မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ကမ္ဘာမြေပေါ်မှာ ဆန်းကြယ်ရှုပ်ထွေးတဲ့ သက်ရှိတွေ ဖြစ်တည်လာဖို့ ဖြစ်စဉ်ဟာ အလွန်တရာ နှေးကွေးခဲ့ပါတယ်။ တောတောင်တွေ၊ ငါးတွေ ဒါမှမဟုတ် ဒိုင်နိုဆောတွေ မပေါ်ပေါက်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ကုဋေတရာကျော်က ယူကေရီယုတ် (Eukaryote) လို့ခေါ်တဲ့ ဆဲလ်အသေးစားလေးတွေ စတင်ပေါ်ပေါက်ခဲ့ပြီး အဆိုပါဆဲလ်တွေကတဆင့် အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ မှိုမျိုးနွယ်တွေ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ကမ္ဘာဦးဆဲလ်တွေဟာ ဘယ်လိုနေရာမျိုးမှာ ရှင်သန်ခဲ့ကြသလဲဆိုတာကို သိပ္ပံပညာရှင်တွေ နှစ်ပေါင်းများစွာ အဖြေရှာခဲ့ကြရာမှာ၊ အခုအခါ ဩစတြေးလျနိုင်ငံက လေ့လာမှုအသစ်တခုအရ အဆိုပါသက်ရှိတွေဟာ သမုဒ္ဒရာရေမျက်နှာပြင်အနီးမှာ မျောပါရှင်သန်ခဲ့ကြတာမဟုတ်ဘဲ အောက်ဆီဂျင်ကြွယ်ဝတဲ့ ပင်လယ်ရေအောက်ကြမ်းပြင် အနီးအနားမှာသာ မှီတင်းနေထိုင်ခဲ့ကြကြောင်း အံ့ဩဖွယ်ရာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁.၇ ဘီလီယံ (သန်းပေါင်း ၁,၇၀၀) ခန့်က ကမ္ဘာ့သမုဒ္ဒရာတွေကို အဏုဇီဝပိုးမွှားတွေကသာ စိုးမိုးထားခဲ့တာပါ။ အဲဒီအထဲမှာ အခြားဘက်တီးရီးယား ဆဲလ်တွေနဲ့မတူဘဲ ဆဲလ်အမြှေးပါးတွေ၊ နျူကလိယပ်စ် (Nucleus) နဲ့ စွမ်းအင်ထုတ်လုပ်ပေးတဲ့ မိုင်တိုကွန်ဒရီးယား (Mitochondria) တွေ ပါဝင်တဲ့ ယူကေရီယုတ် ဆဲလ်တွေဟာ သက်ရှိသမိုင်းရဲ့ အဓိကဆင့်ကဲပြောင်းလဲမှု ခြေလှမ်းတခု ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း အဆိုပါခေတ်က ကျောက်ဖြစ်ရုပ်ကြွင်း ရှားပါးမှုကြောင့် သူတို့ ဘယ်နေရာမှာ နေထိုင်ခဲ့သလဲဆိုတာကို တိကျအောင် မသိခဲ့ကြရပါဘူး။
ကယ်လီဖိုးနီးယားတက္ကသိုလ် (UC Santa Barbara) မှ ရုပ်ကြွင်းပညာရှင် လေအန် ရီဒ်မန်း (Leigh Anne Riedman) က “ကျွန်မတို့ အခုထိ တွေ့ရှိထားသမျှ အစောဆုံး ယူကေရီယုတ်သက်ရှိတွေဟာ အောက်ဆီဂျင်ကို တစုံတရာ လိုအပ်နေပြီဆိုတာကို တွေ့ရပါတယ်။ ရုပ်ကြွင်းနမူနာတွေ ပျံ့နှံ့တည်ရှိနေပုံကို ကြည့်ပြီး သူတို့ဟာ ပင်လယ်ရေအောက်ကြမ်းပြင်ပေါ်မှာ ဒါမှမဟုတ် ရေအောက်ရုန်းတွေကြားထဲမှာ ရှင်သန်ခဲ့ကြတာကို သိပ္ပံနည်းကျ ဖော်ထုတ်နိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီလျှို့ဝှက်ချက်ကို အဖြေရှာဖို့အတွက် သုတေသီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁.၇၅ ဘီလီယံကနေ ၁.၄ ဘီလီယံအတွင်းက ကျောက်တုံးတွေရဲ့ ရုပ်ကြွင်းတွေ၊ အနည်အနှစ်တွေနဲ့ ဓာတုဗေဒဆိုင်ရာ အထောက်အထားတွေကို ပေါင်းစပ်လေ့လာခဲ့ကြတာပါ။ ဩစတြေးလျ မြောက်ပိုင်းနယ်မြေရှိ မက်အာသာ (McArthur) နဲ့ ဘာရင်ဒူဒူ (Birrindudu) ကုန်းမြေဝှမ်းဒေသတွေကို အဓိကထား လေ့လာခဲ့ကြပြီး၊ အဆိုပါဒေသဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁.၇ ဘီလီယံတုန်းက ရေတိမ်ပိုင်းကမ်းခြေတွေနဲ့ ပင်လယ်အိုင်တွေ ဖြစ်ခဲ့ပါတယ်။
အဲဒီခေတ်တုန်းက ကမ္ဘာ့လေထုထဲမှာ အောက်ဆီဂျင်ပမာဏဟာ လက်ရှိခေတ်ရဲ့ တရာခိုင်နှုန်းခန့်သာ ရှိခဲ့တာကြောင့် “လူသားတွေအနေနဲ့ အသက်ရှူလို့ရမယ့် အခြေအနေ မဟုတ်ပါဘူး” ဟု သုတေသနအဖွဲ့ဝင် ဆူဆန်နာ ပေါ်တာ (Susannah Porter) က ဆိုပါတယ်။ သမုဒ္ဒရာတွေမှာလည်း အောက်ဆီဂျင်ရှိတဲ့ နေရာနဲ့ မရှိတဲ့နေရာဆိုပြီး ကွဲပြားနေခဲ့တာ ဖြစ်ပါတယ်။
သုတေသီတွေရဲ့ ထူးခြားတဲ့ ရှာဖွေတွေ့ရှိချက်အရ အဆိုပါ ယူကေရီယုတ် ရုပ်ကြွင်းတွေဟာ အောက်ဆီဂျင် လုံးဝမရှိတဲ့ ပင်လယ်ရေအောက် အနည်အနှစ်တွေထဲမှာ လုံးဝမတွေ့ရဘဲ၊ အောက်ဆီဂျင်ရှိတဲ့ ရေအောက်ကြမ်းပြင်တွေမှာသာ တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ သူတို့အသက်ရှင်ဖို့ အောက်ဆီဂျင်အပေါ် မှီခိုနေရတာကို သက်သေပြနေတာ ဖြစ်ပါတယ်။
အကယ်၍ အဆိုပါ သက်ရှိလေးတွေဟာ သမုဒ္ဒရာရေမျက်နှာပြင်အနီးမှာ ပလန်တန် (Plankton) တွေလို လွတ်လပ်စွာ မျောပါနေထိုင်ခဲ့ကြမယ်ဆိုရင် သူတို့သေဆုံးတဲ့အခါ ရေအောက်ကြမ်းပြင်တခုလုံးဆီကို နစ်မြုပ်သွားမှာဖြစ်လို့ အောက်ဆီဂျင်ရှိတဲ့နေရာရော မရှိတဲ့နေရာမှာပါ ရုပ်ကြွင်းတွေ ရှိနေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အောက်ဆီဂျင်ရှိတဲ့ ရေအောက်ကြမ်းပြင်မှာပဲ တိတိကျကျ တွေ့ရတဲ့အတွက် သူတို့ဟာ ရေမျက်နှာပြင်မှာ ကူးခတ်မနေဘဲ ရေအောက်ကြမ်းပြင်မှာပဲ ကပ်ငြိရှင်သန်ခဲ့ကြတာ သေချာသွားခဲ့ပါတယ်။
ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁,၀၀၀ ကနေ ၅၄၀ ကြား (Neoproterozoic Era) ရောက်မှသာ ပြောင်းလဲခဲ့ပြီး၊ အဆိုပါဆဲလ်တွေဟာ ပင်လယ်ပွင့်ရေပြင်ကြီးတွေဆီကို ကူးပြောင်းအခြေချကာ ပလန်တန် သက်ရှိတွေအဖြစ် တိုးချဲ့ရှင်သန်လာခဲ့ကြတာပါ။
ဒီလေ့လာမှုက ကမ္ဘာဦးသက်ရှိတွေဟာ သမုဒ္ဒရာအများစုကြီးက အသက်ရှူရကျပ်စရာ ကောင်းနေချိန်မှာ အောက်ဆီဂျင်ရှိတဲ့ ရေအောက်ကြမ်းပြင် ကွက်လပ်လေးတွေမှာပဲ သီးသန့်နှစ်ပေါင်း သန်းချီ အကြာကြီး သည်းခံရှင်သန်ခဲ့ရပုံကို ဖော်ပြနေပါတယ်။ အဆိုပါ ရေအောက်အနုဇီဝအစုအဖွဲ့ငယ်လေးတွေရဲ့ ရေပြင်ကျယ်ဆီသို့ ရွှေ့ပြောင်းအခြေချနိုင်မှုကပဲ ကမ္ဘာ့သက်ရှိလောကကို ထာဝရပြောင်းလဲစေခဲ့ပြီး ယနေ့ခေတ် ကမ္ဘာပေါ်က သန္တာကျောက်တန်းတွေ၊ တောတောင်တွေနဲ့ လူသားအပါအဝင် နို့တိုက်သတ္တဝါတွေ ဖြစ်တည်လာဖို့ လမ်းစဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သုတေသနက ထောက်ပြထားပြီး၊ အဆိုပါသုတေသနကို နာမည်ကျော် Nature သိပ္ပံဂျာနယ်တွင် ဖော်ပြထားတာ ဖြစ်ပါတယ်။















