စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အဝေးသင်တက္ကသိုလ်အနီးကပ်သင်တန်း တက်ရောက်ဖို့ နယ်စုံကနေ ပုသိမ်မြို့ကို ရောက်ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် ညပိုင်းလမ်းသွားလမ်းလာတွေကို ပုသိမ်မြို့ကလုံခြုံရေးဂိတ်တွေမှာ အဓမ္မငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေပြီး အဆောင်မှာသောက်ဖို့ ဝယ်လာတဲ့ ဘီယာဗူးတွေလဲ သိမ်းဆည်းခံခဲ့ရတယ်လို့ ပုသိမ်ရောက် အဝေးသင်ကျောင်းသားတွေထံက သိရပါတယ်။
ထွေအုပ်၊ စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်လို့ ယူဆရသူတွေက မှတ်ပုံတင်၊ ဧည့်စာရင်းနဲ့ ခရီးသွားလာမှုတွေကို အကြောင်းပြစစ်ဆေးပြီး ကြုံသလို ငွေကြေးတောင်း၊ အနိုင်ကျင့်နေကြတာဖြစ်တယ်လို့ ကျောင်းသားတယောက်က BIV ကို ပြောပါတယ်။ အထူးသဖြင့် စက်တင်ဘာလ ၁၂ ရက်ညက အဆောင်မှာသောက်ဖို့ ဘီယာပါဆယ် ဝယ်ယူလာတဲ့ ကျောင်းသားတွေဆီက ဘီယာဗူးတွေကို ရဲနဲ့စစ်တပ်က လုံခြုံရေးဂိတ်မှာ အတင်းအဓမ္မ သိမ်းယူသွားခဲ့တာတွေ ရှိခဲ့ပါတယ်။
“မိုးလေဝသကွေ့နားကဂိတ်မှာ ဘီယာတဖာလုံးကို သယ်ခွင့်မရှိဘူး ဆိုပြီး ဆွဲချသွားတာ။ စစ်တပ်၊ ရဲ။ ပြီးတော့ အပြာဝတ်ကောင်တွေပါတယ်။ မီးသတ်မဟုတ်ဘူး။ တဂိတ်ကို ၁၀ ယောက်အနည်းဆုံး ချပြီး တလမ်းလုံး ပိတ်စစ်တာ။ လုံခြုံရေးစစ်တဲ့ကောင်တွေက ဘီယာဗူးကို သိမ်းသွားတာဗျ” လို့ သူက ပြောခဲ့ပါတယ်။
အဝေးသင်စာမေးပွဲကာလအတွက် နယ်စုံက ကျောင်းသား၊ ကျောင်းသူအချို့ဟာ ပုသိမ်မြို့မှာ ကြိုတင်လာရောက်နေကြတာဖြစ်ပြီး တည်းခိုရာနေရာမှာ ဧည့်စာရင်းတိုင်ရတာအပြင် ညပိုင်း အပြင်ထွက် သွားလာချိန်တွေမှာပါ စစ်ဆေးမှုတွေ ကြုံနေရတာပါ။ အဲဒီစစ်ဆေးရေးအဖွဲ့ဟာ အလုပ်ပိတ်ရက်မှာ အပြင်ထွက်ပြီး ပြန်လာတဲ့သူတွေနဲ့ စားသောက်ဆိုင်၊ Bar တွေကနေ ပြန်လာတဲ့ လူငယ်တွေကို အဓိကထား စစ်ဆေးခဲ့ပြီး “ဘယ်ကပြန်တာလဲ”၊ “ဘယ်မှာနေလဲ” စတဲ့ မေးခွန်းတွေ မေးမြန်းခဲ့တယ်လို့ ကိုယ်တိုင်ကြုံရသူ ပုသိမ်မြို့ခံတဦးက အတည်ပြုပါတယ်။
“ဂိတ်မှာ ဆိုင်ကယ်ဆင်းတွန်းရတယ်။ မမြင်မိလို့ မောင်းဝင်သွားရင် အရစ်ခံရတယ်။ အဲ့လိုမျိုးဆို ဖုန်းစစ်ပြီ ဘာမှမတွေ့ရင်တောင် ၁၅ မိနစ်လောက် ကြာတယ်။ ဖုန်းထဲပါသမျှ အကုန်ကြည့်တာ၊ အကုန်ဖတ်တာ” လို့ လုံခြုံရေးစစ်ဆေးတဲ့ အခြေအနေကို နယ်ခံတဦးက ပြောတာပါ။
ဆိုင်ကယ်ပေါ်ကဆင်းခိုင်းတာ၊ ကားမှန်ချ နောက်ဖုံးဖွင့်ပြခိုင်းတာအပြင် ဖုန်းတွေကို ယူဆောင်စစ်ဆေးတာနဲ့ တချို့တွေကို အချိန်ဆွဲစစ်ဆေးတာတွေဟာ စစ်အာဏာသိမ်းတပ် လက်အောက်ခံ လုံခြုံရေးဂိတ်တွေက ပြုလုပ်နေကျ အမူအကျင့်တွေဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် လုံခြုံရေးစစ်ဆေးမှုနဲ့ မသက်ဆိုင်တဲ့ မလိုအပ်တဲ့ အပိုစစ်ဆေးမှုတွေကိုလဲ ကြုံနေရပါတယ်။
“ပုံမှန်စစ်ဆေးတာမျိုးမဟုတ်ဘဲ ရစ်ပတ်ပြီး ပိုက်ဆံတောင်းတာတွေ ရှိတယ်။ ကျောင်းသားတွေဆိုရင်လည်း ဘယ်ကလာတာလဲ၊ ဘယ်မှာနေမှာလဲဆိုပြီး အချိန်ယူစစ်ဆေးတာတွေ ကြုံရတယ်” လို့ အဆိုပါပုသိမ်မြို့ခံက ပြောပါတယ်။
ညပိုင်းဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်တွေကိုလည်း “စစ်ဆေးစရာရှိတယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်ဆွဲငွေညှစ်တာတွေ ကြုံဖူးတယ်လို့ အဆိုပါဒေသခံက ဆက်ပြီး ပြောဆိုခဲ့ပါတယ်။

