ ခြူးဝေ က ခေါင်ဆဒ်အင်္ဂလိပ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ဂျပန်စတဲ့ နိုင်ငံတွေမှာ ပျံ့နှံ့နေထိုင်ကြပေမယ့် ဘန်ကောက်ဟာ သူတို့အတွက် အနှစ်သက်ဆုံးနေရာ ဖြစ်တယ်လို့ အနုပညာရှင်က ဆိုပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါ စုစုပေါင်း သုံးသန်းနီးပါးရှိမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရှင်သန်နေထိုင်ကြတာ ဖြစ်ပါတယ်။
“မြန်မာရွှေ့ပြောင်းလုပ်သားတွေအကြောင်း ပြောမယ်ဆိုရင် ထိုင်းနိုင်ငံကိုပဲ ကျွန်မ ရွေးရပါလိမ့်မယ်။ ကျွန်မက ထိုင်းလူမျိုးတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပိုပြီး နီးစပ်သွားစေချင်တယ်။ လူအများကြီးက ဒီနံရံကြီးဘေးကနေ ဖြတ်လျှောက်သွားရင်းနဲ့ ဒီပန်းချီကားကို မြင်တွေ့ကြရမှာပါ” လို့ ခြူးဝေက ဆိုပါတယ်။
အဆိုပါ ပန်းချီကားကြီးထဲမှာ ရွှေ့ပြောင်းလုပ်သား ၁၃ ဦး (မြန်မာ ၁၂ ဦးနှင့် ကမ္ဘောဒီးယား တဦး)၊ ကလေးငယ် နှစ်ဦးနဲ့ ခွေးတကောင်တို့ ပါဝင်ပါတယ်။ ဇာတ်ကောင်အားလုံးဟာ အနုပညာရှင်တွေ ကိုယ်တိုင် တွေ့ဆုံမေးမြန်းခဲ့တဲ့ လက်တွေ့ဘဝက ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပုံရိပ်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။
“သူတို့တွေမှာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ သူတို့က လူတွေကို သူတို့နေရာမှာ ဝင်ခံစားကြည့်စေချင်ကြတာပါ။ သူတို့တွေဟာ (ထိုင်းနိုင်ငံကို) မကောင်းတာလုပ်ဖို့ လာကြတာ မဟုတ်ပါဘူး။ သူတို့ကို အညစ်အကြေးလိုမျိုး အထင်မသေးစေချင်ကြဘူး” လို့ ခြူးဝေက ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ပန်းချီကားကြီးကို စိတ်ပျက်စရာ ဒါမှမဟုတ် ဝမ်းနည်းစရာ ပုံစံမျိုး မဖြစ်စေဘဲ အပြုသဘောဆောင်တဲ့ အားအင်တွေ စီးဆင်းနေစေဖို့ ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘန်ကောက်ရဲ့ အထက်တန်းကျတဲ့ နေရာအလယ်ခေါင်မှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဂုဏ်သိက္ခာနဲ့ မျှော်လင့်ချက်တွေကို အမွှမ်းတင်တဲ့ ပန်းချီကားကို ရေးဆွဲခွင့်ရတာဟာ “တကယ့်ကို လန်းဆန်းတဲ့ ကိစ္စပဲ” လို့ ဂုဏ်ယူစွာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီပရောဂျက်ရဲ့ အဓိက အနုပညာရှင်တဦးဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် စိုင်းချစ်မင်း ဟာ လွန်ခဲ့တဲ့ သုံးနှစ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်ပါတယ်။ ရန်ကုန်က အပြည်ပြည်ဆိုင်ရာ ကျောင်းတခုမှာ ပန်းချီဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ သူဟာ အခုအခါ ဘန်ကောက်မှာ ရေဆေးပန်းချီကားတွေ ရောင်းချပြီး၊ နိုင်ငံခြားသားတွေကို ပန်းချီသင်ကြားပေးရင်း ရုန်းကန်နေရသူ ဖြစ်ပါတယ်။
ဒီပရောဂျက်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ပန်းချီကားရဲ့ အမြင့်ဖြစ်ပြီး မြေပြင်ကနေ ၁၀ မီတာအမြင့်မှာ ပန်းချီဆွဲရတာဟာ စိုးရိမ်စရာကောင်းလှတယ်လို့ စိုင်းချစ်မင်းက ဆိုပါတယ်။ “အပေါ်ကို မြင့်လေလေ၊ ပိုပြီး တုန်ခါလေလေပဲ” လို့ သူက ပြောပါတယ်။
သူက ဆက်လက်ပြီး မြန်မာနိုင်ငံက လူအများအပြားဟာ ထိုင်းနိုင်ငံမှာ အိမ်သစ်တခု တည်ဆောက်ဖို့ အစွမ်းကုန် ကြိုးစားနေကြပြီး၊ အလုပ်အကိုင် ပတ်ဝန်းကျင် ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ “ဒါက မြန်မာနိုင်ငံထက်တော့ ပိုကောင်းသေးတယ်” လို့ ဆိုပါတယ်။
မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ “ကျွန်တော် အများကြီး မျှော်လင့်မထားပါဘူး၊ ဒါပေမယ့် တခြားသူတွေ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ကိုင်ပေးနေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝကို လူတွေ မြင်တွေ့သွားဖို့ မျှော်လင့်ပါတယ်။ လူထု သတိပြုမိလာအောင် ဒီလို ပရောဂျက်မျိုးတွေ ပိုလုပ်နိုင်ရင် ကောင်းမှာပဲ။ ဒီပရောဂျက်မှာ ပါဝင်ခွင့်ရပြီး အံ့ဩစရာကောင်းတဲ့ လူတွေနဲ့ ဆုံတွေ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်” လို့ Thonglor House ဆိုင်အတွင်း အင်တာဗျူးမှာ သူက ပြောကြားခဲ့ပါတယ်။
၁၀ ရက်ကျော်ကြာ အချိန်ယူခဲ့ရတဲ့ ဒီပရောဂျက်အတွင်းမှာ အဓိက အနုပညာရှင် သုံးဦးအပြင် စေတနာ့ဝန်ထမ်း ၄၀ ခန့်ကလည်း အလှည့်ကျ ကူညီရေးဆွဲပေးခဲ့ကြပါတယ်။ လမ်းသွားလမ်းလာအချို့ကလည်း ရပ်တန့်ပြီး ပန်းချီကားရဲ့ အဓိပ္ပာယ်ကို မေးမြန်းခဲ့ကြရာမှာ စိုင်းချစ်မင်းက ပရောဂျက်ရဲ့ အမည်ဖြစ်တဲ့ “Together We Build” (အတူတကွ တည်ဆောက်ကြစို့) လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့ ည ၈ နာရီခန့်မှာ မိုးစဲသွားခဲ့ပြီး၊ SEA Junction အဖွဲ့ရဲ့ တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာဖြစ်တဲ့ အီတလီလူမျိုး ရိုဆာလီယာ စကောတီနို က ပန်းချီကားအကြောင်း ရှင်းပြခဲ့ပါတယ်။ ပန်းချီကားထဲက ပုစွန်တကောင်ကို ကိုင်ထားတဲ့ ခရမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ ဘန်ကောက်တောင်ဘက် စမုစခွန် (မဟာချိုင်) ပြည်နယ်မှာ ပုစွန်အခွံနွှာတဲ့ အလုပ်လုပ်ကိုင်သူ ဖြစ်ပါတယ်။
စကောတီနိုရဲ့ အဆိုအရ အဆိုပါ အမျိုးသမီးရဲ့ စက်ရုံက အလုပ်သမားအင်အား လျှော့ချလိုက်တာကြောင့် ယခင်က လူနှစ်ဦး လုပ်ရတဲ့ အလုပ်ပမာဏကို အခုအခါမှာတော့ သူတဦးတည်းကပဲ ဒိုင်ခံလုပ်ကိုင်နေရပြီး အလုပ်အကိုင် ပိုမိုကြမ်းတမ်း ခက်ခဲလာတယ်လို့ ဆိုပါတယ်။















