ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သက်ကို ဌာနစုံအစည်းအဝေး ပြုလုပ်နေစဉ် အစည်းအဝေးတက်ရောက်နေတဲ့ ဝန်ထမ်းအားလုံးရှေ့မှာ လက်ထိပ်ခတ်ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။
အာဏာအလွဲသုံးစားမှုနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖောက်ဖျက်မှုတွေရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နေပြည်တော်နဲ့ တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၄ ရက် နေ့လည်ပိုင်းမှာ ဖမ်းဆီးသွားတာလို့ BIV ရဲ့ သတင်းရင်းမြစ်တွေက ပြောခဲ့တာပါ။
လပွတ္တာမြို့နယ်မှုးဟာ ရာထူးနှင့် အာဏာကို အလွဲသုံးစားလုပ်ပြီး ရဲမေတွေအပါအဝင် ဝန်ထမ်းတွေနဲ့ ဒေသခံအမျိုးသမီးတွေအပေါ် မဖွယ်မရာပြုမူခြင်း၊ ရဲဝန်ထမ်းများအပေါ် အနိုင်ကျင့်ဖိအားပေးခြင်းနှင့် တရားမဝင်ငွေကြေးရှာဖွေခိုင်းခြင်း စသည့် စွပ်စွဲချက်တွေနဲ့ ပြည်သူတွေက မကျေမနပ် ဖြစ်နေကြတာပါ။ ဒါ့အပြင် ရဲစခန်းအတွင်းရှိ အမျိုးသမီးရဲဝန်ထမ်းတွေနဲ့ အိမ်ထောင်သည်ရဲဝန်ထမ်းတွေရဲ့ ဇနီးတွေအပေါ် ရာထူးနှင့် အာဏာကို အသုံးချပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလဲ ပေါ်ပေါက်ထားပါတယ်။
အဆိုပါ စွပ်စွဲချက်များကြောင့် လပွတ္တာမြို့နယ်အတွင်း ရဲမှူးတင်မောင်သက်၏ အုပ်ချုပ်မှုအပေါ် မကျေနပ်မှုများ ရှိနေခဲ့ပြီး ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းအပေါ် ဒေသခံအချို့က ဝမ်းသာကြောင်း ပြောဆိုကြသည်။
“ပြည်သူကို စောင့်ရှောက်ရမယ့် ရဲအရာရှိတယောက်က အာဏာကို အခုလို အလွဲသုံးစားလုပ်တယ်ဆိုရင် ပြည်သူတွေအတွက် အန္တရာယ်ရှိပါတယ်။ အခုလို ဖမ်းဆီးစစ်ဆေးခံရတာကို ဝမ်းသာတယ်” ဟု လပွတ္တာဒေသခံတဦးက ပြောပါတယ်။
ဒေသခံများက ရဲမှူးတင်မောင်သက်အပေါ် ထွက်ပေါ်နေသည့် စွပ်စွဲချက်များကို သက်ဆိုင်ရာအထက်ဌာနများအနေဖြင့် ပွင့်လင်းမြင်သာစွာ စစ်ဆေးပြီး အမှန်တကယ် ကျူးလွန်မှုများရှိပါက ထိရောက်စွာ အရေးယူပေးဖို့လဲ လူမှုကူယက်ကတဆင့် တောင်းဆိုနေကြပါတယ်။
လက်ရှိမှာ တင်မောင်သက်ကို မည်သည့်ဌာနက ဖမ်းဆီးခဲ့ပြီး၊ မည်သည့်ဥပဒေပုဒ်မများဖြင့် အရေးယူထားသလဲ ဆိုတာနဲ့ သူ့အပေါ် စစ်ဆေးမှုအခြေအနေ အသေးစိတ်ကိုတော့ BIV အနေနဲ့ စုံစမ်းသိရှိရခြင်း မရှိသေးပါဘူး။ ပြည်သူတွေကတော့ တင်မောင်သက် အဖမ်းခံရတဲ့အပေါ် ကောင်းမွန်တဲ့ဖြစ်စဥ်တခုအဖြစ် ရှုမြင်နေကြပြီး အလားတူ အရေးယူခံရသင့်တဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ အများကြီး ကျန်ရှိနေသေးကြောင်း ပြောဆိုနေကြပါတယ်။

