အမ်မလီ ဟဲရင်း ၊ ဆောင်းပါး
၁၈၃၃ ခုနှစ်တုန်းက ပြင်သစ်ပြဇာတ်ရေးဆရာနဲ့ ကဗျာဆရာ အဲလ်ဖရက် ဒီ မူဆေး (Alfred de Musset) ဟာ သူချစ်ရတဲ့ ကလောင်အမည် ဂျော့ခ်ျဆန်း (George Sand) လို့လူသိများတဲ့ ဝတ္ထုရေးဆရာမနဲ့အတူ ဗင်းနစ်မြို့ကို ခရီးထွက်ခဲ့ကြပါတယ်။ ဒါဟာ သူတို့နှစ်ဦးကြားက လှုပ်ခတ်နေတဲ့ အချစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် ရောက်ပြီးမကြာခင်မှာပဲ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဖျားနာခဲ့ကြပါတယ်။ မူဆေးရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာချိန်မှာတော့ ဆန်းဟာ သူတို့ကို ကုသပေးတဲ့ အီတလီဆရာဝန်အပေါ် စိတ်ယိုင်သွားခဲ့ပါတယ်။ ရလဒ်အနေနဲ့ ပြင်းထန်တဲ့ သဝန်တိုမှုတွေ၊ ရန်ပွဲတွေဖြစ်ပွားပြီးနောက် မူဆေးတယောက် ပါရီကိုပြန်လာပြီး သူအကောင်းဆုံးလုပ်နိုင်တဲ့ အလုပ်ဖြစ်တဲ့ ‘စာရေးခြင်း’ ကိုပဲ ပြန်လည်လုပ်ဆောင်ခဲ့ပါတော့တယ်။
ဆန်းနဲ့ အပြန်အလှန်ပေးစာအချို့နဲ့ သူ့ရင်ထဲက နှစ်ရှည်လများ ခံစားခဲ့ရတဲ့ စိတ်ဝေဒနာတွေကို အခြေခံပြီး မူဆေးဟာ ‘Confession of a Child of the Century (၁၈၃၆)’ ဆိုတဲ့ တပိုင်းတစ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ဝတ္ထုကို ရေးသားခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာ သစ္စာဖောက်တဲ့ ချစ်သူကြောင့် လေလွင့်အပျော်အပါးမက်ပြီး ရူးသွပ်လုနီးပါးဖြစ်ခဲ့ရတဲ့ ‘အော့တေ့ဗ်’ (Octave) ဆိုသူအကြောင်းကို ဗဟိုပြုထားတာပါ။ ဒါပေမယ့် သူ့ရဲ့မပျော်ရွှင်မှုဟာ ချစ်သူရဲ့ သစ္စာဖောက်မှုထက် သူ မွေးဖွားလာခဲ့တဲ့ ခေတ်ပျက်ကြီးရဲ့ စိတ်ပျက်စရာကောင်းတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် ပိုဖြစ်ရတာပါ။ အဲဒီခေတ်က မူဆေးတို့မျိုးဆက်ကြားမှာ စိတ်ဓာတ်ကျဆင်းမှု (Melancholy) နဲ့ ငြီးငွေ့မှု (Ennui) တွေဟာ ဘယ်လောက်တောင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သလဲဆိုရင် ‘le mal du siècle’ (ရာစုနှစ်ရဲ့ နာမကျန်းမှု) ဆိုတဲ့ ရောဂါအမည်တခုအဖြစ်တောင် စုစည်းသတ်မှတ်ခဲ့ကြပါတယ်။
ဒီကနေ့ ၂၀၂၆ ခုနှစ်မှာလည်း ကျွန်တော်တို့ဟာ AI နည်းပညာတွေ အလျင်အမြန် ထွန်းကားလာမှု၊ လူမှုရေးမညီမျှမှုတွေ ပိုမိုကျယ်ပြန့်လာမှု၊ စစ်မီးတွေနဲ့ ရာသီဥတုဖောက်ပြန်မှု ကပ်ဘေးတွေအပါအဝင် မရေရာ မတည်ငြိမ်တဲ့ ခေတ်ကာလတခုထဲမှာ ရှင်သန်နေကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ မပျော်ရွှင်မှုနဲ့ သောကတွေကို ခေတ်စနစ်နဲ့မဆိုင်ဘဲ လူပုဂ္ဂိုလ်တဦးတယောက်ချင်းစီရဲ့ တာဝန် (ဥပမာ – သတိပဋ္ဌာန်ကျင့်ကြံဖို့ သို့မဟုတ် အလုပ်နဲ့ဘဝ မျှတအောင်နေဖို့ စသဖြင့်) အဖြစ်ပဲ ရှုမြင်လေ့ရှိကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ က မူဆေးနဲ့ သူ့ခေတ်ပြိုင်တွေကတော့ သူတို့မျိုးဆက်ကို လွှမ်းမိုးထားတဲ့ စိတ်မကျေနပ်မှုနဲ့ မငြိမ်သက်မှုတွေအတွက် ‘ခေတ်စနစ်’ ကိုပဲ အပြစ်တင်ခဲ့ကြပါတယ်။ ဒီ ‘ရာစုနှစ်နာမကျန်းမှု’ ဟာ တဦးချင်းစီရဲ့ စိတ်နေသဘောထားထက် သမိုင်း၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ တွန်းအားတွေကြောင့် ဖြစ်လာရတာလို့ သူတို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး၊ ဒါဟာ လက်ရှိ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာ မောပန်းမှုတွေကို ပြန်လည်သုံးသပ်ဖို့ သင်ခန်းစာတခု ဖြစ်နိုင်ပါတယ်။
မူဆေးဟာ ဒီအယူအဆကို ပထမဆုံး ဖော်ထုတ်ခဲ့သူတော့ မဟုတ်ပါဘူး။ အဲဒီမတိုင်ခင် ဆယ်စုနှစ်အချို့ကတည်းက ဖရန်ဆွာ-ရီနေး ဒီ ချာတိုဘရီယန် (François-René de Chateaubriand) က “ငါတို့ဟာ ပြည့်လျှံနေတဲ့ နှလုံးသားနဲ့ ဗလာကျင်းနေတဲ့ ကမ္ဘာကြီးထဲမှာ ရှင်သန်နေကြရတယ်” လို့ လူငယ်ထုရဲ့ အတွင်းစိတ်မငြိမ်သက်မှုကို ညည်းတွားခဲ့ဖူးသလို၊ ဂျာမန်စာရေးဆရာ ဂျင်းပေါလ် (Jean Paul) ကလည်း ကမ္ဘာကြီးရဲ့ စနစ်ဆိုးကြောင့် ခံစားရတဲ့ စိတ်ပျက်မှုကို ‘Weltschmerz’ (ကမ္ဘာကြီးအပေါ် ငြီးငွေ့မှု) လို့ အမည်ပေးခဲ့ပါတယ်။ ဒါပေမယ့် မူဆေးရဲ့ ‘အော့တေ့ဗ်’ ဇာတ်ကောင်ကသာ ဒီ ‘ရာစုနှစ်နာမကျန်းမှု’ ရဲ့ အထင်ရှားဆုံး ပုံရိပ်ဖြစ်လာခဲ့တာပါ။
မူဆေးရဲ့ အဆိုအရ ၁၈၃၀ ဝန်းကျင် ပြင်သစ်မှာ အရွယ်ရောက်လာတဲ့ လူငယ်တွေဟာ သမိုင်းက ပြီးဆုံးသွားသလို ခံစားခဲ့ကြရပါတယ်။ သူတို့ရဲ့ ဖခင်များခေတ်တုန်းက ပြင်သစ်ရဲ့ ကံကြမ္မာဟာ နပိုလီယန် ဘိုနာပတ် ဆိုတဲ့ လူတယောက်ရဲ့ ရည်မှန်းချက်အောက်မှာ ရှိခဲ့ပြီး ဥရောပတိုက်တခုလုံး သက်ဝင်လှုပ်ရှားခဲ့ပေမယ့်၊ ၁၈၁၅ ခုနှစ် အင်ပါယာ ပြိုလဲသွားတဲ့အခါမှာတော့ စစ်ပွဲနှစ်ခုကြားမှာ မွေးဖွားလာခဲ့တဲ့ လူငယ်တွေအတွက် သူတို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကမ္ဘာကြီးဟာ သေးငယ်လွန်းသွားခဲ့ပါတယ်။
မူဆေးက သူ့ရဲ့ ကဗျာတပုဒ်မှာ “ငါဟာ အိုမင်းလွန်းနေတဲ့ ကမ္ဘာကြီးထဲကို နောက်ကျပြီးမှ ရောက်လာခဲ့တယ်” လို့ ရေးသားခဲ့ပြီး၊ သူတို့မျိုးဆက်ဟာ အကြွင်းအကျန် အာဏာရှင်စနစ်ဟောင်းနဲ့ မရေရာတဲ့ အနာဂတ်ကြား အကူးအပြောင်းကာလမှာ စိတ်ဝေဒနာတွေကို အလူးအလဲ ခံစားခဲ့ရပါတယ်။ ဒါဟာ ခေတ်ပြိုင်စက်မှုလက်မှု ထွန်းကားလာမှု၊ ရုပ်ဝတ္ထုပစ္စည်းနဲ့ အကျိုးအမြတ်ကိုပဲ ကြည့်တဲ့ ဘူဇွာ (Bourgeois) စိတ်ဓာတ်တွေအပေါ် ရိုမန်တစ်ဝါဒီ (Romantic) လူငယ်တွေရဲ့ စိတ်ပျက်အားလျော့မှုလည်း ဖြစ်ပါတယ်။
ဇာတ်ကောင် အော့တေ့ဗ်ဟာ သူ့ရဲ့ ကြီးမြတ်တဲ့ စိတ်ကူးယဉ် အချစ်နဲ့ လွတ်လပ်ခွင့်တွေ၊ လက်တွေ့ ရုပ်ဝတ္ထုဆန်တဲ့ လူ့အဖွဲ့အစည်းကြားက ကွာဟချက်ကို ရင်ဆိုင်ရတဲ့အခါ လမ်းပျောက်သွားခဲ့ပါတယ်။ သူ့သူငယ်ချင်းတွေဆီကလည်း အနှစ်သာရမရှိတဲ့ သရော်လှောင်ပြောင်မှုတွေသာ ရရှိခဲ့ပြီး၊ ဒါကို ဂျော့ခ်ျဆန်းက “ဘယ်သူကမှ ဘာကိုမှ မယုံကြည်ကြတော့တဲ့ ကာလ” လို့ မှတ်တမ်းတင်ခဲ့ပါတယ်။
ဒီကနေ့ ခေတ်ပြိုင်လူငယ်တွေ အထူးသဖြင့် ဂျန်ဇီ (Gen Z) ရဲ့ အခြေအနေကို ကြည့်ရင်လည်း အလားတူပါပဲ။ သူတို့ဟာ တည်ငြိမ်မှုနဲ့ တိုးတက်မှု ကတိကဝတ်တွေ ပျောက်ဆုံးနေတဲ့၊ ရာသီဥတု ကပ်ဘေးနဲ့ စီးပွားရေး မရေရာမှုတွေကြားထဲမှာ ကြီးပြင်းလာရတာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်အတော်များများဟာ ဒစ်ဂျစ်တယ်မတိုင်ခင် ခေတ်ဟောင်းဆီကို စိတ်ကူးနဲ့ ထွက်ပြေး (Nostalgic escapism) နေကြပြီး၊ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ စိတ်ပျက်လက်ပျက် သရော်စာတွေ (Doomerism) နဲ့ အချိန်ကုန်နေကြရပါတယ်။
ယနေ့ခေတ်မှာ ‘Doom scrolling’ (မကောင်းတဲ့ သတင်းတွေကိုပဲ ဆက်တိုက်ဖတ်နေခြင်း) နဲ့ ‘Bed rotting’ (အိပ်ရာထဲမှာပဲ ဖုန်းကြည့်ပြီး အချိန်ဖြုန်းခြင်း) တွေကြောင့် လူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ပိုမိုပင်ပန်းနွမ်းနယ်လာကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စာအုပ်တွေကြောင့် အတွေ့အကြုံမရှိဘဲ အချက်အလက်တွေ စောစီးစွာသိရလို့ စိတ်ကူးစိတ်သန်းတွေ ချမ်းသာပြီး လက်တွေ့ဘဝ ဆင်းရဲရတယ်လို့ ချာတိုဘရီယန် သတိပေးခဲ့ဖူးရာ၊ ယနေ့ခေတ်မှာတော့ လူငယ်တွေဟာ မနက်စာမစားခင်မှာတင် စစ်ပွဲသတင်းတွေ၊ AI အတုအယောင်တွေနဲ့ စိတ်ပျက်စရာ ကြော်ငြာတွေကို ဖုန်းခလုတ်တချက်နှိပ်ရုံနဲ့ မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရိုမန်တစ်ဝါဒီတွေဟာ သူတို့ရဲ့ စိတ်မကျေနပ်မှုတွေကို ရင်ထဲမှာတင် သိမ်းမထားဘဲ လက်တွေ့လုပ်ဆောင်မှုတွေအဖြစ် ပြောင်းလဲခဲ့ကြပါတယ်။ ဗစ်တာဟူဂို (Victor Hugo) ဟာ သေဒဏ်ဖျက်သိမ်းရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သလို၊ ဂျော့ခ်ျဆန်းကလည်း အမျိုးသမီးအခွင့်အရေးနဲ့ အလုပ်သမားရေးရာတွေအတွက် နိုင်ငံရေးအရ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ ခေတ်စနစ်ရဲ့ ဒဏ်ရာတွေကို ခံစားရရုံတင်မကဘဲ ကမ္ဘာကြီးမှာ ဘာတွေ လိုအပ်နေသလဲဆိုတာကို အော်ဟစ်ဆန္ဒပြခဲ့ကြတာပါ။
ကျွန်တော်တို့အနေနဲ့ သူတို့ဆီက သင်ခန်းစာယူနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်တွေကို ကြည့်ရင်း၊ အလုပ်တွေ အလွန်အကျွံလုပ်ရင်းနဲ့ ကမ္ဘာကြီးရဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တွေကို မေပျောက်အောင် နေထိုင်မယ့်အစား၊ မိမိတို့ရဲ့ သောက၊ ဒေါသနဲ့ ဝမ်းနည်းမှုတွေကို မတရားတဲ့ စနစ်ဆိုးတခုကြောင့် ဖြစ်ရတဲ့ သဘာဝတုံ့ပြန်မှုတွေအဖြစ် အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင် စိတ်ပျက်နေဖို့ မဟုတ်ဘဲ၊ လက်ရှိ ရင်ဆိုင်နေရတဲ့ သောကတွေဟာ ကမ္ဘာကြီးရဲ့ စနစ်တကျ ဖွဲ့စည်းပုံအမှားတွေကြောင့် ဖြစ်ရတာကို သိမြင်ဖို့ ဖြစ်ပါတယ်။ အော့တေ့ဗ်ရဲ့ ဇာတ်လမ်းက ပေးတဲ့ သင်ခန်းစာအတိုင်း ‘ထွက်ပြေးခြင်း’ အားဖြင့် ဘာသက်သာရာမှ ရမှာမဟုတ်တဲ့အတွက်၊ ကျွန်တော်တို့ဟာ ဂျော့ခ်ျဆန်းတို့လိုပဲ ကိုယ့်ရဲ့ ခံစားချက်တွေကို လက်တွေ့ကျကျ တုံ့ပြန်လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီ အခြေစိုက် စာရေးဆရာမ အမ်မလီ ဟဲရင်းရဲ့ ဆောင်းပါးကို ဘာသာပြန်ဖေါ်ပြတာဖြစ်ပါတယ်။















