ဇွန် ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ရုရှားနိုင်ငံအပေါ် ယူကရိန်းကျူးကျော်စစ်ကို ရပ်တန့်ဖို့ အနောက်အုပ်စုက ဖိအားတွေ ဆက်တိုက်ပေးနေတဲ့ကြားကပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အာဆီယံခေါင်းဆောင်တွေ ပါဝင်မယ့် ထိပ်သီးအစည်းအဝေးတခုကို ရုရှားအလယ်ပိုင်း ကာဇန် မြို့မှာ ဒီနေ့ဗုဒ္ဓဟူးနေ့ကစတင်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပနေကြောင်း သိရပါတယ်။
ရုရှားအစိုးရဟာ ယူကရိန်းကို ၄ နှစ်ကျော်ကြာ အလုံးစုံကျူးကျော်စစ် ဆင်နွှဲနေစဉ်အတွင်း အာရှနိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့ အစဉ်တစိုက် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ မော်စကိုမြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၇၀၀ ခန့်အကွာမှာရှိတဲ့ တာတာစတန်ပြည်နယ်ရဲ့ မြို့တော် ကာဇန်မှာ ပြုလုပ်တဲ့ ဒီထိပ်သီးအစည်းအဝေးဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးနဲ့လည်း အချိန်တိုက်ဆိုင်နေပြီး၊ အဆိုပါ G7 အစည်းအဝေးမှာတော့ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲတွေ အဆုံးသတ်ရေးကို အဓိက အာရုံစိုက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၁၁ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ကာဇန်မြို့ဆီ ရောက်ရှိလာကြမှာဖြစ်ပြီး၊ ထိပ်သီးအစည်းအဝေးရဲ့ အဓိကပွဲစဉ်တွေကိုတော့ နောက်တနေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်အရ ဒီအစည်းအဝေးဟာ ရုရှားနဲ့ အာဆီယံနိုင်ငံတွေကြား ၃၅ နှစ်မြောက် ပူးပေါင်းဆောင်ရွက်မှုကို အထိမ်းအမှတ်ပြု ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ထိပ်သီးအစည်းအဝေးဆီ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့က ဝန်ကြီးချုပ်တွေကိုယ်တိုင် တက်ရောက်ကြမှာဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံကတော့ သမ္မတ ဖာဒီနန် မားကို့စ် ကိုယ်တိုင် တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့ပြီး မော်စကိုအစိုးရနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ မြန်မာနိုင်ငံကလည်း ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ထားပါတယ်။
ခေါင်းဆောင်တွေအနေနဲ့ “ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွင်း ပြဿနာရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြမှာ” ဖြစ်သလို၊ ရုရှား-အာဆီယံ ဆက်ဆံရေးအတွင်းရှိ “ လုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု” ကဏ္ဍသစ်တွေကိုလည်း ဆွေးနွေးသွားကြမယ်လို့ ရုရှားဘက်က ပြောဆိုထားပါတယ်။
ယူကရိန်းကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံတွေရဲ့ အကြီးအကျယ် ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားနိုင်ငံဟာ သူတို့ရဲ့ စီးပွားရေး၊ အထူးသဖြင့် ရေနံတင်ပို့မှုကဏ္ဍကို အာရှဘက်ဆီ ဦးတည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ကလည်း မလေးရှားနိုင်ငံဆီ “ ရေနံထောက်ပံ့မှုတွေ အဆင်ပြေချောမွေ့စွာ ဆက်လက်စီးဆင်းနိုင်ရေး” အတွက် ဆွေးနွေးသွားဖို့ ရည်ရွယ်ထားကြောင်း မလေးရှားအမျိုးသား သတင်းအေဂျင်စီက ဖော်ပြပါတယ်။ အထူးသဖြင့် အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် ပေါ်ပေါက်လာတဲ့ စွမ်းအင်အကျပ်အတည်း ဒဏ်ကို အာရှနိုင်ငံတွေ အပြင်းအထန် ခံစားခဲ့ရလို့ ဖြစ်ပါတယ်။
စစ်မက်ရေးရာဘက်ဆီ ဦးတည်ထားတာ ၄ နှစ်ကျော်ရှိနေပြီဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ မြင့်မားတဲ့ ငွေကြေးဖောင်းပွမှု၊ လုပ်သားရှားပါးမှုနဲ့ ချေးငွေကုန်ကျစရိတ် မြင့်မားမှုတွေကြောင့် ရုန်းကန်နေရပါတယ်။ ယူကရိန်းစစ်မြေပြင်မှာလည်း ယခုနှစ်အတွင်း ရုရှားတပ်ဖွဲ့တွေရဲ့ ရှေ့တိုးနိုင်မှုဟာ နှေးကွေးသွားခဲ့ပြီး၊ ယူကရိန်းဘက်ကလည်း အခု ထိပ်သီးအစည်းအဝေး ကျင်းပရာ နေရာဖြစ်တဲ့ တာတာစတန် အပါအဝင် ရုရှားပိုင်နက် နက်နက်ရှိုင်းရှိုင်းအထိ တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ပြုလုပ်နေတဲ့ G7 အစည်းအဝေးအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ယူကရိန်းသမ္မတ ဇလန်းစကီး နဲ့ တွေ့ဆုံစဉ်မှာ ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့အတွက် “ သဘောတူညီချက်တခု ရယူသင့်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်အနေနဲ့ ရုရှားရေနံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို မကြာခင် ပြန်လည်ချမှတ်နိုင်တော့မယ်လို့လည်း ထရမ့်က ဆိုပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ဖို့ အီရန်နဲ့ သဘောတူညီချက်ရရှိပြီးနောက် ဟော်မုဇ်ရေလက်ကြား ကနေ ရေနံတွေ ပြန်လည်စီးဆင်းနေပြီဖြစ်လို့ “ မကြာခင်မှာ ကျနော်တို့ ဒါကို လုပ်ဆောင်နိုင်တော့မှာပါ” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ အရင်က ပင်လယ်ပြင်ထဲ ရောက်ရှိနေပြီးသား ရုရှားရေနံတင်သင်္ဘောတွေအပေါ် ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့် ပေးခဲ့ပြီးနောက်ပိုင်းမှ အခုလို ပြန်လည်ပိတ်ဆို့ဖို့ ပြင်ဆင်လာတာဖြစ်လို့ ဥရောပမဟာမိတ်တွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသကို စစ်အင်အားသုံး သိမ်းပိုက်ဖို့သာ ဆက်လက်ရည်ရွယ်ထားပြီး၊ ဇလန်းစကီးနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်တွေကို အကြိမ်ကြိမ် ငြင်းဆန်ထားပါတယ်။ သမ္မတ ပူတင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို အလုံးစုံ စစ်ရေးအရ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပြီး၊ ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အဆိုးရွားဆုံး ပဋိပက္ခတခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။















