BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

မြန်မာကလေးငယ်တွေကို နေ့ညမပြတ် ခိုင်းစေပြီး နှိပ်စက်နေတဲ့ မြန်မာလူကုန်ကူးဂိုဏ်းသား ၃ ဦးကို ထိုင်းရဲ ဖမ်းဆီး

မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာတိုင်းရင်းသား ကလေးငယ်တွေကို အတင်းအဓမ္မ ပန်းနဲ့ သကြားလုံး လှည့်လည်ရောင်းခိုင်းပြီး၊ ရောင်းအားမပြည့်ရင် ညှဉ်းပန်းနှိပ်စက်လေ့ရှိတဲ့ မြန်မာလူကုန်ကူးကွန်ယက်တခုကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းမီဒီယာတွေက ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့မှာ ဖော်ပြလာကြပါတယ်။ ထိုင်းနိုင်ငံ Channel 7၊ Bangkok Post နဲ့ ကလေးသူငယ်နှင့် အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးဌာန (CWPD) တို့ရဲ့ ထုတ်ပြန်ချက်တွေအရ အဆိုပါ စီးနင်းဖမ်းဆီးမှုကို ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က ဘန်ကောက်မြို့၊ ဆွန်လွမ် (Suan Luang) မြို့နယ်အတွင်းမှာ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။…

မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာတိုင်းရင်းသား ကလေးငယ်တွေကို အတင်းအဓမ္မ ပန်းနဲ့ သကြားလုံး လှည့်လည်ရောင်းခိုင်းပြီး၊ ရောင်းအားမပြည့်ရင် ညှဉ်းပန်းနှိပ်စက်လေ့ရှိတဲ့ မြန်မာလူကုန်ကူးကွန်ယက်တခုကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းမီဒီယာတွေက ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့မှာ ဖော်ပြလာကြပါတယ်။

ထိုင်းနိုင်ငံ Channel 7၊ Bangkok Post နဲ့ ကလေးသူငယ်နှင့် အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးဌာန (CWPD) တို့ရဲ့ ထုတ်ပြန်ချက်တွေအရ အဆိုပါ စီးနင်းဖမ်းဆီးမှုကို ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က ဘန်ကောက်မြို့၊ ဆွန်လွမ် (Suan Luang) မြို့နယ်အတွင်းမှာ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုဟာ အသက် ၆ နှစ်အရွယ်သာရှိသေးတဲ့ မြန်မာကလေးငယ်တဦး ဘန်ကောက်မြို့က စားသောက်ဆိုင်တွေနဲ့ ညပိုင်းဖျော်ဖြေရေးနေရာတွေမှာ ပန်းနဲ့ သကြားလုံးတွေ လှည့်လည်ရောင်းချနေတာကို ရဲတပ်ဖွဲ့က စတင်သတိပြုမိရာကနေ ကွင်းဆက်လိုက်ပြီး ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ အဆိုပါ ကလေးငယ်ဟာ နေ့လယ် ၃ နာရီကနေ နောက်တနေ့ မနက် ၃ နာရီအထိ စုစုပေါင်း ၁၂ နာရီကြာအောင် နားရက်မရှိ လမ်းပေါ်မှာ အလုပ်လုပ်ခိုင်းစေခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ကိုင်ရရာမှာ သတ်မှတ်ထားတဲ့ ရောင်းအား မပြည့်မီတဲ့အခါမျိုးမှာ ဂိုဏ်းသားတွေက ရိုက်နှက်တာ၊ အစာငတ်ထားတာတွေ ရက်ရက်စက်စက် ပြုလုပ်ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့က ကယ်ဆယ်ချိန်မှာ ကလေးငယ်မှာ လက်မောင်းကျိုးဒဏ်ရာကိုပါ စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့က သံသယရှိသူတွေ ငှားရမ်းနေထိုင်တဲ့ ဆွန်လွမ်မြို့နယ်က အိမ်ခန်းကို ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာမှာ နေ့စဉ် ၁၂ နာရီကြာ အဓမ္မခိုင်းစေခံနေရပြီး ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအသီးသီးရနေတဲ့ နောက်ထပ် မြန်မာတိုင်းရင်းသား ကလေးငယ် ၅ ဦးကိုပါ ထပ်မံတွေ့ရှိ ကယ်တင်နိုင်ခဲ့တာကြောင့် လက်ရှိမှာ စုစုပေါင်း ကလေး ၆ ဦးအထိ ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေကတော့ မစိုးစိုး၊ မနှင်းဝင်းနဲ့ ဦးစိုး လို့အမည်ရတဲ့ မြန်မာနိုင်ငံသား ၃ ဦး (အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး) ဖြစ်ပါတယ်။ သူတို့ကတော့ ကလေးတွေကို မရိုက်နှက်ခဲ့ကြောင်း ငြင်းဆိုထားပြီး၊ ဒီကလေးတွေဟာ သူတို့ရဲ့ ဆွေမျိုးတွေဖြစ်ကာ အလုပ်လုပ်ဖို့ ခေါ်လာတာသာဖြစ်တယ်လို့ ဆင်ခြေပေး ထွက်ဆိုထားကြပါတယ်။

သို့သော်လည်း ထိုင်းရဲတပ်ဖွဲ့ကတော့ ဖမ်းဆီးရမိသူ ၃ ဦးစလုံးကို လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ တောင်းရမ်းစားသောက်မှု ထိန်းချုပ်ရေးဥပဒေတို့နဲ့ ထိရောက်စွာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရရှိထားတဲ့ ကလေးငယ် ၆ ဦးလုံးကိုတော့ လက်ရှိမှာ ထိုင်းအစိုးရရဲ့ လူမှုဝန်ထမ်းနှင့် လူသားလုံခြုံရေးဌာနတွေထံ လွှဲပြောင်းပြီး စနစ်တကျ စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် တိုင်းရင်းသားဒေသတွေက ကလေးငယ်တွေဟာ စာရွက်စာတမ်းမဲ့ ရွှေ့ပြောင်းနေထိုင်ရမှု၊ ဆင်းရဲမွဲတေမှုနဲ့ ပညာရေးလက်လှမ်းမမီမှုတွေကြောင့် အခုလို လူကုန်ကူးကွန်ယက်တွေရဲ့ သားကောင် (ပစ်မှတ်) ဖြစ်လာနေရတယ်လို့ ကလေးအခွင့်အရေးအဖွဲ့တွေက ထောက်ပြသတိပေးထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ခေါင်းဆန်လမ်း (Khao San Road) နဲ့ အခြား ကမ္ဘာလှည့်ခရီးသွား ဧရိယာတွေမှာ မြန်မာကလေးငယ်တွေကို အသုံးချပြီး ပန်းရောင်းခိုင်း၊ တောင်းရမ်းခိုင်းတဲ့ ဂိုဏ်းတွေကို ယခင်ကလည်း အကြိမ်ကြိမ် ဖမ်းဆီးခဲ့ဖူးပေမယ့် အမြစ်ပြတ်နှိမ်နင်းနိုင်ခြင်း မရှိသေးပါဘူး။

အခုလို လူကုန်ကူးခံရပြီး နှိပ်စက်ခံထားရတဲ့ မိမိတို့နိုင်ငံသား မြန်မာတိုင်းရင်းသား ကလေးငယ်တွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဘန်ကောက်က မြန်မာသံရုံးဘက်ကတော့ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ကူညီပေးတာမျိုး တစုံတရာ လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ချက် တစုံတခုမျှ ယနေ့အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed