ဇွန် ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (D) ရဲ့ ပွဲဦးထွက်ပွဲစဉ်အဖြစ် ယနေ့ကစားခဲ့တဲ့ပွဲမှာ ဩစတြေးလျအသင်းဟာ တူရကီအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ဩစတြေးလျနည်းပြ တိုနီ ပိုပိုဗစ်ရဲ့ သတ္တိရှိရှိ လူရွေးချယ်ခဲ့တဲ့ စွန့်စားမှုဟာ အရာထင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဗန်ကူးဗားမြို့က BC Place အားကစားကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဩစတြေးလျအသင်းအတွက် အနိုင်ဂိုးတွေကို နေစတိုရီ အီရန်ကွန်ဒါ နဲ့ ကွန်နာ မက်ကော့ဖ် တို့က သွင်းယူပေးခဲ့ပြီး၊ လက်ရွေးစင်သက်တမ်းနုနယ်သေးတဲ့ ဂိုးသမား ပက်ထရစ် ဘိခ်ျ ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဩစတြေးလျအသင်းအတွက် သမိုင်းဝင်နိုင်ပွဲတပွဲကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဩစတြေးလျနည်းပြ ပိုပိုဗစ်ဟာ ပွဲထွက်လူစာရင်းမှာ အတွေ့အကြုံရင့် ဝါရင့်ဂိုးသမားနဲ့ အသင်းခေါင်းဆောင် မတ်ရိုင် ကို ချန်လှပ်ခဲ့ပြီး၊ နိုင်ငံတကာပွဲ ၃ ပွဲသာ ကစားဖူးသေးတဲ့ လူငယ်ဂိုးသမား ဘိခ်ျ ကို ပွဲထုတ်ခဲ့တာကြောင့် လူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါတင်မကဘဲ အသင်းဒုခေါင်းဆောင် ဂျက်ဆင် အာဗိုင်း နေရာမှာလည်း အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူ ပေါလ် အိုကွန်-အင်းစတလာ ကို အစားထိုးခဲ့ပြီး၊ ပွဲထွက်လူစာရင်း ၁၁ ဦးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက်ကစားဖူးသူ ၁၀ ဦးအထိ ပါဝင်ခဲ့ပါတယ်။
ဒီလို စွန့်စားပြီး လူရွေးချယ်ခဲ့မှုဟာ အကွက်မြင်ခဲ့တာဖြစ်ပြီး၊ ပွဲအတွင်း ဘောလုံးပိုင်ဆိုင်မှုနဲ့ နယ်မြေအသာစီးရအောင် ဖိအားပေးကစားခဲ့တဲ့ တူရကီအသင်းရဲ့ အပိုင်ကန်ချက်တွေကို ဂိုးသမား ဘိခ်ျ က လက်စွမ်းပြ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ တဖက်မှာလည်း လူငယ်ကွင်းလယ်လူ အိုကွန်-အင်းစတလာ က ပထမပိုင်းမှာ တူရကီခံစစ်ကြောင်းကို အကွဲခွဲလိုက်တဲ့ အဝေးဘော ပေးပို့မှုကနေတဆင့် အီရန်ကွန်ဒါ အတွက် ပထမဦးဆောင်ဂိုး ရရှိအောင် ဖန်တီးပေးခဲ့ပါတယ်။
တူရကီအသင်းဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည်တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပြီး၊ အခုနှစ်မြောက်အမေရိက ကမ္ဘာ့ဖလားမှာ ရှုံးထွက်အဆင့်တွေအထိ တက်လှမ်းနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥရောပချန်ပီယံလိဂ်မှာ ပုံမှန်ကစားနေတဲ့ ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ တူရကီအသင်းဟာ စနစ်တကျ ပြင်ဆင်လာတဲ့ ဩစတြေးလျအသင်းရဲ့ ခံစစ်ကစားကွက်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
ပွဲချိန် ၂၇ မိနစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်ကြယ်ပွင့် အာဒါ ဂူလာ ရဲ့ ပြင်းထန်တဲ့ ကန်ချက်ကို ဩစတြေးလျဂိုးသမား ဘိခ်ျ က ကာကွယ်နိုင်ခဲ့ပြီး၊ အဲ့ဒီနောက် စက္ကန့်ပိုင်းအကြာမှာပဲ ဩစတြေးလျအသင်းက ဦးဆောင်ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား ဘိခ်ျ ဆီကနေတဆင့် ပေးပို့လိုက်တဲ့ ဘောလုံးကို အိုကွန်-အင်းစတလာ က ကွင်းလယ်ကနေ အီရန်ကွန်ဒါ ဆီသို့ အဝေးဘော လှမ်းပေးခဲ့တာဖြစ်ပြီး၊ အီရန်ကွန်ဒါ က တူရကီခံစစ်ကစားသမားတွေကို ဖြတ်ကျော်ကာ ဂိုးသမားရဲ့ အောက်ကနေ အောက်ခြေကန်ချက်နဲ့ သွင်းယူခဲ့ပါတယ်။ ဂိုးသွင်းပြီးနောက်မှာတော့ အီရန်ကွန်ဒါ က ကွင်းထောင့်အလံတိုင်နားသို့ ပြေးသွားပြီး သက်ကြီးဝါရင့် အသင်းခေါင်းဆောင်ဟောင်း တင်မ် ကာဟေးလ် ရဲ့ အမှတ်သညာဖြစ်တဲ့ လက်ဝှေ့ထိုးတဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။
ဂိုးပေးလိုက်ရပြီး ၃ မိနစ်အကြာမှာ တူရကီအသင်းက ဘာဒက်ချီ ရဲ့ ဂိုးဧရိယာအပြင်ဘက်က ပြင်းထန်တဲ့ ကန်ချက်နဲ့ ချေပဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးသမား ဘိခ်ျ က လက်ဖျားနဲ့ နှာဖျား ပုတ်ထုတ်နိုင်ခဲ့တာကြောင့် တိုင်ထိပြီး ထွက်သွားခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်မှာလည်း အာဒါ ဂူလာ ရဲ့ အလွတ်တည်ကန်ဘောကို ဘိခ်ျ က ထောင့်ကန်ဘောဖြစ်အောင် ထပ်မံပုတ်ထုတ်ပေးခဲ့ပါတယ်။
ဂိုးသမား ဘိခ်ျ က တပွဲလုံး လက်စွမ်းပြ ကာကွယ်နေချိန်မှာပဲ ပွဲချိန် ၇၅ မိနစ်အရောက်မှာ ဩစတြေးလျအသင်းအတွက် ဒုတိယအနိုင်ဂိုး ရရှိခဲ့ပါတယ်။ ကွင်းလယ်လူ မက်ကော့ဖ် က ကွင်းလယ်ကနေ ဘောလုံးဆွဲပြေးပြီး ကိုက် ၂၅ အကွာကနေ ပြင်းထန်စွာ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဩစတြေးလျအသင်းဟာ အုပ်စု (D) မှာ သုံးမှတ်စီနဲ့ ဦးဆောင်နေတဲ့ အမေရိကန်အသင်းနဲ့ အမှတ်တူဖြစ်သွားခဲ့ပြီး၊ လာမည့်သောကြာနေ့မှာတော့ အမေရိကန်အသင်းနဲ့ ဆက်လက်ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။















