မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်အဖြစ် အဆိုပြုခန့်အပ်ခြင်းခံထားရသူအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းသည် “ တရားမဝင်” ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့သောကြာနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဘေရွတ်မြို့ရှိ အီရန်သံအမတ်အသစ်အဖြစ် လျာထားခြင်းခံရသူ မိုဟာမက် ရီဇာ ရာအုဖ် ရှိဗာနီ အပေါ် ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းမှာ တရားမဝင်သလို အကြောင်းပြချက်လည်း ခိုင်လုံမှုမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက “ပြင်းထန်စွာ ရှုတ်ချပါသည်” ဟု ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုသည် ပြီးခဲ့သည့် ကြာသပတေးနေ့က လက်ဘနွန်နိုင်ငံအတွင်း လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဟစ်ဇ်ဘိုလာ အဖွဲ့နှင့် ဆက်နွှယ်နေသူများနှင့်အတူ အဆိုပါ အီရန်သံတမန်ကိုပါ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ယခုလုပ်ရပ်သည် အမေရိကန်အစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများကို လေးစားလိုက်နာခြင်းမရှိဘဲ ရမ်းကားစွာ ပြုမူဆောင်ရွက်နေသည့် နောက်ထပ် သက်သေတခုပင် ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
လေဘနွန်အစိုးရသည် ပြီးခဲ့သည့် မတ်လအတွင်းက ရှိဗာနီအား သူတို့နိုင်ငံတွင် လက်မခံနိုင်သောသူ အဖြစ် ကြေညာကာ နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သော်လည်း သူ့အနေဖြင့် ဘေရွတ်မြို့မှ အမှန်တကယ် ထွက်ခွာသွားခြင်း ရှိ၊ မရှိကိုမူ တိတိပပ မသိရသေးပါဘူး။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့က မတ်လ ၂ ရက်နေ့တွင် အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် လေဘနွန်နိုင်ငံသည်လည်း အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်းသို့ ဆွဲသွင်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ထို့အပြင် လေဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ လွှတ်တော်အမတ်များအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းကိုလည်း အီရန်နိုင်ငံက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
“ဒီလို ယုတ်မာတဲ့ လုပ်ရပ်တွေဟာ လက်ဘနွန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့နဲ့ လက်ဘနွန်လူ့အဖွဲ့အစည်းအတွင်း သွေးခွဲဖို့ ရည်ရွယ်တာဖြစ်ပြီး၊ အမေရိကန်အစိုးရအနေနဲ့ ကျူးကျော်နယ်ချဲ့ အစ္စရေးဇီယွန်ဝါဒီတွေနဲ့ အစဉ်တစိုက် ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ လက္ခဏာရပ်ပဲ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
အဆိုပါ ပိတ်ဆို့အရေးယူမှုများသည် အီရန်၊ အစ္စရေး၊ အမေရိကန်နှင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအပါအဝင် လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကို တရားဝင် အဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းမှုများ ကြန့်ကြာနေသည့် အချိန်အတောအတွင်း ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ အီရန်အစိုးရ ကလည်း ဒေသတွင်းနိုင်ငံများသို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။
ဧပြီ ၈ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားသော်လည်း စစ်ပွဲကို အပြီးတိုင် အဆုံးသတ်နိုင်ရန် ဆွေးနွေးပွဲများမှာမူ ယနေ့ထက်ထိ ပြတ်ပြတ်သားသား သဘောတူညီချက် တစုံတရာ မရရှိသေးပါဘူး။















