စက်တင်ဘာ ၂၁ ရက်က စစ်တပ်လက်အောက်ခံ ပြန်ကြားရေးသတင်းဌာနက မီဒီယာထုတ်ပြန်ချက်တွေမှာ တာဝါတိုင်တွေက Earth Wire တွေ ဖြတ်ခိုးခံရတာ၊ တာဝါတိုင်အောက်ခြေက သံဘောင်နဲ့ ဘို့နပ်တွေ ဖြုတ်ခိုးခံရတာတွေကြောင့် System Breakdown ဖြစ်ပေါ်နေတယ်လို့ ဝန်ကြီးဌာနက ပြောထားပါတယ်။
Earth Wire ဖြတ်ခိုးခံရတာကြောင့် မိုးကြိုးလျှပ်စီးဒဏ်ကနေ ဓာတ်အားစနစ်ကို အပြည့်အဝ မကာကွယ်နိုင်တော့ဘဲ ဓာတ်အားလိုင်းကြိုးတွေ ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။ တာဝါတိုင်အောက်ခြေက သံဘောင်နဲ့ ဘို့နပ်တွေ ဖြုတ်ခိုးခံရတာကြောင့် တာဝါတိုင်ခိုင်ခံ့မှု လျော့ကျပြီး ပြိုလဲနိုင်တယ်လို့ သူတို့က ပြောထားတာပါ။ မဟာဓာတ်အားလိုင်းတချို့ ပျက်စီးနေပြီး ကျန်ရှိတဲ့လိုင်းတွေက ဝန်ပိုသယ်ဆောင်နေရတာကိုလဲ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်အပေါ် “ပြည်သူတွေအတွက် အရေးကြီးတာက ဘာကြောင့် မီးပျက်တာလဲ ဆိုတဲ့ အကြောင်းပြချက်မဟုတ်ဘူး။ ဘယ်အချိန်မှာ ပုံမှန်ပြန်ရမလဲ၊ ဘယ်လိုဖြေရှင်းနေသလဲ၊ ထပ်မဖြစ်အောင် ဘာလုပ်ထားလဲ။ ဒီမေးခွန်းတွေကို ရှင်းရမှာ” လို့ BIV ပရိသတ်တဦးက တုန့်ပြန်ပြောဆိုပါတယ်။
ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုကြည့်ရင် System Breakdown ဖြစ်ပြီးတိုင်း ဝန်ထမ်းတွေက ချက်ချင်း ပြုပြင်နေတယ်လို့ ဆိုထားပေမယ့် ဓာတ်အားပြန်ရဖို့ တချို့နေရာတွေမှာ ၅ နာရီခန့်အထိ ကြာမြင့်နိုင်တယ်လို့လည်း ဝန်ကြီးဌာနကိုယ်တိုင် ဝန်ခံထားပါတယ်။
တဖက်မှာလည်း စက်တင်ဘာ ၂၁ ရက်အထိ မီးအားအတက်အကျ မမှန်တာ၊ မီးအား အလွန်ကျဆင်းတာနဲ့ ရုတ်တရက် ဗို့အားမြင့်တက်တာတွေကြောင့် ပြည်သူတွေနဲ့ လုပ်ငန်းတွေ ထိခိုက်နေတယ်လို့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေပါတယ်။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ မီးပြတ်မှုအားလုံးကို အဲဒီအကြောင်းရင်းတခုတည်းနဲ့ ရှင်းပြလို့ရ၊ မရဆိုတာကတော့ သီးခြားစစ်ဆေးဖို့ လိုအပ်နေကြောင့် မင်းအောင်လှိုင်အစိုးရရဲ့ လျပ်စစ်မီးဘေးဒုက္ခကို လက်တွေ့ကြုံနေရသူတဦးက ပြောပါတယ်။

