ဇွန် ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
သုံးသပ်ချက်ဆောင်းပါး
ဝေယမုံ
အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကတော့လက်ရှိမှာ မြန်မာ့မီဒီယာတွေရဲ့ စာမျက်နှာတွေပေါ်ရောက်ရှိလာပြီး အများပြည်သူရဲ့ စိတ်ဝင်စားမှုကို ခံနေရဆဲ ဖြစ်ပါတယ်။
ယခင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ရာထူးကရပ်ဆိုင်းလိုက်ပြီးတဲ့ နောက်မှာတော့ ပြောရေးဆိုခွင့်ရှိသူအသစ် ဘယ်သူဖြစ်လာမလဲဆိုတာကို အများစုက စိတ်ဝင်စားမှုရှိ နေကြတာကတော့ မငြင်းနိုင်ပါဘူး။
နိုင်ငံတကာမှာတော့ ပြောရေးဆိုခွင့်ရှိသူဆိုတာက ပြည်သူနဲ့ မီဒီယာနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတဲ့ ထိလွယ်ရှလွယ်အဖြစ်ဆုံး အလုပ်ဖြစ်တဲ့အတွက် နိုင်ငံ့ခေါင်းဆောင်တော်တော်များများက ပြောရေးဆိုခွင့်ရှိသူကို လွယ်လင့်တကူ လက်သင့်ရာ မရွေးချယ်ကြပါဘူး။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သမိုင်းမှာလည်း အစိုးရတွေက ပြောရေးဆိုခွင့်ရှိသူတွေကို ပြည်သူနဲ့ဆက်ဆံရေး ကောင်းမွန်တယ်လို့ ထင်ရနိုင်ခြေရှိတဲ့၊ စကားပြောကျွမ်းကျင်လိမ္မာတဲ့ အမျိုးသားတွေကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ အထူးသဖြင့် ပြောရေးဆိုခွင့်ရှိသူများက
စစ်မှုထမ်းဟောင်းများဖြစ်ပြီး ပြန်ကြားရေးဌာနကပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်သူ ဦးရဲထွဋ်က စစ်တက္ကသိုလ်အပတ်စဉ် ၂၂ ဆင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့သူ ဖြစ်ပါတယ်။
ဦးရဲထွဋ်က သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဦးရဲထွဋ်တာဝန်ပြီးဆုံးတဲ့အခါမှာတော့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိအဖြစ် သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးဇော်ဌေးကို ခန့်အပ်ခဲ့ပါတယ်။
ဦးဇော်ဌေးကလည်း စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး စစ်တပ်မှာ ၂၀၀၇ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ NLD အစိုးရတက်လာတဲ့အခါမှာတော့ ဦးဇော်ဌေးသည် နိုင်ငံတော်သမ္မတနဲ့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူဟောင်းများဖြစ်ကြတဲ့ ဦးရဲထွဋ်နဲ့ ဦးဇော်ဌေးတို့ရဲ့ ထူးခြားချက်ကတော့ ပြည်သူနဲ့ ထိတွေ့ဆက်ဆံရာမှာ တရားဝင်သတင်းပြန်ကြား ဆက်သွယ်ရေးနည်းနဲ့ သာမက စာပေရေးသားတဲ့ ဝါသနာကိုအရင်းခံပြီးတော့လည်း ထိတွေ့ဆက်ဆံသူများဖြစ်ပြီး သူတို့အတိုင်းအတာအလိုက် ပရိသတ် အခိုင်အမာရရှိထားသူများ ဖြစ်ပါတယ်။
ဦးရဲထွဋ်ကတော့ အမည်ရင်း ရဲထွဋ်နဲ့ပဲ စာများရေးသားပြီး ဦးဇော်ဌေးကတော့ မှူးဇော်ဆိုတဲ့ ကလောင်အမည်နဲ့ ဆောင်းပါးတွေ ရေးသားခဲ့သူဖြစ်ပါတယ်။
လက်ရှိစစ်အာဏာသိမ်းခေါင်းဆောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူရွေးချယ်ပွဲကတော့ ယခင်အစိုးရတွေနဲ့ မတူဘဲ တမူကွဲထွက်လာတယ်လို့ ဆိုရမှာပါ။ ဒေါ်ခိုင်ခိုင်စိုးကတော့ လက်ရှိမှာ စိတ်ဝင်စားမှု၊ စောင့်ကြည့်မှု ခံရနေရတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒေါ်ခိုင်ခိုင်စိုးက စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့ခြင်း မရှိပေမယ့် မကြာသေးခင်ကာလမှာပဲ စစ်တပ်အရာရှိတဦးနဲ့ လက်ထပ်ထားသူလို့ သတင်း မီဒီယာတွေက ဖော်ပြထားပါတယ်။
ဒါကတော့ စစ်တပ်နဲ့ သွယ်ဝိုက်ဆက်စပ်နေသူတဦးဖြစ်တဲ့အပြင်
ဒေါ်ခိုင်ခိုင်စိုးကိုယ်တိုင်ကလည်း မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံးဝန်ကြီးဌာနတွေထဲကတခုဖြစ်တဲ့ စစ်တပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးတယောက်လည်း ဖြစ်တဲ့ အတွက် ပြောရေးဆိုခွင့်ရှိသူဖြစ်လာတာ ထူးဆန်းမှုတခုလို့တော့ မဆိုနိုင်ဘူး။
ဒါပေမယ့် ဒေါ်ခိုင်ခိုင်စိုးက ပြောရေးဆိုခွင့်ရှိသူများရဲ့ ဘူမိနက်သန် စစ်တပ်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကမဟုတ်တဲ့အပြင် ပြည်သူလူထုကြားမှာလည်း နာမည်ရပြီးသားသူတယောက်မဟုတ်တဲ့သူက ဘယ်လိုအကြောင်းတွေကြောင့် စစ်အာဏာသိမ်း သမ္မတ ရဲ့ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးဖြစ်လာရသလဲ။ စစ်တပ်နောက်ခံရှိသူ၊ အမျိုးသားက
စစ်တပ်အဆင့်မြင့် အရာရှိတဦးဖြစ်ရုံနဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်လာရတယ်ဆိုတာကတော့ အရမ်းကိုရိုးရှင်းတဲ့ ထင်မြင် ယူဆချက်တခုပါပဲ။
မြန်မာနိုင်ငံရဲ့ ဝန်ကြီးဌာနတွေထဲမှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မြေပြင်မှာ ပြည်သူနဲ့ နေ့စဉ် လက်တွေ့မှာ ထိတွေ့ဆက်ဆံနေရတဲ့ ဌာနတခုဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကတော့ သတင်းတွေကို ပြန်ကြားရတဲ့ ဝန်ကြီးဌာနဖြစ်တာကြောင့်
တကယ့် လက်တွေ့မှာ ပြည်သူနဲ့ထိတွေ့မှုက လဝကလောက်အတွေ့အကြုံမရှိပါဘူး။
ဒါ့အပြင် ဒေါ်ခိုင်ခိုင်စိုးက ၂၀၂၁ ခုနှစ်မတိုင်ခင်မှာ လဝကရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန် ယူခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်မှာတော့ လဝကရဲ့ ဒုတိယဝန်ကြီးဖြစ်လာခဲ့တဲ့အတွက် လဝကရဲ့ လုပ်ထုံးလုပ်နည်းများအပြင် ၂၀၁၄ နဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူမှုများမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်တဲ့အတွက် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်တွေကိုလည်း ကြေညက်နေသူတဦးဖြစ်တယ်လို့ သုံးသပ်ရပါမယ်။
လူဦရေးသန်းခေါင်စာရင်းဆိုတာ ရွေးကောက်ပွဲအတွက်
အရေးပါဆုံးအချက်အလက်ဖြစ်ပါတယ်။ အဲ့အတွက် သန်းခေါင်စာရင်းကျွမ်းကျင်သူ ဒေါ်ခိုင်ခိုင်စိုးက လာမယ့်ရွေးကောက်ပွဲများပြင်ဆင်မှုနဲ့ ရွေးကောက်ပွဲတရားဝင်မှုရဖို့ ကြိုးစားမှုများအတွက် အလွန်အသုံးဝင်တဲ့ ဝှက်ဖဲတချပ်ဖြစ်လာနိုင်ပါတယ်။
သန်းခေါင်စာရင်းအချက်အလက်တွေအပေါ် အခြေခံထားတဲ့ မဲစာရင်းတွေရဲ့ ခိုင်မာမှုကို ကာကွယ်ဖို့အတွက် ဒေါ်ခိုင်ခိုင်စိုးရဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုက အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက မဲမသမာမှုတွေကြောင့်ဆိုတဲ့ ဇတ်ကြောင်းကိုပုံဖေါ်နေတာဖြစ်တဲ့အတွက် လူဦးရေဗေဒစာရင်းကျွမ်းကျင်သူတဦးကို အာဏာသိမ်း သမ္မတရဲ့ မျက်နှာစာ အဖြစ် ထားရှိခြင်းက စစ်ကောင်စီအနေနဲ့ နောင်လာမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို တရားဝင်မှုရရေး အတွက်သာမက နည်းပညာဆိုင်ရာ အချက်အလက်တွေကို အသုံးပြုနိုင်ဖို့အတွက် မဟာဗျူဟာတခုဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဒေါ်ခိုင်ခိုင်စိုးကို ပြောရေးဆိုခွင့်ရှိသူအဖြစ်အသုံးပြုလိုက်ခြင်းက အာဏာသိမ်း စစ်ကောင်စီက နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုလည်း စစ်ရေးသီးသန့်ထက် အချက်အလက်အခြေပြု ဆုံးဖြတ်ချက်များအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းလာတာဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။
နောက်ထပ်အရေးပါတဲ့အချက်ကတော့ ရိုးရာအစဉ်အလာအရ စစ်ယူဖောင်းဝတ်နဲ့ စစ်ယူနီဖောင်းချွတ် အမျိုးသားများသာ နေရာယူခဲ့တဲ့ ပြောရေးဆိုခွင့်ရှိသူရာထူးနေရာကို အမျိုးသမီး အရပ်သား တဦးကို ခန့်အပ်လိုက်တာက သဘောထားတင်းမာတဲ့ စစ်အုပ်ချုပ်ရေးရဲ့
ပုံရိပ်ကို ပျော့ပျောင်းသရောင်ဖြစ်လာအောင် အမြင်ပြောင်းလဲခြင်း မဟာဗျူဟာလည်းဖြစ်နိုင်ပါတယ်။
ဒီအမြင်ပြောင်းလဲခြင်း မဟာဗျူဟာကို နိုင်ငံတကာလေ့လာ စောင့်ကြည့်သူတွေနဲ့ ပြည်တွင်းက နိုင်ငံရေး အစုအဖွဲ့တွေကို ဆွဲဆောင်ရန် ကြိုးပမ်းမှုတခုအဖြစ် အသုံးပြုလာတာလို့လည်း ယူဆနိုင်ပါတယ်။
နောက်ဆုံးတချက်ကတော့ ဒေါ်ခိုင်ခိုင်စိုးက ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ကို ရရှိခဲ့သူ ဖြစ်တာကြောင့် ထိုင်းနိုင်ငံနဲ့ သံတမန်ရေးရာဆက်ဆံရေးအတွက် ပေါင်းကူးတံတားတခု ဖြစ်လာနိုင်သလို၊ အာဏာသိမ်းစစ်တပ်က အာဆီယံမှာ ပြန်လည်ပါဝင်လာခွင့်ရရေး ထိုင်းနိုင်ငံရဲ့ ကြားဝင်မှုကိုလည်း ပိုပြီး ဗျူဟာမြောက် ချဉ်းကပ်မှုတွေရှိလာနိုင်ပါတယ်။
ဒေါ်ခိုင်ခိုင်စိုးရဲ့ ခန့်အပ်မှုမတိုင်ခင်မှာပဲ ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်က မာစတာဘွဲ့ရရှိခဲ့ပြီး ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်ကဒေါက်တာဘွဲ့ရရှိခဲ့သူ ဒေါက်တာသန့်ဇော်လွင်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံနဲ့ သံတမန်ရေးရာပြန်လည်တည်ဆောက်နေချိန်မှာ ထိုင်းနိုင်ငံရဲ့နာမည်ကြီးတက္ကသိုလ်ဆင်း ပညာရှင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရအဖွဲ့ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို တာဝန်ယူစေခြင်းကလည်း တိုက်ဆိုင်မှုတခုလို့ဆိုနိုင်ပေမယ့် နိုင်ငံရေးနဲ့ သံတမန်ရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူးဆိုတဲ့
အချက်ကို ထည့်သွင်းတွက်ချက်ဖို့ လိုအပ်ပါတယ်။
ထိုင်းနိုင်ငံအတွက် မြန်မာနိုင်ငံက ရှည်လျားတဲ့နယ်နိမိတ်ချင်းဆက်စပ်နေပြီး စီးပွားရေးနဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များမှာ တနိုင်ငံနဲ့တနိုင်ငံမှီခိုနေကြတဲ့နိုင်ငံဖြစ်ပေမယ့်လည်း ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေများတွင် တိကျပြတ်သားတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းမရှိဘဲ ဘေးမှရပ်ကြည့်သူ (bystander) အဖြစ်နဲ့သာ ရပ်တည်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
သို့သော်လည်း စစ်တပ်ရဲ့ရွေးကောက်ပွဲပြီးတဲ့အချိန်မှာတော့ ထိုင်းနိုင်ငံက မြန်မာ့အရေးကို စိတ်ဝင်စားလာခဲ့ပြီး ထဲထဲဝင်ဝင်ပြန်လည်ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတတာဝန်ယူအပြီး နေပြည်တော်ကို ပထဆုံးတရားဝင်လာရောက်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်က ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံရဲ့ မြန်မာ့နိုင်ငံရေးမှာ ပြန်လာပါဝင်ပတ်သက်လာတာကို ရှင်းရှင်းလင်းလင်း သိမြင်ရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှုနဲ့ ဒုက္ခသည်ပြဿနာတွေကို ကိုင်တွယ်နေရတဲ့ နိုင်ငံဖြစ်တဲ့ အလျောက် ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်သဘောထားက မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် အလွန်သက်ရောက်မှုရှိပါတယ်။
စီးပွားရေး၊ ပထဝီနိုင်ငံရေးနဲ့ နိုင်ငံတကာအသိုင်းအဝန်းအကြားပြန်လည်ဝင်ဆံ့နိုင်ရေးကို အလွန်အထောက်အကူပြုနိုင်တဲ့ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ရာမှာ ထိုင်းနိုင်ငံရဲ့ ပညာရေး၊ ယဉ်ကျေးမှုနှင့် လူဦးရေစာရင်းဆိုင်ရာ ကိစ္စရပ်များကို ကျွမ်းကျင်တဲ့
ဒေါ်ခိုင်ခိုင်စိုးက အာဏာသိမ်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ သာမကဘဲ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေအတွက် ထိုင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေကို လွယ်ကူချောမွေ့စေနိုင်တဲ့ သံတမန်ရေးရာ ပြရုပ်တခုဖြစ်လာနိုင်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က လူရွေးချယ်ရာမှာ မဟာဗျူဟာကျရုံသာမကဘဲ အသုံးမဝင်ရင် သူပေးထားတဲ့ရာထူးကို ရုတ်သိမ်းဖို့ ဝန်လေးသူမဟုတ်ပါဘူး။ စစ်ကောင်စီကိုယ်တိုင်ရွေးချယ်ခန့် အပ်ထားပြီး စစ်ယူနီဖောင်းဝတ်ဖြစ်ပေမယ့်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် အတွက် မလိုအပ်တော့အချိန်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်ဟောင်း ဇော်မင်းထွန်းက သက်သေပါပဲ။
ဒါတွေကိုကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်က လူရွေးချယ်ရာမှာ သူ့အတွက် အကျိုးစီးပွားနဲ့ ဗျူဟာမြောက် အသုံးဝင်မှုကိုသာ ဦးစားပေးလေ့ရှိတာကို လက်တွေ့ကျကျ ကြည့်မြင်ရမှာဖြစ်ပါတယ်။
ခြုံငုံပြောရမယ်ဆိုရင်တော့ အာဏာသိမ်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို ဗိုလ်ချုပ်ဟောင်း ဇော်မင်းထွန်းလိုပဲ “ရီရဦးမှာလား”၊ “လိမ်နေဦးမှာပဲ”၊ “စစ်တပ်နောက်ခံရှိလို့ သစ္စာခံရုပ်သေးရုပ်ပါ” စသဖြင့်အပေါ်ယံဝေဖန်မှုတွေက စစ်ကောင်စီရဲ့ မဟာဗျူဟာကျကျ
လူရွေးချယ်မှုတွေကို ဖုံးလွှမ်းသွားစေပါတယ်။ အပေါ်ယံအမြင်တွေကိုဖယ်ပြီး လက်တွေ့ကျကျသုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ လူရွေးချယ်မှု က အရင်ကထက်ပိုပြီး မဟာဗျူဟာကျလာတယ်ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒေသတွင်း အာဆီယံနဲ့ နိုင်ငံတကာမှာ တရားဝင်မှုရဖို့အတွက် ခြေလှမ်းတွေခပ်စိတ်စိတ်နဲ့ တွန်းတိုက်လှုပ်ရှားနေတာဖြစ်ပါတယ်။ အာဏာသိမ်းသမ္မတရဲ့ မျက်နှာစာ ပြောရေးဆိုခွင့်ရှိသူနေရာကို လှောင်ပြောင်ဟာသ လုပ်စရာသက်သက်အဖြစ် ကျော်လွန်သွားမယ့်အစား အာဏာသိမ်းစစ်တပ်က နိုင်ငံတကာနဲ့
ပြည်တွင်းမှာ ဝါဒဖြန့်ချိရေး စစ်ဆင်ရေးကို ဘယ်လို ဗျူဟာနဲ့ ပြင်ဆင်နေသလဲဆိုတာကိုလည်း လက်တွေ့ကျကျ ချဉ်းကပ်ကြည့်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
ဆောင်းပါးရှင် ဝေယမုံသည် နိုင်ငံရေး၊ ပဋိပက္ခနှင့် လုံခြုံရေး လေ့လာသုံးသပ်သူဖြစ်သည်။















