နရသိန်စံ သမ္မတတွေနဲ့ မြန်မာ
ဆောင်းပါး
ရေးသားသူ – အုန်းညို
မြန်မာပြည်မှာ ၁၉၄၈ လွတ်လပ်ရေးရစကနေ ၂၀၂၁ ခုနှစ်ထိ သမ္မတ (၁၀)ဦး တာဝန်ထမ်းဆောင်ခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ် (၃) ဦး၊ မဆလ တပါတီခေတ် (၄) ဦး ၊ ၂၀၀၈ ခြေဥခေတ် သမ္မတ (၃) ဦး ဖြစ်ပါတယ်။ ဒီအထဲမှာ ပါလီမန်ဒီမိုကရေစီခေတ်က သမ္မတတွေဟာ အဆောင်အယောင်ရာထူးသာဖြစ်ပြီး အစိုးရအဖွဲ့ခေါင်းဆောင်ကတော့ ဝန်ကြီးချုပ်ဖြစ်တဲ့အတွက် ဖဆပလနဲ့ အိမ်စောင့်ဝန်ကြီးချုပ်တွေက ပိုအာဏာကြီးကြပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာလည်း ဦးနေဝင်းကလွဲရင် ကျန်တဲ့သမ္မတအဆက်ဆက်ပြောင်းလည်း အာဏာရှိသူက ပါတီဥက္ကဌကြီး ဦးနေဝင်းသာဖြစ်တာမို့ ရုပ်သေးသမ္မတ အနေအထားသာ ရှိပါတယ်။မဆလခေတ် နောက်ဆုံးနေ့များမှာ သမ္မတဖြစ်ကြတဲ့ ဦးစိန်လွင်နဲ့ ဒေါက်တာမောင်မောင်တို့ဟာလည်း ၁၉၈၈ လူထုအရေးတော်ပုံနဲ့ ကြုံဆုံခဲ့တာမို့ သမ္မတသက်တမ်း မကြာရှည်ခဲ့ကြပါဘူး။
မြန်မာပြည်ရဲ့ ဟာဘီးဘီး မဖြစ်လာတဲ့ ဒေါက်တာမောင်မောင်ဆိုရင်လည်း နဝတစစ်အုပ်စုအတွက် အာဏာသိမ်းကြေညာချက်တွေကိုတောင် ပြင်ဆင်ပေးခဲ့တယ်လို့ နဝတထောက်လှမ်းရေးချုပ်ဟောင်း ဗိုလ်ခင်ညွန့်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိက ဆိုပါတယ်။စစ်အစိုးရခေတ်အလွန် စစ်တစ်ပိုင်း ဒီမိုကရေစီခေတ်မှာတော့ သမ္မတအာဏာကို ပြည့်ပြည့်ဝဝ ချုပ်ကိုင်ခဲ့သူဟာ နဝတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် တစ်ယောက်သာ ရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တင်မြှောက်ခံ သမ္မတတွေ လက်ထက်မှာတော့ လူထုခေါင်းဆောင် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ဩဇာက ပိုမိုကြီးမားတာမို့ အစိုးရအဖွဲ့ကို သူကပဲ ထိန်းကျောင်းတယ်လို့ ဆိုနိုင်ပါတယ်။
ဒီသမ္မတ (၁၀) ဦးထဲမှာ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို ခံခဲ့ရတဲ့ အရပ်သား သမ္မတစစ်စစ် နှစ်ဦး နဲ့ စစ်အုပ်စုဖမ်းဆီးထားချိန်မှာ ကွယ်လွန်ခဲ့ရတဲ့ သမ္မတဟောင်းတဦး ရှိပါတယ်။ ပထမ အာဏာသိမ်းခံ သမ္မတက ပါလီမန်ဒီမိုကရေစီခေတ် သမ္မတမန်းဝင်းမောင်ဖြစ်ပြီး ၁၉၅၈ အိမ်စောင့် အစမ်းအာဏာသိမ်းပွဲကိုရော ၁၉၆၂ အပြီးအပိုင် အာဏာသိမ်းပွဲကိုပါ သမ္မတအနေနဲ့ ကြုံခဲ့ရပါတယ်။ ၁၉၅၈ အာဏာသိမ်းပွဲဟာ အခြေခံဥပဒေနဲ့ ပါလီမန်ကို မဖျက်တာမို့ နိုင်ငံတော်သမ္မတရာထူး ဆက်လက်တည်ရှိခဲ့ပေမယ့် ၁၉၆၂ အာဏာသိမ်းချိန်မှာတော့ ၅ နှစ် တိုင်တိုင် စစ်အုပ်စုရဲ့ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၆၇ အကျဉ်းထောင်က ပြန်လွတ်ချိန်မှာ မဆလ အကြံပေးကောင်စီ ၃၃ ဦးထဲ ပြန်ပါခဲ့ရသလို ၁၉၈၈ သူ့အသက်၇၂နှစ်အရွယ်မှာ ဦးနု ကြေငြာတဲ့ စင်ပြိုင်အစိုးရရဲ့ သမ္မတအဖြစ် အမည်သွင်းခံခဲ့ရပါတယ်။
သမ္မတဟောင်း မန်းဝင်းမောင် ဟာ မြန်မာပြည်လွတ်လပ်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးမှာ အရေးကြီး တဲ့ လေထီးလှုပ်ရှားမှု လို့ လူသိများတဲ့ မဟာမိတ်ချိတ်ဆက်ရေး ရဲဘော် ၃၃ ဦးထဲမှာ ပါဝင်ခဲ့ပြီး သူနဲ့အတူ လေထီးခုန်ခဲ့သူတွေထဲ ဗိုလ်မှူးချစ်ကောင်း လို နာမည်ကျော် ကွန်မြူနစ်နိုင်ငံရေးခေါင်းဆောင်တွေပါပါတယ်။ သူသမ္မတ ဖြစ်နေစဉ်မှာပဲ တချိန်က ရဲဘော်ရဲဘက် ဗိုလ်မှူးချစ်ကောင်းကို သေဒဏ်ကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခဲ့တဲ့ဖြစ်ရပ်နဲ့ သမ္မတဖြစ်လာတာ တောင်ရှည်ပုဆိုးအမြန်ဝတ်တတ်တယ် ဆိုတဲ့ စကားက ထင်ရှားခဲ့ပါတယ်

၁၉၈၈ နဝတ စစ်အုပ်စု အာဏာသိမ်းပွဲမှာတော့ မဆလ ခေါင်းဆောင်ဟောင်းများကို ဖမ်းဆီးထိန်းသိမ်းတာမျိုး မရှိခဲ့ပါဘူး။ ၂၀၂၁ တကျော့ပြန် အာဏာသိမ်းပွဲ အရောက်မှာတော့ လူထုတင်မြှောက်တဲ့ သမ္မတဦးဝင်းမြင့် စစ်အုပ်စုရဲ့ထောင်သွင်းအကျဉ်းချခြင်းကို ခံခဲ့ရပြန်ပါတယ်။ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းမြင့်ဟာ ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ဖြစ်သလို ၁၉၉၀ကနေ ၂၀၂၀အထိ ပြိုင်သမျှရွေးကောက်ပွဲ တိုင်း နိုင်ခဲ့တဲ့ မှတ်တမ်းလည်း ရှိသူ ဖြစ်ပါတယ်။

စစ်အုပ်စုအာဏာသိမ်းပွဲမှာ ကျန်းမာရေးအရ အနားယူကြောင်း လက်မှတ်ထိုးဖို့ စစ်အုပ်စုက ဖိအားပေးတာကို နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိရှိ မာမာထန်ထန် အံတုခဲ့သူအဖြစ် လူထုက လေးစားကြပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ် မှာ ဦးထင်ကျော် နှုတ်ထွက်အပြီး သမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်ဟာ ဥပဒေပြုမဏ္ဍိုင်ရဲ့ အကြီးအကဲဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ်ရော အုပ်ချုပ်ရေးမဏ္ဍိုင်အကြီးအကဲ အဖြစ်ပါ တာဝန်ယူဖူးသူတဦးအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဦးဝင်းမြင့်လို နောက်ထပ်မှတ်တမ်းဝင်သူက လွတ်လပ်ပြီးခေတ် ပထမဆုံးသမ္မတ စဝ်ရွှေသိုက်ပါ။၁၉၆၂မှာ လူမျိုးစုလွှတ်တော်နာယက တာဝန်ယူထားတဲ့စဝ်ရွှေသိုက်ဟာ စစ်အုပ်စု အာဏာသိမ်းချိန်မှာ သမ္မတရာထူး မရှိပေမယ့် စစ်အုပ်စုရဲ့ ထောင်သွင်း အကျဉ်းချခံရချိန်အတွင်း ကွယ်လွန်ခဲ့တဲ့ ပထမဆုံးနဲ့ တဦးတည်းသော သမ္မတဟောင်း အဖြစ် မှတ်တမ်းဝင်သူလည်း ဖြစ်ပါတယ်။
၁၉၆၂အာဏာသိမ်းပွဲရဲ့ သွေးထွက်သံယို ဖြစ်စဉ်ကလည်း စဝ်ရွှေသိုက် အိမ်တော်ဝင်းအတွင်း ဖြစ်ခဲ့ပြီး သားငယ် စဝ်မီမီသိုက် ကွယ်လွန်ခဲ့ပါတယ်။ စဝ်ရွှေသိုက် ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးကြီးဆုံး ပုဂ္ဂိုလ် တဦး ဖြစ်ပြီး သူ့ရဲ့ အရေးပါမှုဟာ သမ္မတဖြစ်ခဲ့မှု တခုတည်းကြောင့် မဟုတ်ပါဘူး။ ပင်လုံညီလာခံရဲ့ ကနဦး ခြေလှမ်း ဖြစ်တဲ့ ရှမ်းစော်ဘွားများကောင်စီ နဲ့ ပထမပင်လုံလို့ သိကြတဲ့ ရှမ်းပြည်လက်မှုပြပွဲတွေ မှာ အဓိက ပါဝင်ခဲ့သူအဖြစ် စဝ်ရွှေသိုက်က မှတ်တမ်းဝင်ပါတယ်။ ၁၉၄၇မှာ ပေါ်ပေါက်လာတဲ့။ ၁၉၄၇အခြေခံဥပဒေရေးဆွဲရေး တိုင်းပြည်ပြုလွှတ်တော်မှာလည်း အကြီးအကဲ ဖြစ်ခဲ့ပြီး လွတ်လပ်ပြီး မြန်မာပြည်ရဲ့ ပထမဆုံး နိုင်ငံတော်သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံရသူ ဖြစ်ပါတယ်။ သမ္မတအဖြစ်က အနားယူပြီးတဲ့နောက် လူမျိုးစုလွှတ်တော်မှာ ပင်လုံကတိကဝတ်တွေ ကို ဖော်ဆောင်ဖို့ ဖက်ဒရယ်အရေး ဆောင်ရွက်နေစဉ်မှာပဲ စစ်အာဏာသိမ်းခံရပြီး များမကြာခင် ကွယ်လွန်ခဲ့ရပါတယ်။ ညောင်ရွှေဟော်ကိုလည်း စစ်တပ်က သိမ်းယူခဲ့ပါသေးတယ်။

ယခုဆောင်းပါးကို ရေးနေချိန်မှာ စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အကျဉ်းထောင်က လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေငြာခဲ့ပေမယ့် အဲ့ဒီကြေညာချက်မှာ သမ္မတဦးဝင်းမြင့်ကို ဦး စတဲ့ ပုဒ်တပ်မခေါ်ပဲ ရာဇဝတ်သား တဦးသဖွယ် ရေးသားထားမှုနဲ့ ပုဒ်မ (၄၀၁) ကို ဖော်ပြထားတာကလည်း စစ်အုပ်စုရဲ့ နိုင်ငံရေးအာဃာတ ကို ထင်ဟပ်နေပါတယ်။ သမ္မတ ဦးဝင်းမြင့်ကတော့ သူအနေနဲ့ ဥပဒေနဲ့ ငြိစွန်းတာမလုပ်ထားတာကြောင့် ပုဒ်မ (၄၀၁)ကို လက်မှတ်မထိုးခဲ့ဘူးဆိုတဲ့ သတင်းတွေလည်း တွေ့ရပါတယ်။
တဘက်မှာလည်း သမ္မတဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ဆက်လက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရာထူးနဲ့ ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့် ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့ မေးခွန်းတွေ ကျန်ရှိနေပါသေးတယ်။
အုန်းညိုသည် မြန်မာစစ်တပ်နှင့် မြန်မာ့နိုင်ငံရေးသမိုင်းနှီးနွယ် ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။