ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စာရင်းကောက်ယူရေးကိစ္စကို မြန်မာသံရုံးနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်ရေးအဖြစ် ဆွေးနွေးခဲ့ကြောင်း နှစ်နိုင်ငံအစိုးရရင်းမြစ်တွေက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က ခန့်အပ်ထားတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဇော်ဇော်စိုးက ထိုင်းအလုပ်သမားဝန်ကြီး Julapun Amornvivat ကို ဘန်ကောက်မြို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှာ စက်တင်ဘာ ၁၆ ရက်က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အချက်အလက်ကောက်ယူရေးကို အဓိကကိစ္စတရပ်အဖြစ် ထည့်သွင်းဆွေးနွေးခဲ့တာပါ။
နှစ်ဖက်နိုင်ငံတွေဟာ ရွှေ့ပြောင်းလုပ်သားစာရင်းကောက်ယူရေးအပြင် ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့ တရားဝင်ငွေလွှဲလမ်းကြောင်း အသုံးပြုရေး၊ တရားဝင်အလုပ်အကိုင်ရရှိရေး၊ ကျွမ်းကျင်မှုမြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်ရေးနဲ့ မြန်မာလုပ်သားတွေရဲ့ အခွင့်အရေး ကာကွယ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။
ထိုင်းအစိုးရဘက်ကလည်း လက်ရှိ ရွှေ့ပြောင်းလုပ်သားစနစ်ကို ပိုမိုစနစ်တကျဖြစ်စေရေးနဲ့ အလုပ်သမားအချက်အလက်တွေကို အစိုးရဒေတာစနစ်တွေနဲ့ ချိတ်ဆက်ပြီး စီမံခန့်ခွဲရေးကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံသား အလုပ်သမားတချို့အတွက် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ကာလကို ၂၀၂၇ ခုနှစ် ဒီဇင်ဘာအထိ တိုးမြှင့်ပေးထားပြီး လက်ရှိစာရင်းထဲမှာ ပါဝင်ပြီးသားလုပ်သားတွေရဲ့ အချက်အလက်စနစ်ကို ပိုမိုတိကျအောင် ပြင်ဆင်ဖို့လည်း ဆောင်ရွက်နေပါတယ်။
ဒါပေမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်တော့ ဒီလို စာရင်းကောက်ယူမှုဟာ ရိုးရိုးအလုပ်သမားစီမံခန့်ခွဲရေးကိစ္စတခုတည်း မဟုတ်ဘဲ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပဋိပက္ခနဲ့ စစ်ရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာသူတွေထဲမှာ တရားဝင်အလုပ်သမားစာရင်းဝင်မထားသူတွေ၊ အထောက်အထားမပြည့်စုံသူတွေ ရှိနေပါတယ်။
ထိုင်းနိုင်ငံက အရင်ကတည်းက အထောက်အထားမပြည့်စုံတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်အခြေအနေထဲ ဝင်ရောက်နိုင်ဖို့ စာရင်းသွင်းခြင်း၊ Certificate of Identity (CI) ထုတ်ပေးခြင်းနဲ့ အလုပ်လုပ်ခွင့်စနစ်တွေကို အသုံးပြုလာပါတယ်။ ချင်းမိုင်အပါအဝင် ထိုင်းနိုင်ငံရှိ CI စင်တာတွေမှာ မြန်မာလုပ်သားတွေကို စာရွက်စာတမ်းပြည့်စုံအောင် ဆောင်ရွက်ပေးနေပါတယ်။
သို့သော် မြန်မာနိုင်ငံကနေ နိုင်ငံရေးအကြောင်းပြချက်နဲ့ ထွက်ပြေးလာသူတွေအတွက်တော့ မြန်မာအစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အချက်အလက်ကောက်ယူတာကို ဘယ်လိုအသုံးပြုမလဲဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် လူတဦးရဲ့ ကိုယ်ရေးအချက်အလက်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နဲ့ မိသားစုအချက်အလက်တွေဟာ စာရင်းကောက်ယူမှုထဲမှာ ပါဝင်လာနိုင်တာကြောင့် အဲဒီအချက်အလက်တွေကို ဘယ်သူတွေက ဘယ်လိုအသုံးပြုခွင့်ရှိမလဲ၊ လုံခြုံစွာ ဘယ်လိုထိန်းသိမ်းမလဲဆိုတာက အရေးကြီးလာပါတယ်။
တဖက်မှာလည်း တရားဝင်စာရင်းသွင်းမှုနဲ့ အလုပ်လုပ်ခွင့်ရရှိခြင်းဟာ မြန်မာလုပ်သားတွေအတွက် အလုပ်ရှင်အနိုင်ကျင့်မှု၊ အလုပ်ခွင်အခွင့်အရေးချိုးဖောက်မှုနဲ့ လူကုန်ကူးမှုတွေကနေ ကာကွယ်ပေးနိုင်မယ့် အခြေအနေတချို့ ရရှိစေနိုင်ပါတယ်။ ထိုင်းအစိုးရကလည်း ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်စနစ်ထဲ ထည့်သွင်းခြင်းဟာ တရားမဝင်အလုပ်ခန့်ထားမှုနဲ့ လူကုန်ကူးမှုကို လျှော့ချဖို့ ရည်ရွယ်တယ်လို့ ပြောထားပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲက တက်လာတဲ့ မြန်မာအစိုးရကတော့ အလုပ်သမားတွေဆီက အခွန်ငွေတိုးကောက်ဖို့နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖိနှိပ်ကန့်သတ်ဖို့ အဓိက ရည်ရွယ်ချက်ဆိုတာ ရှင်းလင်းနေပါတယ်။
ဒါကြောင့် အခု မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ဆွေးနွေးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားစာရင်းကောက်ယူရေးမှာ “စာရင်းကောက်ဖို့” ဆိုတာထက် အချက်အလက်တွေကို ဘယ်သူက စီမံခန့်ခွဲမလဲ၊ ဘယ်လိုကာကွယ်မလဲ၊ နိုင်ငံရေးအကြောင်းပြချက်နဲ့ ထွက်ပြေးလာသူတွေရဲ့ လုံခြုံရေးကို ဘယ်လိုအာမခံမလဲ” ဆိုတဲ့အချက်တွေက ပိုအရေးကြီးလာပါတယ်။
လက်ရှိအချိန်မှာ နှစ်နိုင်ငံအစိုးရထုတ်ပြန်ချက်တွေမှာ စာရင်းကောက်ယူရေးကို ဘယ်အချိန်စတင်မယ်၊ ဘယ်သူတွေကို စာရင်းထဲ ထည့်သွင်းမယ်၊ ဘယ်လိုအချက်အလက်တွေ ကောက်ယူမယ်ဆိုတဲ့ အသေးစိတ်အစီအစဉ်ကို မဖော်ပြသေးပါဘူး။ အဲဒီအသေးစိတ်တွေ ထွက်လာတဲ့အခါ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဒီအစီအစဉ်ဟာ အထောက်အကူဖြစ်မလား၊ ဒါမှမဟုတ် နိုင်ငံရေးအကြောင်းပြချက်နဲ့ ထွက်ပြေးလာသူတွေအတွက် နောက်ထပ်လုံခြုံရေးအန္တရာယ်တွေ ဖြစ်လာနိုင်မလားဆိုတာ ပိုမိုရှင်းလင်းလာမှာ ဖြစ်ပါတယ်။

