ရိုဟင်ဂျာဒုက္ခသည်လှေ နစ်မြုပ်မှုဟာ နိုင်ငံတကာရဲ့ ပျက်ကွက်မှုကြောင့်ဖြစ်တယ်လို့ အာရကန်ရိုဟင်ဂျာအမျိုးသားကောင်စီ ပြော
ဧပြီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အန်ဒမန်ပင်လယ်ပြင်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၂၅၀ ကျော် လိုက်ပါလာတဲ့ လှေတစီး နစ်မြုပ်ခဲ့ရမှုအပေါ် အာရကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) က စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒါဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပျက်ကွက်မှုကြောင့် ဖြစ်တယ်လို့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
“ ဒီ ဖြစ်ရပ်ဆိုးက နှစ်ရှည်လများ ဖိနှိပ်မှုနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေကို ခံစားနေရတဲ့ ရိုဟင်ဂျာလူထုကို ပိုမိုထိခိုက်စေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒီခရီးစဉ်တွေက ရွေးချယ်စရာမရှိဘဲ မျှော်လင့်ချက်ကင်းမဲ့မှုကြောင့် သေဘေးကို ရင်ဆိုင်ပြီး သွားကြရခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေအပေါ် ဖိအားပေးဖို့ ပျက်ကွက်နေတာကြောင့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဖြစ်တယ် ” လို့ ARNC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ် (Teknaf) ကနေ မလေးရှားနိုင်ငံကို ဦးတည်ထွက်ခွာလာတဲ့ အဲ့ဒီလှေဟာ လူဦးရေအလွန်အကျွံ တင်ဆောင်ထားမှုကြောင့် နစ်မြုပ်ခဲ့ရခြင်းဖြစ်ပြီး လိုက်ပါလာသူ အများစု ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အာရကန်တပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာဟာ လူကုန်ကူးမှုတွေ ပြုလုပ်နေတဲ့ ဗဟိုချက်မဖြစ်နေတာကို ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေအရ သိရှိရကြောင်းနဲ့ ဒီကွန်ရက်တွေကို အမြန်ဆုံး ဖြိုခွင်းပေးဖို့လည်း ARNC က တောင်းဆိုထားပါတယ်။
“ လူကုန်ကူးမှုကွန်ရက်တွေကို ဖော်ထုတ်အရေးယူဖို့၊ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးဖို့နဲ့၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေဖို့ လည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအနေနဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိပြီး ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ထိရောက်တဲ့ ဖိအားမှုတွေ လုပ်ဆောင်ဖို့လည်း တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာလူထုအတွက် တရားမျှတမှုနဲ့ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိစေရေးအတွက် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း အာရကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) က ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – ပုံဟောင်း
#BIVNews#ARNC#Rohingya#BoatSinking#AndamanSea#HumanRights#MyanmarCrisis#JusticeForRohingya