မေလ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အီရန်စစ်ဆင်ရေးတွေမှာ အမေရိကန်စစ်တပ်အတွက် လုံလောက်တဲ့ ခဲယမ်းမီးကျောက် ဖြည့်ဆည်းနိုင်ဖို့အတွက် ထိုင်ဝမ်သို့ လက်နက်ရောင်းချမည့် အစီအစဉ်ကို “ ယာယီရပ်ဆိုင်း” ထားကြောင်း အမေရိကန် ရေတပ်အတွင်းရေးမှူး (ယာယီ) က ကြာသပတေးနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်က လက်နက်ဝယ်ယူရန် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ လက်နက်အရောင်းအဝယ် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကြားနာပွဲတစ်ခုမှာ မေးမြန်းရာ၌ ရေတပ်အတွင်းရေးမှူး (ယာယီ) ဟုန်ချောင်း က “Epic Fury စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေ အပြည့်အဝရှိနေစေဖို့ လက်ရှိမှာ ကျွန်တော်တို့ဘက်က ခေတ္တရပ်ဆိုင်းထားတာ ဖြစ်ပါတယ်၊ တကယ်တော့ ကျွန်တော်တို့မှာ လက်နက်တွေ အလုံအလောက် ရှိနေပါသေးတယ်” လို့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သူက “ဒါပေမဲ့ ကျွန်တော်တို့ဘက်က အရာအားလုံး အဆင်သင့်ဖြစ်နေအောင် သေချာပြင်ဆင်ထားတာဖြစ်ပြီး၊ အစိုးရအဖွဲ့က လိုအပ်တယ်လို့ ယူဆတဲ့အချိန်ကျရင် နိုင်ငံခြားစစ်ရေးအရ လက်နက်ရောင်းချမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ အဆိုပါ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့ကတော့ တစုံတရာ ချက်ချင်းတုံ့ပြန် ဖြေကြားခြင်း မရှိသေးပါဘူး။
အမေရိကန်ရေတပ်အရာရှိရဲ့ ပြောကြားချက်အပေါ် ထိုင်ဝမ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Karen Kuo က “အမေရိကန်ဘက်က အခုလက်နက်ရောင်းချမှုအစီအစဉ်ကို ပြင်ဆင်ပြောင်းလဲဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ ဘယ်လိုအချက်အလက်မှ ညွှန်ပြနေတာ မရှိပါဘူး” လို့ သောကြာနေ့မှာ တုံ့ပြန်ပြောဆိုထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ထိုင်ဝမ်သို့ လက်နက်ရောင်းချမယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့ အတိအလင်း ကတိပြုထားခြင်း မရှိတာကြောင့် ထိုင်ဝမ်ကို သူတို့ပိုင်နက်နယ်မြေအဖြစ် ကြေညာထားတဲ့ တရုတ်နိုင်ငံရဲ့ ဘေးအန္တရာယ်ကြားက ထိုင်ဝမ်အပေါ် ကူညီမယ့် ထရမ့်ရဲ့ကတိကဝတ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
မကြာသေးခင်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့တဲ့ နိုင်ငံတော်ခရီးစဉ်မတိုင်ခင်မှာ သမ္မတ ထရမ့်က ထိုင်ဝမ်သို့ လက်နက်ရောင်းချမယ့်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါဟာ ဒီကိစ္စအပေါ် ပေကျင်းအစိုးရနဲ့ လုံးဝဆွေးနွေးမှာမဟုတ်ဘူးဆိုတဲ့ ဝါရှင်တန်ဒီစီရဲ့ ယခင်ရပ်တည်ချက်ကနေ သွေဖည်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ခရီးစဉ်အပြီးမှာတော့ ထိုင်ဝမ်ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ရှီကျင့်ဖျင်ကို တစုံတရာ ကတိပြုခဲ့ခြင်းမရှိကြောင်းနဲ့ လက်နက်ရောင်းချမယ့်အစီအစဉ်အပေါ် ဆုံးဖြတ်ချက်ကို “မကြာမီကာလအတွင်း” ချမှတ်သွားမယ်လို့ ထရမ့်က ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ပေကျင်းအစိုးရကိုသာ တရားဝင် အသိအမှတ်ပြုထားသော်လည်း အမေရိကန်ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကို သူတို့ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် လက်နက်များ ထောက်ပံ့ပေးရန် တာဝန်ရှိနေပါတယ်။
တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်သွားမှာဖြစ်ကြောင်း ကြေညာထားပြီး လိုအပ်ပါက စစ်အင်အားသုံးသွားမှာကိုလည်း ငြင်းဆိုထားခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုတွေကို တိုးမြှင့်လုပ်ဆောင်လျက် ရှိနေတာ ဖြစ်ပါတယ်။















