BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ထိုင်းဗီဇာတင်းကျပ်မှု၊ လေဆိပ်အခွန်တိုးခြင်းနှင့် မြန်မာတို့အပေါ် ရိုက်ခတ်မှုများ

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဆောင်းပါး၊ ကျော်ဘ ထိုင်းအစိုးရဟာ ၂၀၂၄ ခုနှစ်အတွင်းက စတင်ကျင့်သုံးခဲ့တဲ့ ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် (Visa Free) စနစ်ကို ပြန်လည်ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၉၃ နိုင်ငံကို ပေးအပ်ထားတဲ့ ဒီရက် ၆၀ ဗီဇာသက်တမ်းကို ရက် ၃၀ အထိ ပြန်လည်လျှော့ချမယ့် အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တပြိုင်နက်တည်းမှာပဲ နိုင်ငံခြားသားခရီးသွားတွေဆီကနေ ဘတ် ၃၀၀ ဝန်းကျင်ရှိမယ့် ခရီးသွားလုပ်ငန်းခွန် (Tourism Levy) ဒါမှမဟုတ် လေဆိပ်အခွန် တိုးမြှင့်ကောက်ခံဖို့ကိုလည်း ထိုင်းအစိုးရဘက်က အလေးအနက် စဉ်းစားနေပါတယ်။ အပေါ်ယံကြည့်ရင်တော့…

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဆောင်းပါး၊ ကျော်ဘ

ထိုင်းအစိုးရဟာ ၂၀၂၄ ခုနှစ်အတွင်းက စတင်ကျင့်သုံးခဲ့တဲ့ ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် (Visa Free) စနစ်ကို ပြန်လည်ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၉၃ နိုင်ငံကို ပေးအပ်ထားတဲ့ ဒီရက် ၆၀ ဗီဇာသက်တမ်းကို ရက် ၃၀ အထိ ပြန်လည်လျှော့ချမယ့် အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တပြိုင်နက်တည်းမှာပဲ နိုင်ငံခြားသားခရီးသွားတွေဆီကနေ ဘတ် ၃၀၀ ဝန်းကျင်ရှိမယ့် ခရီးသွားလုပ်ငန်းခွန် (Tourism Levy) ဒါမှမဟုတ် လေဆိပ်အခွန် တိုးမြှင့်ကောက်ခံဖို့ကိုလည်း ထိုင်းအစိုးရဘက်က အလေးအနက် စဉ်းစားနေပါတယ်။

အပေါ်ယံကြည့်ရင်တော့ ဒါဟာ သာမန်လူဝင်မှုကြီးကြပ်ရေး (Immigration) မူဝါဒအပြောင်းအလဲတစ်ခုလို ထင်ရပေမယ့်၊ အမှန်တကယ်တော့ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမော်ဒယ်တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲနေပြီဆိုတဲ့ သတိပေးခေါင်းလောင်းသံပဲ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား သန်း ၄၀ နီးပါးအထိ စံချိန်တင် ဝင်ရောက်ခဲ့ဖူးပြီး အဲဒီအချိန်က ထိုင်းဟာ ကမ္ဘာ့ခရီးသွားလုပ်ငန်းရဲ့ စူပါပါဝါ (Tourism Superpower) နိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကပ်ရောဂါအလွန် မျက်မှောက်ခေတ်မှာတော့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်ဟာ အရင်လို အရှိန်အဟုန်နဲ့ ပြန်မတက်လာနိုင်သေးသလို၊ ထိုင်းစီးပွားရေးရဲ့ အဓိကမျှော်လင့်ချက်ဖြစ်တဲ့ တရုတ်ခရီးသွားတွေ ပြန်လည် ဝင်ရောက်မှုနှုန်းကလည်း အကြောင်းကြောင်းကြောင့် မျှော်မှန်းထားသလောက် အားမကောင်းခဲ့ပါဘူး။ ဒါ့ကြောင့် ခရီးသွားလုပ်ငန်းကရတဲ့ ဝင်ငွေဟာ အပြည့်အဝ နာလန်ထူမလာတော့တဲ့အဆုံး ထိုင်းအစိုးရအတွင်းမှာ “ခရီးသွားအရေအတွက်” ထက် “ခရီးသွားအရည်အသွေး” ကို ပိုမိုဦးစားပေးသင့်တယ်ဆိုတဲ့ မဟာဗျူဟာအမြင် ပိုမိုအားကောင်းလာခဲ့ပါတယ်။

ကျောပိုးအိတ်တလုံးနဲ့ ရောက်လာတဲ့ ခရီးသွားတယောက်ဟာ ထိုင်းမှာ ၂ လလောက် ကြာအောင် နေထိုင်ပြီး ဟိုစတယ် (Hostel) အပေါစားတွေမှာ တည်းခိုကာ လမ်းဘေးဆိုင်တွေမှာ စားပြီး ငွေကို ချွေတာသုံးစွဲသွားတာထက်၊ ငွေကြေးချမ်းသာတဲ့ အထက်တန်းစားခရီးသွား (Luxury Tourist) တစ်ယောက် လာရောက်ပြီး ၅ ရက်ပဲ နေထိုင်ပေမယ့် ကြယ်ငါးပွင့်ဟိုတယ်၊ ဇိမ်ခံကုန်တိုက်ကြီးတွေနဲ့ အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ငွေအမြောက်အမြား အသုံးချသွားတာက နိုင်ငံရဲ့ GDP စီးပွားရေး တိုးတက်မှုအတွက် ပိုမိုတွက်ခြေကိုက်တယ်လို့ ယူဆလာကြတာပါ။ ဒါကြောင့်လည်း ထိုင်းအစိုးရဟာ စရိတ်နည်းနည်းနဲ့ ရေရှည်နေထိုင်မယ့် ခရီးသွားတွေကို လျှော့ချဖို့အတွက် ဒီဗီဇာသက်တမ်း လျှော့ချတဲ့ မဟာဗျူဟာကို စတင်အကောင်အထည်ဖော်လာခြင်း ဖြစ်ပါတယ်။

ထိုင်းအစိုးရဘက်က တရားဝင်ထုတ်ဖော်ပြောကြားတဲ့ အကြောင်းပြချက်ကတော့ “အမျိုးသားလုံခြုံရေး စိုးရိမ်မှုများ” ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာ၊ ဗီဇာသက်တမ်းကျော် နေထိုင်တာ၊ ခရီးသွားဗီဇာနဲ့ အလုပ်လုပ်ကိုင်တာတွေအပြင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ချိတ်ဆက်မှုတွေ ပိုမိုများပြားလာတာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ချင်းမိုင်၊ ဖူးခတ်၊ ပတ္တရားနဲ့ ပိုင် လိုမျိုး ကမ္ဘာကျော်ခရီးသွားမြို့တွေမှာ နိုင်ငံခြားသားတွေ ကိုယ်တိုင်ဦးစီးပြီး တရားမဝင် လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ မှိုလိုပေါက်လာတာကို ထိုင်းလူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် ဝေဖန်ဆန့်ကျင်လာကြပြီး “တို့နိုင်ငံမှာ ရေရှည်နေထိုင်တဲ့ နိုင်ငံခြားသားတွေ များလွန်းနေပြီ” ဆိုတဲ့ ကန့်ကွက်မှုတွေဟာ ထိုင်းနိုင်ငံရေးထဲအထိ လှုပ်ခါလာခဲ့ပါတယ်။

ဒီမူဝါဒအပြောင်းအလဲဟာ မြန်မာနိုင်ငံသားတွေအပေါ်မှာလည်း သွယ်ဝိုက်သောနည်းနဲ့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံသားအများစုဟာ ထိုင်းရဲ့ ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် အခွင့်ထူးခံတွေထဲမှာ မပါဝင်ပေမယ့်၊ ဒီဖြစ်ရပ်ကြောင့် ထိုင်းတနိုင်ငံလုံးရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဗီဇာစိစစ်မှုစနစ်တွေ ပိုမိုတင်းကျပ်လာမှာက အဓိက ပြဿနာ ဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီး ဗီဇာသက်တမ်းတိုးတာ (Border Run)၊ ခရီးသွားဗီဇာနဲ့ တရားမဝင် အလုပ်လုပ်ကိုင်တာ၊ ကျောင်းတကယ်မတက်ဘဲ ပညာရေးဗီဇာ (ED Visa) ကို အလွဲသုံးစားလုပ်တာတွေနဲ့ Overstay သက်တမ်းကျော်တာတွေကို ထိုင်းအာဏာပိုင်တွေက ယခင်ကထက် ပိုမိုဖိဖိစီးစီး စစ်ဆေးအရေးယူလာတော့မှာပါ။ ဒါကြောင့် ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အခြေချ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအသိုက်အဝန်းအတွက် ဗီဇာနဲ့ စာရွက်စာတမ်း ကိစ္စရပ်တွေဟာ ပိုမိုနုနယ်သိမ်မွေ့ပြီး သတိထားရမယ့် အနေအထားကို ဆိုက်ရောက်လာမှာ ဖြစ်ပါတယ်။

နောက်ထပ် ထိခိုက်လာမယ့်အချက်ကတော့ သွားရေးလာရေး ကုန်ကျစားရိတ် မြင့်မားလာခြင်း ဖြစ်ပါတယ်။ ဘတ် ၃၀၀ ခရီးသွားလုပ်ငန်းခွန်ဆိုတာ တယောက်ချင်းအတွက် မများဘူးလို့ ထင်ရပေမယ့်၊ စားရိတ်သက်သာမှုကို ဦးစားပေးတဲ့ ခရီးသွားစျေးကွက်မှာတော့ သက်ရောက်မှု အလွန်ကြီးမားပါတယ်။ ဘတ်ဂျက်ချွေတာလိုတဲ့ ခရီးသွားတွေအတွက် လေယာဉ်လက်မှတ်ခ၊ ခရီးသွားအာမခံ၊ လေဆိပ်အခွန်နဲ့ တည်းခိုနေထိုင်စရိတ်တွေ အားလုံးပေါင်းလိုက်ရင် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ ကုန်ကျစရိတ်ဟာ သိသိသာသာ မြင့်တက်သွားမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံက လူလတ်တန်းစား ခရီးသွားတွေအတွက် ကာလရှည်ကြာ တည်ရှိခဲ့တဲ့ “နီးနီးနားနား စားရိတ်သက်သာ အပန်းဖြေနေရာ” ဆိုတဲ့ ထိုင်းရဲ့ ပုံရိပ်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာ သူတို့ရဲ့ ခရီးသွားလုပ်ငန်းမော်ဒယ်ကို ခေတ်သစ်တစ်ခုဆီ ရွှေ့ပြောင်းနေတာ ဖြစ်ပါတယ်။ သူတို့ ပိုမိုဆွဲဆောင်ချင်လာတာကတော့ ဆေးကုသမှုအခြေခံတဲ့ ခရီးသွားလုပ်ငန်း (Medical Tourism)၊ ဇိမ်ခံခရီးသွားလုပ်ငန်း (Luxury Tourism) အပြင် ငွေကြေးအမြောက်အမြား သုံးနိုင်မယ့် နိုင်ငံခြားသား အငြိမ်းစားယူထားသူတွေနဲ့ ဒီဂျစ်တယ်စီးပွားရေး (Digital Economy) နဲ့ ချိတ်ဆက်နိုင်မယ့် သူဌေးကြီးတွေကို ဖြစ်ပါတယ်။ အဓိကဆိုလိုရင်းကတော့ “လူဦးရေများများ” ထက် “ပိုက်ဆံအများကြီးသုံးမယ့် ခရီးသွား” ကိုပဲ စစ်ထုတ်ပြီး ရွေးချယ်ချင်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီမဟာဗျူဟာအသစ်မှာ ထိုင်းနိုင်ငံအတွက် ကြီးမားတဲ့ စီးပွားရေးစွန့်စားရမှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းခရီးသွားလုပ်ငန်းရဲ့ ရေရှည်ခိုင်မာလာတဲ့ အခြေခံအင်အားတခုဟာ “လာရလွယ်ကူတယ်၊ နေထိုင်ရအဆင်ပြေတယ်၊ စရိတ်စက အလွန်သက်သာတယ်” ဆိုတဲ့ ပုံရိပ်အပေါ်မှာ တည်ဆောက်ထားလို့ပါပဲ။ အခြေခံ Backpackers တွေ၊ ထိုင်းကို ခဏခဏလာတဲ့ Repeat Visitors တွေ၊ Digital Nomads တွေနဲ့ ဘတ်ဂျက်သမားတွေဟာ ဒေသတွင်း အောက်ခြေစီးပွားရေး (Local Grassroots Economy) အတွက် အရေးပါဆုံးသော ဝယ်သူအင်အားစု ဖြစ်ခဲ့ကြတာပါ။

သူတို့တွေဟာ လမ်းဘေးက အသေးစား နေ့လည်စာဆိုင်တွေ၊ စျေးသက်သာတဲ့ တည်းခိုခန်းလေးတွေ၊ ဆိုင်ကယ်ငှားတဲ့လုပ်ငန်းတွေ၊ လမ်းဘေးက ညဘားလေးတွေနဲ့ ညစျေးတွေမှာ ငွေကြေးအဓိက သုံးစွဲကြတာ ဖြစ်ပါတယ်။ အထက်တန်းစား (Luxury) ခရီးသွားတွေကတော့ နိုင်ငံတကာ အဆင့်မြင့်ဟိုတယ်ကြီးတွေနဲ့ Premium ကုန်တိုက်ကြီးတွေထဲမှာပဲ ငွေသုံးလေ့ရှိကြတာကြောင့် ခရီးသွားလုပ်ငန်း ဝင်ငွေစုစုပေါင်း တက်လာရင်တောင်မှ ထိုင်းနိုင်ငံရဲ့ အောက်ခြေလူထုနဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေကတော့ ထိခိုက်နစ်နာသွားနိုင်ပါတယ်။

အနှစ်ချုပ်ရရင်တော့ အခုအချိန်မှာ ထိုင်းအစိုးရဟာ သူတို့ရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အတွေးအခေါ် (Tourism Philosophy) အသစ်တခုကို စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။ အရေအတွက် (Quantity) ကို စွန့်လွှတ်ပြီး အရည်အသွေး (Quality) ကိုပဲ ရွေးချယ်မလား၊ လူထုအခြေပြု Mass Tourism ကိုပဲ ဆက်သွားမလား၊ ဒါမှမဟုတ် ဒူဘိုင်းစတိုင်လ် ပရီမီယံခရီးသွားမော်ဒယ်ဆီကိုပဲ အပြီးပိုင် ကူးပြောင်းမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါဟာ ဗီဇာသက်တမ်း ကိစ္စရပ်တစ်ခုတည်း မဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့ အနာဂတ်စီးပွားရေးပုံစံတစ်ခုလုံး ဘယ်ဦးတည်ချက်ကို ဦးလှည့်မလဲဆိုတာကို ပြသနေတဲ့ အရေးကြီးဆုံး ဗျူဟာမြောက် အချက်ပြချက်တစ်ခုပဲ ဖြစ်ပါတော့တယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed