ဇွန် ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဆီယံအလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရိုဟာ မြန်မာ့အရေး ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ဖို့နဲ့ မြေပြင်အခြေအနေများကို လေ့လာသိရှိနိုင်ဖို့ အတွက် လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ အစီစဉ်ရှိတယ်လို့ ရိုက်တာသတင်းကဖေါ်ပြပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နစ်ကေး က ကြီးမှူးကျင်းပသည့် ဖိုရမ်တခုမှာ ဝန်ကြီး လာဇာရို က “ အခြေအနေမှန်တွေကို သိရှိနိုင်ဖို့နဲ့ ကျွန်မတို့ဘက်က ဘယ်လိုမျိုး အမှန်တကယ် ကူညီပေးနိုင်မလဲဆိုတာ ရှာဖွေဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံ (ASEAN) အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူထားရတာဖြစ်ပြီး၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က နိုင်ငံခြားရေးဝန်ကြီး လာဇာရို ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ထားပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးအနေနဲ့ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်နေရာမှာ တွေ့ဆုံမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ “ အခြေအနေ ဘယ်လိုရှိမလဲဆိုတာ ဆက်ကြည့်ရဦးမှာပါ” လို့သာ ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ပြည်တွင်းစစ်မီး ကြီးထွားလာခဲ့ကာ ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိအချိန်ထိ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သော်လည်း၊ ပြီးခဲ့တဲ့ ဧပြီလမှာ အရပ်သားအစိုးရဟု အမည်တပ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဒေသတွင်း အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။















