ဇွန် ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထိုင်စခန်းတွေကို ဝင်ရောက်စီးနင်းတာ၊ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာနဲ့ နယ်မြေအတွင်းက ထွက်ခွာဖို့ ဖိအားပေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နိုင်ငံရေးဌာနကြီးက ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်အရ ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်းကစလို့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့ဟာ အင်အား ၅၀၀ ခန့်နဲ့ တောင်သာမြို့နယ်အတွင်းရှိ PLA အထိုင်စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီး၊ ခရိုင်ကွပ်ကဲရေးရဲ့ အမိန့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ PLA ထောက်ပို့ရဲဘော် ၂ ဦးကိုပါ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယနေ့ ဇွန်လ ၂၂ ရက်နေ့မှာလည်း အဆိုပါကွပ်ကဲရေးအဖွဲ့က အင်အား ၆၀ ခန့်နဲ့ Faw ကား ၂ စီး၊ Probox ကား ၁ စီးတို့ကို အသုံးပြုကာ မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ ၂ ရွာမှာရှိတဲ့ PLA အထိုင်စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲ့ဒီလို စီးနင်းရာမှာ PLA ကို ကူညီနေတဲ့ ပြည်သူ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာ၊ အနီးနားကျေးရွာက အရပ်သားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တဲ့အပြင်၊ PLA ရဲဘော်တဦးရဲ့ အစ်မဖြစ်သူကိုပါ သေနတ်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့နံနက်ပိုင်းမှာ မြင်းခြံခရိုင်ကွပ်ကဲရေးတာဝန်ခံက PLA တောင်သာမြို့နယ်တပ်ဖွဲ့ထံသို့ (က) ဖမ်းဆီးထားတဲ့ ရန်သူ့သတင်းပေး (ဒလန်) များအားလုံးကို သမ်းဆည်းထားတဲ့ ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးရန်နှင့် (ခ) မြင်းခြံခရိုင်အတွင်းမှ PLA တပ်ဖွဲ့များအားလုံး ထွက်ခွာပေးရန် ဆိုတဲ့ အချက် ၂ ချက်ကို ပေးပို့တောင်းဆိုလာခဲ့ပါတယ်။
PLA တောင်သာမြို့နယ်အဖွဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ ဖမ်းဆီးရမိထားတဲ့ ရန်သူ့သတင်းပေး (ဒလန်) ၂ ဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပေမယ့်လည်း နောက်ထပ် ဒလန်တွေကို လွှဲပြောင်းပေးဖို့ ပြင်ဆင်ချိန်မှာ ပကဖဘက်က ခြိမ်းခြောက်ပြောဆိုတာနဲ့ အင်အားသုံးဖိအားပေးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် လွှဲပြောင်းပေးမယ့် အစီအစဉ် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။
NUG အစိုးရနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေချိန်မှာ ယခုလို အင်အားသုံးဝင်ရောက်စီးနင်းတာနဲ့ နယ်မြေအတွင်းက ထွက်ခွာဖို့ ဖိအားပေးတာတွေကို လုံးဝလက်ခံနိုင်မှာမဟုတ်ကြောင်း၊ မိမိတို့အနေနဲ့ တော်လှန်ရေးအင်အားစုအချင်းချင်း ဆွေးနွေးညှိနှိုင်းဖို့ အမြဲလိုလားပြီး မည်သည့်အခါမျှ ကတိကဝတ်ဖောက်ဖျက်မည်မဟုတ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။















