သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာမှုနဲ့အတူ ကြီးမားတဲ့ နိုင်ငံရေးစမ်းသပ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဘယ်လို ချဉ်းကပ်မလဲ
ဧပြီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
သဘောထားအမြင်ဆောင်းပါး
ကျော့မောင်
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ သမ္မတဦးဝင်းမြင့်ကို မတရားဖမ်းဆီးထားတာကနေ ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်တပ်ပိုင် မီဒီယာတွေကနေ ကြေညာလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်နဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သမ္မတ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထောင်ချခံထားရသူတချို့ ပြန်လည်လွတ်မြောက်လာတာဟာ ဝမ်းမြောက်စရာဖြစ်ပါတယ်။ သူတို့တွေအားလုံးဟာ မတရားသဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသူတွေဖြစ်ပါတယ်။ ဒီဆောင်းပါး ရေးသားချိန်ထိတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးခြင်းမရှိသေးဘဲ နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ထားမယ်ဆိုတဲ့ သတင်းတွေသာ ထွက်ပေါ်နေပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးလိုက်တာဟာ သူအတုယောင် ဖန်တီးယူထားတဲ့ သမ္မတရာထူးကို အာဆီယံအပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုရဖို့နဲ့ နိုင်ငံရေးအရ ဖြေလျော့မှုတွေ လုပ်ဆောင်လာပြီဖြစ်တယ်ဆိုတဲ့ ပုံသဏ္ဍန်ကို ပုံဖေါ်ဖို့ ဆိုတာ အကြမ်းဖျဉ်းနားလည်လို့ရပါတယ်။ နောက်တချက်ကတော့ ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်နေရာမှာ သမ္မတ ဦး၀င်းမြင့်ကို အသိအမှတ်ပြုထားတာကို လက်မခံနိုင်တာကြောင့်လည်း ဖြစ်နိုင်ချေရှိပါတယ်။ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးထားတယ်၊ ဦးဝင်းမြင့်က သမ္မတ တာဝန်တွေကို ထမ်းဆောင်နေခြင်းမရှိဘူး သူကသာ သမ္မတရာထူးနဲ့တာဝန်ယူထားတာဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြချင်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။
တခြားတဖက်မှာတော့ တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တည်ရှိမှုကို ဝေဝါးအောင် ဒါမှမဟုတ် လှုပ်ခါသွားအောင် ဆိုတဲ့ ဗျူဟာတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ နိုင်ငံရေး၊စစ်ရေးဆောင်ရွက်ချက်တွေကို အခက်တွေ့စေလိုတဲ့ အကြောင်းအရင်းတွေလည်း ရှိနေနိုင်ပါတယ်။
လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ခေါင်းဆောင်တွေအဖြစ် ထားရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဲ့ အင်္ဂါစဉ်တွေအရ ဦးဝင်းမြင့်ဟာ NUG ရဲ့ ခေါင်းဆောင် သမ္မတဆိုတဲ့နေရာမှာ ရှိနေပါတယ်။ တဖက်မှာလည်း NUG စတင်ဖွဲ့စည်းချိန်မှာ သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မတရားဖမ်းဆီးထောင်ချခံထားရတာကြောင့် သူတို့က ဒီတာဝန်တွေကို လက်ခံထားခြင်းရှိ၊မရှိဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် ခေါင်းဆောင် ၂ ဦးဟာ ပြန်လည်လွတ်မြောက်လာတယ်ဆိုရင်တောင်မှ အာဏာသိမ်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေရသေးတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခေါင်းဆောင်ဆိုတဲ့ သတ်မှတ်ချက်ကို လက်ခံခြင်း၊ လက်မခံခြင်းက သူတို့အတွက် အကျဉ်းအကျပ်ဖြစ်စေမှာ အမှန်ပါပဲ။
သမ္မတဦးဝင်းမြင့်ဖမ်းဆီးထောင်ချခံထားရချိန်မှာ သမ္မတ တာဝန်တွေကို ထမ်းဆောင်နိုင်ခြင်းမရှိတာကြောင့်၊ NUG ရဲ့ ဒုသမ္မတ ဒူဝါလရှီးလက ယာယီသမ္မတအဖြစ် သမ္မတတာဝန်တွေကို ထမ်းဆောင်ပြီး NUG ရဲ့ ခေါင်းဆောင်အဖြစ်ရပ်တည်ပါတယ်။ လက်ရှိအချိန်မှာ သမ္မတဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာပြီဖြစ်ပေမယ့် NUG ရဲ့ ခေါင်းဆောင် သမ္မတအဖြစ် တာဝန်ယူဖို့ဆိုတာတော့ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။
ဆိုရရင်တော့ သမ္မတဦးဝင်းမြင့် အနေနဲ့ သူ့ရဲ့ မိသားစုဝင်တွေနဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် စစ်တပ်ရဲ့ ဖိအားပေးမှုကို ရင်ဆိုင်ရနိုင်သလို တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေက သမ္မတဦးဝင်းမြင့်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုဆက်လက် ထိန်းညှိမလဲဆိုတာဟာ နိုင်ငံရေးစမ်းသပ်ချက်တခုအဖြစ် ရှိလာပါတယ်။
သတင်းမီဒီယာတွေကလည်း သမ္မတ ဦးဝင်းမြင့်ကို NUG ရဲ့ ခေါင်းဆောင်မှု တာဝန်နဲ့ပတ်သက်ပြီး မေးမြန်းလာနိုင်တဲ့ အခြေအနေရှိသလို၊ အဲ့ဒီလို အခြေအနေတွေက မတရားဖမ်းဆီးခံထားရတာကနေ လွတ်မြောက်လာစ သမ္မတဦးဝင်းမြင့်အတွက် အကျပ်အတည်းဖြစ်စေနိုင်ပါတယ်။
အဲ့ ဒီ့အတွက် နိုင်ငံရေးအရ အဖြေရှာထားရမယ့် တာဝန်ဟာ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုအပိုင်းမှာ တာဝန်ယူထားသူတွေနဲ့ တိုက်ရိုက်သက်ဆိုင်လာပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် တော်လှန်ရေးအစိုးရအနေနဲ့ ဘယ်လိုစဉ်းစားချက်တွေရှိထားသလဲ၊ ဘယ်လို ပြင်ဆင်ထားချက်တွေ ရှိထားသလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။ အာဏာသိမ်းစစ်တပ်က လုပ်သမျှ နောက်ကနေ လိုက်လုပ်နေရတဲ့ အဆင်ပြေသလို ကြည့်ကနေရတဲ့ အခြေအနေမျိုးထက်သာလွန်တဲ့ ဗျူဟာမြောက်လုပ်ဆောင်မှုတွေ လိုအပ်နေပြီဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတာ (၅) နှစ်ပြည့်တဲ့နေ့ ဧပြီလ ၁၆ ရက်နေ့မှာ NUG ရဲ့ ယာယီသမ္မတ မိန့်ခွန်းပြောခဲ့ပြီး အဲ့ဒီ မိန့်ခွန်းအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် နဲ့တကွ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ အခြေအနေကို တမိနစ်တစက္ကန့်မျှ မေ့လျော့ခြင်းမရှိကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ စစ်အုပ်စုဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကို မတရားပုဒ်မတွေတပ်ပြီး ချုပ်နှောင် ထားနိုင်ပေမဲ့ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတွေကိုတော့ ဘယ်တော့မှ ပိတ်လှောင်ထားနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးများနဲ့တကွ နွေဦးတော်လှန် ရေးအတွင်း မတရားဖမ်းဆီးခံထားရသူအားလုံးကို ‘ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့’ ပြတ်ပြတ်သားသား တောင်းဆိုပါတယ်။” လို့ ယာယီသမ္မတက သူ့ရဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူရဲ့ အတုယောင်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ အစိုးရကို အာဆီယံအပါအဝင်၊ နိုင်ငံတကာက အသိအမှတ်ပြုတာရဖို့၊ နိုင်ငံရေးဖြေလျော့မှုနဲ့နိုင်ငံရေးဆွေးနွေးဖို့ဆိုတာတွေကို အယောင်ပြပြီး သူကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကနေ ကျော်လွှားနိုင်ဖို့ အစီစဉ်တကျ လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုကို တိကျတဲ့ သတင်းစကားတွေ ပေးဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ အထူးသဖြင့် တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပြည်သူလူထုထံ ရှင်းရှင်းလင်းလင်း တင်ပြဖို့ လိုအပ်သလို၊ တော်လှန်ရေး မူလရည်မှန်းချက်ပန်းတိုင်တွေကနေ သွေဖယ်သွားခြင်း ရှိမရှိ ဆိုတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်လက်ကိုင်စွဲထားတဲ့ နိုင်ငံရေးလမ်းစဉ်၊ နည်းနာတွေကို အရှိအတိုင်း ရှင်းလင်းလင်းတင်ပြပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
လက်ရှိ လက်နက်ကိုင်တော်လှန်ရေးအခင်းအကျင်း၊ နိုင်ငံရေးအခင်းအကျင်းတွေက ဘယ်လို ရှိနေတယ်ဆိုတာနဲ့ ဘယ်လို ဦးဆောင်မှုနဲ့ ဘယ်လိုဦးတည်ချက်နဲ့ ဆက်သွားမလဲဆိုတာကိုလည်း ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖေါ်ပြောကြားဖို့ လိုအပ်ပါတယ်။ ဆိုရရင်တော့ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးအပေါ် အတွေးအမြင်တွေက ဝေဝါးမှုမရှိစေဖို့၊ နိုင်ငံရေးအခင်းအကျင်းအစစ်အမှန်ကိုသိရှိနေနိုင်ဖို့ဆိုတာဟာ အမျိုးသားညီညွတ်ရေးအစိုးရမှာ တာဝန်အပြည့်အ၀ရှိလာပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း အခုလို အခင်းအကျင်းတွေဖြစ်လာရင်ဆိုတဲ့ စဉ်းစားချက်တွေ၊ ပြင်ဆင်ထားချက်တွေ ရှိနေပြီးသားဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။
ဆိုရရင်တော့ ဒီကနေ့ တော်လှန်ရေးလမ်းဟာ ဘယ်လောက်အထိ ရှင်းလင်းပြတ်သားသလဲဆိုတာ ပြည်သူကို ပွင့်လင်းမြင်သာမှုရှိရှိ သတင်းစကားပါးရပါလိမ့်မယ်၊ တော်လှန်ရေးကာလတလျောက်လုံး စွန့်လွှတ်အသက်ပေးခဲ့ကြသူတွေနဲ့ ဆုံးရှုံးသွားတဲ့ အသက်တချောင်းချင်းစီအတိုင်းအတွက် တာဝန်ယူမှုကို အလေးအနက်ထားရပါလိမ့်မယ်။ ကြုံတွေ့လာတဲ့ နိုင်ငံရေးစမ်းသပ်ချက်တွေနဲ့အတူ စစ်အုပ်စုလက်ထဲမှာ နိုင်ငံရေးဓါးစားခံဖြစ်နေရတဲ့ ခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာနဲ့ အကျပ်အတည်းကိုလည်း ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ မူဝါဒတွေ အတိအကျ ရှိရပါလိမ့်မယ်။ ဒီအချက်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေး ဦးဆောင် အဖွဲ့အစည်းတွေအားလုံးမှာ တာဝန်ရှိနေပြီဖြစ်ပြီး အဲ့ဒီအတွက်လည်း ခပ်မြန်မြန် ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
စစ်အုပ်စုက သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တယ်ဆိုတာဟာ နိုင်ငံရေးစိတ်စေတနာမှန်မှန်နဲ့ နိုင်ငံရေးအရ လျှော့ပေးတာမျိုး မဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေကြားမှာ ဝေဝါးသွားအောင်၊ နိုင်ငံတကာကို သူတို့ဟာ နိုင်ငံရေးအရ ပြောင်းလဲနေပြီဆိုပြီး လှည့်စားဖို့အတွက် ခင်းကျင်းလိုက်တဲ့ “နိုင်ငံရေးထောင်ချောက်” တခုသာ ဖြစ်ပါတယ်။ ဒီလို ထိလွယ်ရှလွယ်တဲ့ အခြေအနေမျိုးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စစ်အုပ်စုရဲ့ ကစားကွက်နောက်ကို တရွတ်တိုက်ပါသွားတာမျိုး မဖြစ်အောင် ဗျူဟာမြောက်တဲ့ တုံ့ပြန်မှုတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။