BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

” တကယ်လို့ အာဏာမသိမ်းခဲ့ရင် ဘာဖြစ်မလဲ ..အပြိုင်ကမ္ဘာထဲက မြန်မာနိုင်ငံကို သွားကြည့်ခြင်း”

စစ်အာဏာသိမ်းမှု (၅) နှစ်ပြည့်အထူး – အက်ဆေး
ကျော့မောင်

လွန်ခဲ့တဲ့ ၅ နှစ်တာကို ကျနော်တို့ ပြန်သွားကြည့်ကြရအောင် ။

လွန်ခဲ့တဲ့ ၅ နှစ် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မနက်မလင်းခင်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ တကိုယ်ရည်အတ္တအတွက် တတိုင်းပြည်လုံး ပျက်ဆီးသွားစေမယ့် လုပ်ရပ်တခုကို လုပ်ဆောင်ခဲ့ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့အတူ နောက်ဆက်တွဲ ဆိုးကျိူးတွေကို ပြည်သူတရပ်လုံးက ခါးစီးပြီး ရင်ဆိုင်နေရတာ ၅ နှစ်တာအထိ ရှိလာခဲ့ပါပြီ။

စစ်အာဏာသိမ်းမှု ၅ နှစ်တာ ရှိလာတဲ့အချိန်မှာ အကယ်၍များ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက စစ်အာဏာသိမ်းမှုမဖြစ်ခဲ့ရင် ဒီကနေ့ မြန်မာနိုင်ငံဟာ ဘာတွေ ဖြစ်နေလဲ။ ဒါဟာတွေးကြည့်စရာကောင်းတဲ့ အကြောင်းအရာတခုပါပဲ။ ဘာကြောင့်လဲဆိုတော့ စစ်အာဏာသိမ်းမှုဟာ နိုင်ငံနဲ့ ပြည်သူတွေကို ဆင်းရဲဒုက္ခတွေထဲ စွဲချလိုက်တဲ့ ဖြစ်ရပ် ဖြစ်စေခဲ့သလို၊ စစ်အာဏာသိမ်းမှုကြောင့်ပဲ အများစုသော ပြည်သူတွေဟာ စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုးမှုတွေ၊ လူနည်းစုတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို ပိုပြီး သိရှိနားလည်လာခဲ့ကြပါတယ်။

အဖိနှိပ်ခံတွေ အချင်းချင်း တသားတည်းရပ်တည်ရမယ်ဆိုတဲ့ အသိနဲ့ ထိခိုက်နာကျင်မှုတွေကနေ လူတန်းစားအလွှာအသီးအသီးမှာ တော်လှန်ရေး အတွေးအခေါ်တွေ ပေါက်ဖွားလာပါတယ်။ တရားမျှတမှုနဲ့မတရားမှု မြင်ကွင်းဟာ ပိုပြီးရှင်းလင်းပြတ်သားလာခဲ့ကြပါတယ်။ လူငယ်တွေဟာ အသက်အရွယ်နဲ့ မမျှတဲ့ တာဝန်တွေကို ထမ်းရွက်လာခဲ့ကြရပါတယ်။

၂၀၀၈ ခြေဥအောက်မှာ စစ်တပ်ဟာ နိုင်ငံရဲ့ အဓိက အာဏာတွေကို ချုပ်ကိုင်ပြီး အခွင့်ထူးခံဖြစ်နေပါလျက်နဲ့ တိုင်းပြည်တခုလုံးကို စစ်ဖိနပ်အောက်မှာ ထားချင်တဲ့အထိ လောဘကြီးပြီး စစ်တပ်က အာဏာထပ်သိမ်းလိုက်တဲ့အခါမှာ မြန်မာပြည်ထဲက လူတန်းစာအလွှာအသီးသီးမှာ လူငယ်တွေမှာ တော်လှန်ရေးအတွေးအခေါ်ဟာ အသစ်တဖန်မွေးဖွားလာခဲ့ကြပါတယ်။

အဲ့ဒီတော့ တကယ်လို့ စစ်အာဏာမသိမ်းခဲ့ရင် အခုချိန် ဘာတွေ ဖြစ်နေမလဲဆိုတာကို ပြန်သွားကြည့်လိုက်ရအောင်ပါ။ ကွန်တမ်ရူပဗေဒမှာ နာမည်ကြီးတဲ့ သီအိုရီ တခုရှိပါတယ်။ အဲ့ဒါက ကမ္ဘာများစွာဆိုတဲ့ သီအိုရီပါ။ ဒီသီအိုရီကို အမေရိကန်ရူပဗေဒပညာရှင် ဟျူး အဲဗရက်က ၁၉၅၇ တုန်းက စတင်ပြသခဲ့တာပါ။

အရင်က သိပ္ပံပညာရှင်တွေက “ ဖြစ်နိုင်ခြေတွေထဲက တ ခုကို ရွေးလိုက်ရင် ကျန်တာတွေ ပျောက်သွားတယ်” လို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ ဟျူး အဲဗရက် ကတော့ အဲ့လိုမဟုတ်ဘူးလို့ ဆိုပါတယ်။

သူက “ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတိုင်းဟာ တကယ့်လက်တွေ့မှာ ဖြစ်ပျက်သွားတာပဲ၊ ဒါပေမဲ့ တခုနဲ့တခု မတူတဲ့ အပြိုင်ကမ္ဘာတွေ (Parallel Universes) အနေနဲ့ ကွဲထွက်သွားတာ” လို့ ဆိုပါတယ်။ ဆိုလိုချင်တာကတော့ ကော်ဖီသောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ စကြဝဠာက နှစ်ခုကွဲသွားပါတယ်။ တခုမှာ ကော်ဖီသောက်နေပြီး၊ နောက်ထပ် အပြိုင်ကမ္ဘာတခုမှာတော့ လက်ဖက်ရည်သောက်နေတဲ့ ပုံစံမျိုးနဲ့ ဆက်တည်ရှိနေတာလို့ ဆိုလိုတာမျိုးပါ။

ဒီသီအိုရီအရဆိုရင် အာဏာသိမ်းမှု မဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံလည်း ရှိနေနိုင်မှာပေါ့။ ကျနော်တို့ အဲ့ဒီ အပြိုင်ကမ္ဘာထဲက မြန်မာနိုင်ငံကို သွားကြည့်ကြရအောင်ပါ။ စစ်အာဏာသိမ်းမှုမဖြစ်တဲ့ မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီကပဲ အစိုးရဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ ရှိနေဦးမှာပါ။

၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလိုပဲ နိုင်ငံတခု အစိုးရ ၂ ခု ဆိုတဲ့ ပုံသဏ္ဍန်မျိုးနဲ့ ဆက်သွားနေပြီး စစ်တပ်ဟာ ၂၀၀၈ ခြေဥအကာအကွယ်နဲ့ ယူထားတဲ့ အာဏာတွေကို အသုံးချပြီး အရပ်သားအစိုးရကို အကျပ်တွေ့အောင်လုပ်နေဦးမှာသေချာပါတယ်။

စစ်တပ်အာဏာသိမ်းမှုမဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဘောင်ကျယ်ပြန့်နေမှာ မဟုတ်ပေမယ့် ရက္ခိတအိပ်မက်ကို အကောင်ထည်ဖေါ်နေတဲ့ အာရက္ခတပ်တော်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်နေမှာသေချာပါတယ်။

အဲ့ဒီလိုပဲ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ လူမျိုးစု တိုင်းရင်းသားတွေနဲ့ စစ်တပ်ကြား တိုင်းရင်သားဒေသတွေမှာ စစ်ပွဲတွေတော့ ရှိနေဦးမှာပါ။

အဲ့ဒီလို စစ်ပွဲတွေအပေါ်မှာလည်း အများစုသော ပြည်မက လူတွေဟာ အရပ်သားအစိုးရကို အကျပ်တွေ့အောင်လုပ်တယ်ဆိုတဲ့ အတွေးအမြင်နဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေကို ထိခိုက်ပြောဆိုနေကြမှာပါ။ အထူးသဖြင့် ရက္ခိုင်တပ်တော် အေအေနဲ့ TNLA လို အဖွဲ့အစည်းတွေ ကို ထိခိုက်ပြောဆိုနေကြဖို့ များပါတယ်။

စစ်တပ်ဟာ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ တိုင်းပြည်အပေါ် အမြတ်ထုတ်ဖို့ကြိုးစားနေပါလိမ့်မယ်။ အဲ့ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း စစ်တပ်ကို ကာကွယ်ပေးနေတယ်ဆိုတဲ့ အမြင်တွေနဲ့ ပြည်တွင်းပြည်ပ ဝေဖန်မှုကို ဆက်လက်ကြုံတွေ့နေရမှာဖြစ်ပါတယ်။

အိုင်စီဂျေ ကြားနာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ခေါင်းဆောင်တွေကို သွားရောက်ကာကွယ်ပြီး အများစုသော သူတွေဟာ နိုင်ငံ့အရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရိုဟင်ဂျာလူနည်းစုတွေရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေကို လျစ်လျူရှုပြီး လူမျိုးတုန်းသတ်ဖြတ်မှုကို တနိုင်ငံလုံးအတိုင်းတာနီးပါးနဲ့ ထောက်ခံနေကြလိမ့်မယ်။
လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကာကွယ်ပြောဆိုရမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို ထောက်ခံဝန်းရံအားပေးနေကြတာ၊ ကြိုဆိုနေကြတာကို တနိုင်ငံလုံးအတိုင်းအတားနီးပါးနဲ့ လုပ်ဆောင်နေကြပါတယ်။

ဒီလိုအခြေအနေမှာ စစ်တပ်ဟာ လူနည်းစုဒေသတွေနဲ့ လူမျိုးစုတွေအပေါ် ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို အကာအကွယ်အပြည့်နဲ့ လုပ်ဆောင်နေနိုင်လိမ့်မယ်။ လူမျိုးစုတွေနဲ့ ဗမာလူများစုတွေကြား အပြန်အလှန် နားလည်ယုံကြည်မှုဟာ ပိုပြီး ဝေးကွာလာကြလိမ့်မယ်။

အကောင်းဘက်က အခြေအနေတွေ ဆိုရင်တော့ လူတွေဟာ အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ အခြေအနေတွေမှာ ရှိမနေဘူး လူမျိုးစုဒေသတွေက ပြည်သူတွေကလွဲပြီး ပြည်မနဲ့ အညာဒေသက ပြည်သူတွေဟာ စိတ်အေးချမ်းစွာ အိပ်စက်နေနိုင်မယ်။ လူငယ်တွေဟာ သူတို့ရဲ့ လူငယ်ဘ၀တွေကို လွတ်လပ်စွာဖြတ်သန်းခွင့် ရှင်သန်ခွင့်ရနေမယ်။

အတင်းအဓမ္မတ စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေနဲ့ အသက်အရွယ်နဲ့ မမျှအောင် တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်နေရတဲ့ လူငယ်တွေ၊ တော်လှန်ရေးမှာ အသက်နဲ့ ကိုယ်ခန္ဒာ ပေးစွန့်လိုက်ကြရတဲ့ လူငယ်တွေဟာ အနာဂတ်တွေအတွက် အိပ်မက် ဆက်မက်နေကြလိမ့်မယ်။

မီးရှို့ဖျက်ဆီးခံရ၊ လေကြောင်းတိုက်ခိုက်ခံရ စစ်ကြောင်းထိုးဖျက်ဆီးခံရတဲ့ မြို့ရွာတွေဟာ ပုံမှန်လိုပဲ ရှင်သန်လည်ပတ်နေကြလိမ့်မယ်။ အဲ့ဒီမြို့ရွာတွေမှာ ကျင်းပနေကျ ပျော်ပွဲရွှင်ပွဲတွေနဲ့ ရိုးရာဓလေ့ထုံးတမ်း ပွဲလမ်းသဘင်တွေနဲ့ စည်ကားနေကြလိမ့်မယ်။

အာဏာမသိမ်းခဲ့ရင် မြန်မာ့ စီးပွားရေးဟာ အခုလို ထိုးဆင်းသွားမှာ မဟုတ်ဘဲ တည်ငြိမ်တဲ့ တိုးတက်မှု ရှိနေလိမ့်မယ်။ အာဏာမသိမ်းမီက ရှိခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ပိုပြီးလည်ပတ်နေလိမ့်မယ်။ ဂျပန်နဲ့ ကိုရီးယား ရင်းနှီးမြှုပ်နှံမှုအသစ်တွေလည်း ဝင်ရောက်လာလိမ့်မယ်။

ဒေါ်လာဈေးဟာ ၁၅၀၀-၁၈၀၀ ဝန်းကျင်မှာပဲ တည်ငြိမ်နေနိုင်ပြီး ကုန်ဈေးနှုန်းဟာ အခုလို ၄-၅ ဆ တက်နေမှာ မဟုတ်ပါဘူး။ အဲ့ဒီလိုပဲ စစ်တပ်ပိုင် ဦးပိုင်ရဲ့ မြန်မာဘီယာဟာ အရောင်းရဆုံး ဘီယာအဖြစ် ဆက်လက်ရှိနေဦးမှာပါ။

အပြိုင်ကမ္ဘာက မြန်မာနိုင်ငံမှာ လူငယ်တွေဟာ တောထဲမှာ သေနတ်ကိုင်နေမယ့်အစား တက္ကသိုလ်စာသင်ခန်းတွေထဲမှာ သူတို့ဝါသနာပါရာ ဘာသာရပ်တွေကို လေ့လာနေကြပါလိမ့်မယ်။ ပြည်ပ ပညာသင်ဆု အခွင့်အလမ်းတွေလည်း ပိုမိုပွင့်လင်းလာပြီး လူငယ်တွေရဲ့ အိပ်မက်ဟာ ပိုပြီး ကျယ်ပြန့်နေပါလိမ့်မယ်။ ပညာတတ်တွေ တိုင်းပြည်ကနေ အစုလိုက်အပြုံလိုက် ထွက်ခွာသွားတာမျိုး မရှိဘဲ၊ ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးမှာ ကိုယ်စီကိုယ်စီ ရှင်သန်နေကြလိမ့်မယ်။

အပြိုင်ကမ္ဘာက မြန်မာနိုင်ငံမှာ ဖြစ်နိုင်ချေတွေစဉ်းစားကြည့်တဲ့အခါ အကောင်းဘက်က တွေးတောနိုင်စရာတွေအများကြီးပါပဲ။ အများစုသော လူတွေဟာ အေးချမ်းမယ်။ငြိမ်းချမ်းမယ်။ လွတ်လပ်ပြီး မျှော်လင့်ချက်တွေရှင်သန်နေမယ်။ ဒါပေမယ့် လူတွေဟာ နိုးကြားခြင်းတော့ မရှိနိုင်သေးပါဘူး။

၂၀၂၅ နိုဝင်ဘာမှာ ကျင်းပပြီးစီးသွားမယ့် ရွေးကောက်ပွဲဟာ ကိုဗစ်ကပ်ရောဂါအလွန်မှာ လုပ်တဲ့ရွေးကောက်ဖြစ်တာကြောင့် အုံးအုံးကျက်ကျက်နဲ့ စည်းကားနိုးကြားနေကြပါ့လိမ့်မယ်။ ရွေးကောက်ပွဲအလွန်ဖြစ်လာမယ့် အစိုးရအသစ်အတွက် သတင်းမီဒီယာတွေက လေ့လာသုံးသပ်နေကြပြီး ရင်ခုန်နေကြပါလိမ့်မယ်။

ပြည်မက လူများစုဟာ လူမျိုးစု တိုင်းရင်းသားတွေ ခံစားနေရတဲ့ စစ်ဒဏ်ကို “ ကိုယ့်အရေးမဟုတ်သလို” ဆက်ပြီး လျစ်လျူရှုနေကြဦးမှာဖြစ်သလို ဖယ်ဒရယ်အရေး တန်းတူညီမျှရေးဆိုတဲ့ ဆိုတဲ့ စကားလုံးဟာ နိုင်ငံရေးနယ်ပယ်ကြား ရေပန်းစားရုံစကားလုံးသက်သက် ဖြစ်နေရုံပဲရှိနေမှာပါ။

ငြိမ်းချမ်းရေးဟာ ဖန်ခွက်ချင်းတိုက်ရုံလောက်ဆိုတဲ့ တန်ဖိုးမှာပဲ ရပ်တန့်နေမှာပါ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဟာ မဲဆွယ်စည်းရုံးရေးစကားအဖြစ်နဲ့ အပေါ်ယံအလွှာ INGO အသိုင်းဝိုင်းတွေကြားက စကား၀ိုင်းသက်သက်တွေအဖြစ်ရှိနေမှာပါ။ ကချင်ကစပြီး ရိုဟင်ဂျာအထိ တောင်းပန်ပါတယ်ဆိုတဲ့ စကားမျိုး ထွက်ပေါ်လာမှာမဟုတ်ပါဘူး။

စစ်အာဏာသိမ်းမှု မဖြစ်ခဲ့တဲ့ အပြိုင်ကမ္ဘာထဲက မြန်မာနိုင်ငံကို သွားကြည့်ပြီးတဲ့အခါ လက်တွေ့ ကမ္ဘာထဲက မြန်မာနိုင်ငံကို ပြန်ကြရအောင်ပါ။

စစ်အာဏာသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ မရေတွက်နိုင်တဲ့ လူငယ်တွေရဲ့ အသက်နဲ့ ဘ၀တွေ ပေးခဲ့ရပြီးပါပြီ။ အရပ်သားပြည်သူ ၇၇၃၈ ကျော်ဟာ နည်းလမ်းအမျိုးမျိုးနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။ နိုင်ငံတဝန်းက အရပ်သားနေအိမ်အလုံးပေါင်း တသိန်းတသောင်းကျော် မီးလောက်ပြာကျခဲ့ရပြီးပါပြီ။ ၅ နှစ်တာအတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဆိုးရွားလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို မျက်မြင်သိခဲ့ကြရပြီးပါပြီ။

တော်လှန်ရေးကာလ ၅ နှစ်တာပြည့်လာတဲ့ အခြေအနေမှာ အနိမ့်အမြင့်အတက်အကျ များစွာနဲ့ တချို့က တော်လှန်ရေးကို စွန့်ခွါ၊ တချို့က တော်လှန်ရေးမှာ မားမားမတ်မတ်ရပ်ခံထားကြတုန်းပါပဲ။

အဲ့ဒီလိုပဲ တော်လှန်ရေးကို အမြတ်ထုတ်သွားကြသူတွေလည်း အများအပြားရှိခဲ့ပါပြီ။ စစ်အာဏာသိမ်းမှု ၅ နှစ်တာရှိအတွင်း မှာ အာဏာသိမ်းစစ်တပ်ဟာ သမိုင်းတလျောက် အကြီးမားဆုံး အရှုံးတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသလို ဘယ်လိုမှ ပြန်အဖတ်ဆယ်လို့ မရနိုင်အောင် လူထုရဲ့ အမုန်းကိုလည်း ခါးခါးသီးသီး ရရှိသွားပါပြီ။ မြန်မာပြည်သူတွေနဲ့ စစ်တပ်ဟာ ဘယ်တော့မှ ပြေလည်နိုင်ခြင်းမရှိတော့အောင် ဝေးကွာသွားခဲ့ပါပြီ။

စစ်အာဏာသိမ်းမှု ၅ နှစ်တာမှာ ကျနော်တို့အားလုံးဟာ အမှောင်ဆုံးညတွေကို ဖြတ်သန်းနေရပေမယ့် ဒါဟာ အလင်းရောင်တွေ ပျောက်ဆုံးသွားတာတော့မဟုတ်ပါဘူး။ စစ်အာဏာသိမ်းမှု မရှိခဲ့တဲ့ အပြိုင်ကမ္ဘာထဲက မြန်မာနိုင်ငံထက် ပိုပြီး တောက်ပတဲ့ အလင်းရောင်တွေကို ဖမ်းဆုပ်နိုင်စွမ်းရှိနေတုန်းပါပဲ။

စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ရန်သူမိတ်ဆွေကွဲပြားသွားခဲ့ပါပြီ။ အမှောင်ဆုံးအချိန်တွေမှာ ဘယ်သူတွေဟာ အတူတကွ ရှိခဲ့ကြတယ်ဆိုတဲ့ ကြီးမားတဲ့ တန်ဖိုးတွေကို သိခဲ့ကြပါပြီ။ အဖိနှိပ်ခံတွေအချင်းချင်း အတူတကွရပ်တည်မှုဟာ ပိုပြီး ခိုင်မာလာခဲ့ပါတယ်။ မာတင်လူသားကင်းပြောခဲ့တဲ့ မိတ်ဆွေတွေရဲ့ တိတ်ဆိတ်နေမှုကို ကျနော်တို့ ပိုပြီး နားလည်လာခဲ့ကြပါပြီ။

လောကကြီး ပျက်စီးရတာဟာ ဆိုးယုတ်သူတွေရဲ့ လက်ချက်ကြောင့်တင် မဟုတ်ဘဲ၊ မတရားမှုကို မျက်ကွယ်ပြုပြီး နှုတ်ပိတ်နေသူတွေရဲ့ တိတ်ဆိတ်မှုကြောင့်လည်း ပါဝင်တယ်ဆိုတဲ့ အဲလ်ဘတ် အိုင်းစတိုင်းရဲ့ စကားကို ပိုပြီး နားလည်လာကြပြီ။

ကွန်တမ်ရူပဗေဒမှာ ဖြစ်နိုင်ခြေတွေဟာ အကန့်အသတ်မရှိဘူးဆိုရင်တောင် ကျနော်တို့ ရုန်းကန်နေတဲ့ ဒီကမ္ဘာက မြန်မာနိုင်ငံဟာလည်း တနေ့မှာ “ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အပြည့်အ၀ရှိတဲ့ မျှော်လင့်ချက်ဆီ အရောက်သွားနိုင်ပါတယ်။

အပြိုင်ကမ္ဘာက မြန်မာပြည်ကတော့ အေးချမ်းနေဆဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကမ္ဘာက မြန်မာနိုင်ငံမှာ လူတွေဟာ “ အမှန်တရား” နဲ့ “ မျှတမှု” ကို အခုလောက် တန်ဖိုးထားတတ်ကြပါဦးမလား။

ဒီကမ္ဘာရဲ့ မြန်မာနိုင်ငံမှာ ကျနော်တို့ဟာ အမှောင်ဆုံးနေ့ရက်တွေကို ဖြတ်သန်းကြရတယ်။ အနာကျင်ဆုံး အတွေ့အကြုံတွေနဲ့ ရှင်သန်ကြရတယ်။ ခံနိုင်ရည်မရှိ
လောက်တဲ့ ဆုံးရှုံးမှုတွေကို ခါးဆီးခံကြရတယ်။
အရက်စက်ဆုံးသော ဖက်ဆစ်အာဏာရှင်ကို ရင်ဆိုင်အံတုကြရတယ်။ ဒါပေမယ့် ကျနော်တို့ဟာ “ နိုးကြားလာခဲ့ကြပါပြီ” ။

ဒီ ၅ နှစ်တာရဲ့ နာကျင်မှုတွေကနေ ရလာတဲ့ စုစည်းညီညွတ်မှုဟာ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအတွက်၊ အကောင်းဆုံးသော အုတ်မြစ်တွေ ဖြစ်လာမှာပါ။ အာဏာရှင်ဆိုတာ ခေတ္တပဲ ခိုင်မြဲနိုင်ပေမယ့်၊ နိုးကြားနေတဲ့ လူထုရဲ့ တော်လှန်ရေးအတွေးအခေါ်တွေကတော့ ထာဝရ တည်တံ့နေမှာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed