BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

အမေရိကန် လွှတ်တော်မှာ ဗြိတိန်ဘုရင် ချားလ်စ် မိန့်ခွန်းပြော၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ ပတ်သက်ပြီး သမ္မတ ထရန့်ကို သွယ်ဝိုက်သတိပေး

ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်နိုင်ငံကို နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဗြိတိန်ဘုရင် ချားလ်စ် (၃) ဟာ အင်္ဂါနေ့က အမေရိကန် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲ့ဒီမိန့်ခွန်းမှာ ချားလ်စ် ဘုရင်ဟာ ဒီမိုကရေစီရဲ့ အခြေခံတန်ဖိုးတွေဖြစ်တဲ့ ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး လွတ်လပ်မှုနဲ့ နိုင်ငံတကာ မဟာမိတ်ပြုမှုတွေရဲ့ အရေးပါပုံကို အလေးပေး ပြောကြားခဲ့ပါတယ်။

ဘုရင်ကြီးဟာ သမ္မတ ထရန့် အစိုးရကို တိုက်ရိုက် ဝေဖန်တာမျိုး မလုပ်ခဲ့ပေမယ့်၊ လက်ရှိ အမေရိကန်ရဲ့ နိုင်ငံရေး ဦးတည်ချက်အပေါ် သွယ်ဝိုက်ပြီး စိုးရိမ်ပူပန်ကြောင်း ပြသခဲ့တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ အထူးသဖြင့် ယူကရိန်းကို အခိုင်အမာ ကာကွယ်ပေးဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ “ သဘာဝတရား” ကို စောင့်ရှောက်ရမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါဟာ ရာသီဥတု ပြောင်းလဲမှုကို လိမ်လည်လှည့်ဖြားမှုတခုအဖြစ် ပြောဆိုလေ့ရှိတဲ့ သမ္မတ ထရန့်အပေါ် သွယ်ဝိုက်ထောက်ပြလိုက်တာ ဖြစ်ပါတယ်။

“ အမေရိကန်ရဲ့ စကားလုံးတွေဟာ လွတ်လပ်ရေးရကတည်းက အနှစ်သာရရှိသလို၊ အခုအချိန်မှာ ဒီထက်ပိုပြီး အရေးကြီးတာကတော့ ဒီနိုင်ငံကြီးရဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ် ” လို့ ဘုရင်ကြီးက လွှတ်တော်အတွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အီရန်စစ်ပွဲမှာ ဗြိတိန်က ပါဝင်ဖို့ ငြင်းဆန်ခဲ့တာကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေချိန်မှာ “သူငယ်ချင်းအချင်းချင်း သဘောထားကွဲလွဲနိုင်ပေမယ့် ရေရှည်ခိုင်မြဲတဲ့ သံယောဇဉ်ကိုတော့ မဖြတ်တောက်သင့်ဘူး” လို့ ဘုရင်ကြီးက ဆိုပါတယ်။ ဘုရင်ကြီးဟာ သမ္မတ ထရန့်ကို ဒုတိယကမ္ဘာစစ်အတွင်းက သုံးခဲ့တဲ့ HMS Trump ရေငုပ်သင်္ဘောက ခေါင်းလောင်းဟောင်းတခုကို လက်ဆောင်ပေးခဲ့ပြီး “ကျွန်တော်တို့ကို လိုအပ်ရင် ဒီခေါင်းလောင်းကို တီးပြီး အသိပေးပါ” လို့ အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း သမိုင်းဝင် ထူးခြားချက်တခုကတော့ သမ္မတ ထရန့်ရဲ့ ဝေဖန်သူတွေက သူ့ကို “ ဧကရာဇ်” တဦးလို အာဏာရှင်ဆန်ဆန် ပြုမူနေတယ်လို့ စွပ်စွဲနေချိန်မှာ၊ အခြေခံဥပဒေအရ အာဏာအကန့်အသတ်ရှိတဲ့ “ တကယ့်ဘုရင်” တပါးက ဒီမိုကရေစီ တန်ဖိုးတွေကို လာရောက် သတိပေးနေတာပဲ ဖြစ်ပါတယ်။

သမ္မတ အိမ်ဖြူတော်ဘက်ကတော့ သမ္မတ ထရန့်နဲ့ ဘုရင်ကြီးတို့ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံကို “ Two Kings” (ဘုရင်နှစ်ပါး) ဆိုတဲ့ စာသားနဲ့ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ သုတေသီ Garret Martin ကတော့ “ဒါဟာ ဘုရင်တပါးက သမ္မတတဦးကို ဘုရင်နဲ့တူအောင် မလုပ်ဖို့ သတိပေးနေသလိုပါပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိမှာ ထရန့် အစိုးရဟာ သူ့ရဲ့ နိုင်ငံရေးရန်သူဟောင်းတွေကို တရားစွဲဆိုတာတွေ၊ အမေရိကန် နိုင်ငံကူးလက်မှတ်သစ်တွေမှာ သမ္မတရဲ့ ပုံတူကို ထည့်သွင်းတာတွေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိပါးစေမယ့် လုပ်ဆောင်ချက်တွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed