မေ ၂၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တိုင်ဝမ်သမ္မတနဲ့ တိုက်ရိုက်စကားပြောဆိုဖို့ အလားအလာရှိတယ်လို့ မေလ ၂၀ ရက် က မထင်မှတ်ဘဲ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါဟာ ၁၉၇၉ ခုနှစ် ဝါရှင်တန်က တိုင်ဝမ်အစား ဘေဂျင်းအစိုးရကို တရားဝင် သံတမန်ရေးရာ အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ် ၄ ခုကျော်အတွင်း တကြိမ်မျှမရှိဖူးသေးတဲ့ အမေရိကန်ရဲ့ သံတမန်ရေးရာ စံနှုန်းတွေကို အကြီးအကျယ် ကျော်လွန်မယ့် လုပ်ရပ်တခု ဖြစ်လာနိုင်ပါတယ်။
မေရီလန်းပြည်နယ်ရှိ Joint Base Andrews လေတပ်စခန်းမှာ အမေရိကန်လွှတ်တော်က ဇန်နဝါရီလတုန်းက အတည်ပြုထားတဲ့ ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိတဲ့ တိုင်ဝမ်ကို လက်နက်ရောင်းချမယ့် အစီအစဉ်ကို သမ္မတအနေနဲ့ လက်မှတ်မထိုးခင် တိုင်ဝမ်သမ္မတလိုင်နဲ့ ဖုန်းဆက်ဆွေးနွေးမလားလို့ သတင်းထောက်တွေက မေးမြန်းချိန်မှာ ထရမ့်က အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ထရမ့်က “ ကျွန်တော် သူနဲ့ စကားပြောမှာပါ။ ကျွန်တော်က လူတိုင်းနဲ့ စကားပြောပါတယ်။ ကျွန်တော်တို့ ဒီအခြေအနေကို သေချာကိုင်တွယ်ထားနိုင်ပါတယ်။ အဲဒီ တိုင်ဝမ်ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းသွားမှာပါ“ လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ထရမ့်ရဲ့ အခုလို ပြောဆိုချက်ဟာ ဘေဂျင်းမြို့ကို သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှုအပြီး ရက်ပိုင်းအတွင်းမှာတင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ထရမ့် တရုတ်နိုင်ငံကို ရောက်ရှိစဉ်တုန်းက သမ္မတရှီကျင့်ဖျင်က တိုင်ဝမ်အရေးကို သေချာမကိုင်တွယ်ရင် “ အလွန်အန္တရာယ်များတဲ့ အခြေအနေမျိုး” ဖြစ်သွားနိုင်တယ်လို့ ထရမ့်ကို လူကိုယ်တိုင် ပြတ်ပြတ်သားသား သတိပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ထရမ့်ကတော့ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှုဟာ “ အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်ခဲ့တယ်” လို့ ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ပြောကြားခဲ့ပါတယ်။
ထရမ့်ဟာ ၂၀၁၆ ခုနှစ် သမ္မတအဖြစ် ရွေးကောက်ခံရပြီးစ ကာလတုန်းကလည်း အမေရိကန်ရဲ့ ဆယ်စုနှစ်ချီ သံတမန်ရေးရာ စည်းကမ်းတွေကို ကျော်လွန်ပြီး ထိုစဉ်က တိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် နဲ့ ဖုန်းပြောခဲ့ဖူးတာကြောင့် တရုတ်အစိုးရရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုကို ခံခဲ့ရဖူးပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ဘင်က ဗုဒ္ဓဟူးနေ့မှာပဲ တိုင်ဝမ်သမ္မတလိုင်ကို “ ပြင်ပအင်အားစု (အမေရိကန်) ကို အားကိုးပြီး တိုင်ဝမ်လွတ်လပ်ရေး ရှာဖွေဖို့ စိတ်ကူးယဉ်နေသူ” အဖြစ် စွပ်စွဲလိုက်ပြီး၊ တိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ မူလအခြေအနေ ကို ပြောင်းလဲဖို့ ကြိုးပမ်းနေတယ်လို့ အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
မေလ ၂၀ ရက် ဗုဒ္ဓဟူးနေ့မှာပဲ ရာထူးသက်တမ်း နှစ်နှစ်ပြည့်ခဲ့တဲ့ တိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ကတော့ တိုင်ဝမ်နဲ့ အမေရိကန်ကြား ဆက်သွယ်ရေးလမ်းကြောင်းတွေဟာ “ အမြဲတမ်း ပွင့်လင်းနေပါတယ်” လို့ ဆိုပါတယ်။ တကယ်လို့ ထရမ့်နဲ့ တိုက်ရိုက်စကားပြောခွင့်ရရင် မိမိတို့အနေနဲ့ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးအတွက် မူလအခြေအနေကိုပဲ ဆက်ထိန်းထားကြောင်း ပြောပြမှာဖြစ်ပြီး၊ တကယ်တမ်း ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတာဟာ တရုတ်နိုင်ငံသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တိုင်ဝမ်ကို ကာကွယ်ဖို့ အမေရိကန်ဆီကနေ စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ဝယ်ယူသွားဖို့ မျှော်လင့်တယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမေရိကန်ဥပဒေအရ တိုင်ဝမ်ကို မိမိကိုယ်ကိုယ် ကာကွယ်နိုင်မယ့် လက်နက်တွေ ပံ့ပိုးပေးဖို့ တာဝန်ရှိသလို၊ အဆိုပါ လက်နက်ရောင်းချမှုနဲ့ ပတ်သက်ပြီး ဘေဂျင်းအစိုးရနဲ့ တိုင်ပင်ဆွေးနွေးမှာ မဟုတ်ဘူးလို့ ၁၉၈၂ ခုနှစ် ကတိကဝတ်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ အမေရိကန်အစိုးရအနေနဲ့ ဇန်နဝါရီလက လွှတ်တော်က အတည်ပြုထားတဲ့ ဒေါ်လာ ၁၄ ဘီလီယံတန် လက်နက်အရောင်းအဝယ်ကို ရှေ့ဆက်မလား၊ သမ္မတထရမ့်က တိုင်ဝမ်သမ္မတနဲ့ တကယ်ပဲ ဖုန်းဆက်ဆွေးနွေးမလားဆိုတာကို ဘေဂျင်းအစိုးရက ဒေါသတကြီးနဲ့ အနီးကပ် စောင့်ကြည့်နေပါတယ်။















