ဇွန် ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်စေမည့် အီရန်နှင့် သဘောတူညီချက်တခုကို တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိပြီး၊ လက်မှတ်ရေးထိုးပြီးတာနဲ့တပြိုင်နက် မဟာဗျူဟာမြောက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်လည်ဖွင့်လှစ်ပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
အီရန်ဘက်ကမူ သဘောတူညီချက်အတွက် အချိန်ဇယားကို ကွဲလွဲစွာ ပြောဆိုထားသော်လည်း သဘောတူညီချက်တခု ရရှိတော့မည့် အရိပ်အယောင်များကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်ဖက်အဖွဲ့အစည်းများနှင့် ကြားဝင်စေ့စပ်ပေးသူများကလည်း သီတင်းပတ်ပေါင်းများစွာ ကြန့်ကြာနေခဲ့တဲ့ ဆွေးနွေးပွဲများမှာ အဆုံးသတ်ကို ရောက်ရှိတော့မည်လို့ အကောင်းမြင်လျက်ရှိပါတယ်။
အဓိက ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ်ရှရစ်ဖ်ကလည်း “ သဘောတူညီချက်ရဖို့ အရင်ကထက် ပိုနီးစပ်နေပြီ” ဟု သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ စနေနေ့က ရေးသားခဲ့ပြီး၊ နောက်ထပ် ၂၄ နာရီအတွင်း အပြီးသတ်နိုင်မည်လို့ မျှော်လင့်ရကြောင်း ဆိုပါတယ်။ ဒီသဘောတူညီချက်ကို အီလက်ထရွန်နစ်နည်းစနစ်နဲ့ လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး နောက်အပတ်တွင် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်လို့ သိရပါတယ်။
ကမ္ဘာ့ဈေးကွက်ကို လှုပ်ခတ်စေခဲ့ပြီး စစ်ပွဲစတင်ကတည်းက အီရန်က ပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားမှာ လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားနေသော်လည်း “ သဘောတူညီချက်ကို မနက်ဖြန်မှာ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပြီး၊ လက်မှတ်ထိုးပြီးတာနဲ့ ဟော်မုဇ်ရေလက်ကြားဟာ လူတိုင်းအတွက် ပွင့်သွားမှာဖြစ်တယ်” လို့ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့ပါတယ်။
သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးလ်က လက်မှတ်ရေးထိုးမည့်ရက်ကို အတည်မပြုရသေးကြောင်းနှင့် တနင်္ဂနွေနေ့မှာ ဖြစ်လာမှာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ သို့သော်လည်း လာမည့်ရက်ပိုင်းအတွင်း ဖြစ်လာနိုင်ခြေရှိသည်ကိုမူ သူက လက်ခံထားပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်ဖက်စလုံးက စစ်ပွဲတွင် သူတို့ဘက်က အသာစီးရခဲ့ကြောင်း ပြသလိုတဲ့အတွက် သဘောတူညီချက် အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ကွဲလွဲနေတဲ့ သတင်းအချက်အလက်များကို ထုတ်ပြန်နေကြတာလည်း ဖြစ်ပါတယ်။
ပင်လယ်ကွေ့ဒေသမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားမည်လို့ တီဟီရန်ဘက်က အခိုင်အမာ ပြောကြားနေပါတယ်။ အီရန်ဟာ ဒီရေလမ်းကြောင်းကို ဖြတ်သန်းတဲ့ သင်္ဘောများအနေနဲ့ သူတို့ရဲ့ တပ်ဖွဲ့များထံမှ ခွင့်ပြုချက်ရယူရန်နှင့် အခွန်အခများ ပေးဆောင်ရန် သတ်မှတ်ထားသော်လည်း၊ အမေရိကန်ကမူ အီရန်၏ ဆိပ်ကမ်းများကို ပြန်လည်ပိတ်ဆို့ထားခြင်းဖြင့် တုံ့ပြန်ထားပါတယ်။ စနေနေ့ အစောပိုင်းတွင်လည်း အီရန်ဘက်က ကုန်သွယ်ရေးသင်္ဘောများကို ဒရုန်းများဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အမေရိကန်တပ်ဖွဲ့များက အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲများတွင် အဓိက အကျပ်ရိုက်နေသည့် နောက်ထပ်အချက်တခုမှာ အီရန်၏ နျူကလီးယား အစီအစဉ်ဖြစ်ပါတယ်။ အီရန်က သူတို့ရဲ့ နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက်သာ ဖြစ်သည်လို့ ဆိုသော်လည်း အမေရိကန်၊ အစ္စရေးနှင့် အနောက်အုပ်စုကမူ နျူကလီးယားဗုံး ထုတ်လုပ်ရန် ကြိုးပမ်းနေတယ်လို့ သံသယရှိနေကြပါတယ်။ သမ္မတထရမ့်က အီရန်တွင်ရှိနေတဲ့ ယူရေနီယံများကို ဖယ်ရှားဖျက်ဆီးပစ်မည်ဟု ပြောကြားထားသော်လည်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီကမူ ယူရေနီယံများကို အီရန်နိုင်ငံအတွင်း၌သာ အရည်ဖျော်ပစ်ရန် သဘောတူညီချက်တွင် ပါဝင်ကြောင်း ပြောဆိုထားပါတယ်။
ယခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နှင့်အတူ ပူးပေါင်းကာ စစ်ပွဲစတင်ခဲ့သည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ မည်သည့်သဘောတူညီချက်တွင်မဆို နျူကလီးယားပစ္စည်းများကို ဖယ်ရှားရေး ပါဝင်ရမည်လို့ ထရမ့်က သူ့ကို ကတိပေးထားကြောင်း ပြောကြားထားပါတယ်။ လက်ရှိတွင် တီဟီရန်မြို့ လမ်းမများပေါ်တွင်မူ ယခုသဘောတူညီချက်အပေါ် ယုံကြည်မှု အားနည်းနေကြပြီး၊ မတ်ရှ်ဟတ် (Mashhad) မြို့တွင်လည်း အစိုးရ၏ သဘောတူညီချက်အပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲများ ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။















