ဇွန် ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
သမိုင်းတလျှောက် အကြီးမားဆုံး IPO အဖြစ် မှတ်တမ်းဝင်သွားခဲ့တဲ့ အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီဟာ ပြီးခဲ့တဲ့သောကြာနေ့ ပွဲဦးထွက် ရှယ်ယာဈေးကွက်မှာ ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ပြီး ပိတ်သိမ်းနိုင်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် အီလွန်မတ်စ်ခ်ဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာခဲ့ပြီး၊ လူသားမျိုးနွယ်စုကို အင်္ဂါဂြိုဟ်ပေါ်ဆီ ခေါ်ဆောင်သွားမယ်လို့လည်း ကတိပြုလိုက်ပါတယ်။
ဒေါ်လာ ၇၅ ဘီလီယံကျော်အထိ ရန်ပုံငွေရှာဖွေနိုင်ခဲ့တဲ့ အဆိုပါ အကြီးစား အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာထုတ်ရောင်းမှု (IPO) ဟာ လာမည့်လပိုင်းတွေအတွင်း ထွက်ပေါ်လာဖို့ရှိနေတဲ့ AI ကုမ္ပဏီတွေရဲ့ IPO လှိုင်းလုံးကြီးအတွက် အစပျိုးပေးလိုက်တာလည်း ဖြစ်ပါတယ်။ နယူးယောက် နာစ်ဒက် (Nasdaq) စတော့အိတ်ချိန်းမှာ စတင်ရောင်းချခဲ့တဲ့ ရုံးပိတ်ရက်အတွင်း SpaceX ရှယ်ယာဈေးဟာ သတ်မှတ်ထားတဲ့ မူလဈေးထက် ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၁၇၆ ဒေါ်လာအထိ ရောက်ရှိခဲ့ကာ ပွဲအပိတ်မှာတော့ ၁၆၁.၅၀ ဒေါ်လာနဲ့ ဈေးငြိမ်သွားခဲ့ပါတယ်။
“ SpaceX အနေနဲ့ ခင်ဗျားတို့ကို လကမ္ဘာပေါ်၊ အင်္ဂါဂြိုဟ်ပေါ်နဲ့ အဲ့ဒီထက်ပိုဝေးတဲ့ နေရာတွေဆီ ခေါ်ဆောင်သွားချင်တာပါ” လို့ တက္ကဆက်ပြည်နယ် Starbase မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ အီလွန်မတ်စ်ခ်က ဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲဦးထွက် အောင်ပွဲကြောင့် SpaceX ရဲ့ ဝန်ထမ်းအများအပြားဟာလည်း ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာတဲ့ သူဌေးကြီးတွေ ဖြစ်လာခဲ့ကြပါတယ်။
SpaceX ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန် စတော့ဈေးကွက် ထိန်းသိမ်းရေးအဖွဲ့ထံ တင်သွင်းလွှာမှာ ရှယ်ယာပေါင်း ၅၅၅ သန်းကျော်ကို တစောင်လျှင် ၁၃၅ ဒေါ်လာနှုန်းဖြင့် သတ်မှတ်ခဲ့တာကြောင့် ကုမ္ပဏီရဲ့ တန်ဖိုးဟာ ၁.၈ ထရီလီယံနီးပါး ရှိခဲ့ပါတယ်။ သို့သော်လည်း သောကြာနေ့ ဈေးကွက်အပိတ်မှာတော့ SpaceX ရဲ့ ကာလတန်ဖိုးဟာ ဒေါ်လာ ၂ ထရီလီယံကျော်အထိ မြင့်တက်သွားခဲ့ပြီး တက်စလာ (Tesla)၊ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta နဲ့ ဝေါမတ် (Walmart) တို့ကို ကျော်ဖြတ်ကာ အမေရိကန်ရဲ့ တန်ဖိုးအရှိဆုံး ကုမ္ပဏီကြီး ၁၀ ခုစာရင်းထဲ ဝင်ရောက်သွားခဲ့ပါတယ်။
အီလွန်မတ်စ်ခ်သည် ၂၀၀၂ ခုနှစ်တွင် ဒုံးပျံကုမ္ပဏီအဖြစ် SpaceX ကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး၊ ယခုအခါမှာတော့ ဂြိုဟ်တုလုပ်ငန်းအပြင် သူ့ရဲ့ xAI ဉာဏ်ရည်တုကုမ္ပဏီနှင့် X လူမှုကွန်ရက်တို့ကိုပါ ပူးပေါင်းကာ လုပ်ငန်းစုကြီးအဖြစ် တိုးချဲ့ထားတာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီကြီးသည် “ SPCX” ဟူသော သင်္ကေတဖြင့် စတော့ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေပြီး ဝေါစထရိ (Wall Street) က ယခုရှယ်ယာကို မည်သို့ထိန်းကျောင်းမယ်ဆိုတာကို လူတိုင်းက စောင့်ကြည့်နေကြပါတယ်။ ဒါဟာ ယခုနှစ်အတွင်း ရှယ်ယာထုတ်ရောင်းဖို့ ပြင်ဆင်နေတဲ့ OpenAI နဲ့ Anthropic တို့လို ပြိုင်ဘက် AI ကုမ္ပဏီတွေအတွက်လည်း အရေးကြီးတဲ့ အချက်ပြမှုတခု ဖြစ်ပါတယ်။
ယခုလို သမိုင်းဝင် စံချိန်တင်နိုင်ခဲ့သော်လည်း အီလွန်မတ်စ်ခ်အပေါ် ဝေဖန်မှုအချို့ ရှိနေဆဲ ဖြစ်ပါတယ်။ SpaceX သည် ၂၀၂၅ ခုနှစ်တွင် ဝင်ငွေ ၁၈.၇ ဘီလီယံအထိ ရရှိခဲ့သော်လည်း AI နည်းပညာပိုင်းတွင် အဆမတန် သုံးစွဲထားရတာကြောင့် ဒေါ်လာ ၄.၉ ဘီလီယံခန့် အသားတင် ရှုံးနိမ့်နေဆဲ ဖြစ်ပါတယ်။ ထို့အပြင် အီလွန်မတ်စ်ခ်က သူတို့ကုမ္ပဏီအနေဖြင့် နောင်တွင် ဝင်ငွေ ၂၈.၅ ထရီလီယံအထိ ရရှိနိုင်ကြောင်း စိတ်ကူးယဉ်ဆန်ဆန် ခန့်မှန်းထားမှုအပေါ် ဘဏ္ဍာရေးပညာရှင်အချို့က သံသယရှိနေကြပါတယ်။
ဒါ့အပြင် အီလွန်မတ်စ်ခ် ကမ္ဘာ့ပထမဆုံး ထရီလီယံနာသူဌေးကြီး ဖြစ်လာမှုအပေါ် ဒီမိုကရက်တစ် အမတ် အဲလစ်ဇဘက် ဝါရင် က “ တဖက်မှာ အမေရိကန်ပြည်သူတွေက အငြိမ်းစားယူဖို့အတွက် တဒေါ်လာချင်းစီကို ရုန်းကန်စုဆောင်းနေရချိန်မှာ ကမ္ဘာကြီးမှာတော့ ပထမဆုံး ထရီလီယံနာ ပေါ်ထွက်လာခဲ့ပြီ” ဟု ဆိုကာ လူမှုစီးပွား ကွာဟချက်အပေါ် ဝေဖန်ပြောကြားထားကြောင်း သိရှိရပါတယ်။















