ဇူလိုင် ၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဆီယံအထူးသံတမန်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရို ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ မြန်မာစစ်ကောင်စီက ငြင်းပယ်လိုက်တဲ့အပေါ် အာဆီယံလူ့အခွင့်အရေးပါလီမန်အမတ်များအဖွဲ့ (APHR) က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ဒီလို ငြင်းပယ်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ခဲ့တဲ့ အာဆီယံအထူးသံတမန်တွေရဲ့ တွေ့ဆုံခွင့်တောင်းခံမှုတွေကို စစ်ကောင်စီဘက်က အစဉ်တစိုက် ပိတ်ပင်ငြင်းဆန်ခဲ့တဲ့ လုပ်ရပ်တွေထဲက နောက်ဆုံးတကြိမ် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဆီ ရွှေ့ပြောင်းလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံဘက်က ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ တွေ့ဆုံခွင့် ပထမဆုံးအကြိမ် စတင်တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရသူဖြစ်တာကြောင့် နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က တောင်းဆိုမှုကို ပယ်ချခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
အင်ဒိုနီးရှားလွှတ်တော်အမတ်လည်းဖြစ်၊ APHR ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မာစီ ခရစ္စတီ ဘာရန်းစ် က “ဒီလို ငြင်းပယ်လိုက်တာဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက နေအိမ်အကျယ်ချုပ်ပြောင်းတယ်ဆိုတဲ့ ကြေညာချက်ရဲ့ နောက်ကွယ်က စစ်ကောင်စီရဲ့ လှည့်ကွက်ကို အထင်အရှား ပြသလိုက်တာ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံတကာရဲ့ ယုံကြည်မှုရမယ့် ဘယ်လိုလိုက်လျောမှုမျိုးကိုမှ မလုပ်ဘဲ၊ သံတမန်ရေးအရ အကာအကွယ်ရဖို့ပဲ ကြိုးစားနေတာပါ။ လွတ်လပ်တဲ့ အတည်ပြုချက်မျိုး မလုပ်နိုင်တဲ့ ‘အပြုသဘောဆောင်တဲ့ ခြေလှမ်း’ ဆိုတာဟာ ဘာမှအသုံးမဝင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအထူးသံတမန် ဂျူလီ ဘစ်ရှော့ (Julie Bishop) က ဇွန်လ ၁၉ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး၊ နှစ်ပေါင်းများစွာအတွင်း သူမရဲ့ ကျန်းမာရေးအခြေအနေကို လွတ်လပ်စွာ သွားရောက်အတည်ပြုခွင့် မရရှိခဲ့တဲ့အပေါ် ထောက်ပြပြောဆိုခဲ့ပြီးနောက်မှာ အခုလို စစ်ကောင်စီရဲ့ ငြင်းပယ်မှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပေးဖို့ အာဆီယံလူ့အခွင့်အရေးပါလီမန်အမတ်များအဖွဲ့က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ သူမရှိတဲ့နေရာကို သွားရောက်ခွင့်ရဖို့နဲ့ ကျန်းမာရေးအခြေအနေ အတည်ပြုနိုင်ဖို့ ချက်ချင်းစီစဉ်ပေးဖို့ နောက်တခါ သက်ရှိထင်ရှားရှိကြောင်း ပြည်သူလူထုရှေ့မှောက် အထောက်အထားပြဖို့ ဖိအားပေးဖို့လည်း တိုက်တွန်းထားတာကိုတွေ့ရပါတယ်။
စစ်ကောင်စီဟာ အာဆီယံရဲ့ အခြေခံအကျဆုံး တောင်းဆိုချက်ကို ပယ်ချနေပြီး တဖက်မှာတော့ အာဆီယံအစည်းအဝေးတွေမှာ နေရာပြန်ရဖို့ ကြိုးပမ်းနေတာဟာ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ထောက်ပြထားပြီး ဒါကြောင့် အာဆီယံခေါင်းဆောင်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြသဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ကနေ စတင်ရမယ်လို့ APHR က အလေးအနက် တောင်းဆိုထားပါတယ်။















