မေ ၂၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အစ္စရေးနိုင်ငံဟာ ဟားမတ်စ်လက်နက်ကိုင်တပ်ဖွဲ့၏ အကြီးအကဲဟောင်းကို ယခုလအစောပိုင်းတွင် အလားတူတိုက်ခိုက်မှုမျိုးဖြင့် လုပ်ကြံခဲ့ပြီးနောက်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က ထပ်မံလုပ်ဆောင်ခဲ့တဲ့ ဂါဇာလေကြောင်းတိုက်ခိုက်မှုအတွင်း သူ၏ရာထူးကို ဆက်ခံသူ အကြီးအကဲအသစ် မိုဟာမက် အိုဒါ ကိုပါ သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ် က “ဂါဇာဒေသက ဟားမတ်စ် အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကို မနေ့ကပဲ အောင်မြင်စွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး၊ ငရဲပြည်က သူ့ရဲ့အပေါင်းအဖော်တွေဆီကို ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟားမတ်စ်အဖွဲ့ဘက်ကမူ လက်ရှိအချိန်အထိ တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
“ဝန်ကြီးချုပ်နဲ့ ကျွန်တော့်ကိုယ်စား ဒီလိုပြောင်မြောက်တဲ့ စစ်ဆင်ရေးကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) နဲ့ ရှင်ဘတ် ထောက်လှမ်းရေးအဖွဲ့တို့ကို ချီးကျူးဂုဏ်ပြုကြောင်း” ဝန်ကြီးကတ်ဇ်က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့ပါတယ်။
သူက ဆက်လက်၍ “အောက်တိုဘာ ၇ ရက် အစုအပြုံလိုက် သတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူ မှန်သမျှကို ချေမှုန်းသွားမယ်လို့ ကျွန်တော်တို့ ကတိပြုထားပြီးသားဖြစ်သလို၊ အခုလည်း အဲဒီအတိုင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ဘယ်နေရာမှာပဲရှိရှိ သေဒဏ်ပေးခံရဖို့ သတ်မှတ်ခံထားရသူတွေပါပဲ” ဟု ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အင်္ဂါနေ့က တိုက်ခိုက်မှုသတင်းကို ထုတ်ပြန်ပြီးနောက် ဝန်ကြီးကတ်ဇ်နှင့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တို့၏ ပူးတွဲထုတ်ပြန်ချက်တွင်မူ အိုဒါသည် “အောက်တိုဘာ ၇ ရက် အစုအပြုံလိုက်သတ်ဖြတ်မှုအတွင်း ဟားမတ်စ်အဖွဲ့၏ ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ လွန်ခဲ့တဲ့ သီတင်းပတ်ခန့်ကမှ အက်ဇီဒင် အယ်လ်ဟာဒတ် ၏ ရာထူးကို ဆက်ခံရန် ခန့်အပ်ခံခဲ့ရသူဖြစ်ကြောင်း” သိရပါတယ်။ ရှေ့က အကြီးအကဲဖြစ်သူ ဟာဒတ်မှာမူ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
“အိုဒါဟာ အစ္စရေးအရပ်သား အမြောက်အမြားနဲ့ IDF စစ်သည်တွေကို သတ်ဖြတ်မှု၊ ပြန်ပေးဆွဲဖမ်းဆီးမှုနဲ့ ဒဏ်ရာရစေမှုတွေအတွက် တာဝန်ရှိသူတဦး ဖြစ်တယ်” ဟု ကတ်ဇ်နှင့် နေတန်ယာဟုတို့က ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံအပေါ် ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအပြီးတွင် ဝန်ကြီးချုပ် နေတန်ယာဟုက ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှ ခေါင်းဆောင်များကို ပစ်မှတ်ထား ချေမှုန်းသွားမည်ဟု ကတိပြုထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးတရားဝင် ကိန်းဂဏန်းများအပေါ် အခြေခံထားသည့် AFP သတင်းဌာန၏ မှတ်တမ်းများအရ လူပေါင်း ၁,၂၂၁ ဦး သေဆုံးခဲ့ရပါတယ်။
ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အစ္စရေး၏ ဂါဇာဒေသအပေါ် လက်တုံ့ပြန် စစ်ဆင်ရေးများကြောင့် လက်ရှိအချိန်အထိ အနည်းဆုံး လူပေါင်း ၇၂,၈၀၃ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
အစ္စရေးသည် ယခင်ကလည်း ဟားမတ်စ်အဖွဲ့၏ နိုင်ငံရေးခေါင်းဆောင်ဟောင်း အစ္စမေးလ် ဟာနီယေး နှင့် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို အဓိကကြိုးကိုင်ခဲ့သူဟု ယူဆရသည့် ဂါဇာခေါင်းဆောင် ယာဟ်ယာ ဆင်ဝါ တို့ကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ဖူးပါတယ်။
ထို့အပြင် အက်ဇီဒင် အယ်လ်ကတ်ဆမ် တပ်ဖွဲ့ဟု လူသိများတဲ့ ဟားမတ်စ်လက်နက်ကိုင်တပ်ဖွဲ့၏ ဝါရင့်တပ်မှူး မိုဟာမက် ဒိဖ် နှင့် သူ၏အစ်ကို ယာဟ်ယာ ဆင်ဝါ သေဆုံးပြီးနောက် ဂါဇာခေါင်းဆောင်အဖြစ် ရာထူးဆက်ခံခဲ့သည့် မိုဟာမက် ဆင်ဝါ တို့ကိုလည်း အစ္စရေးက ရှင်းလင်းနိုင်ခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုများဟာ လေဘနွန်နိုင်ငံအတွင်းရှိ ဟားမတ်စ်အဖွဲ့ဝင်များနှင့် သူတို့ရဲ့ မဟာမိတ်ဖြစ်ပြီး အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟစ်ဇဘိုလာ ထိပ်တန်းစစ်သေနာပတိများအပြင် ဟစ်ဇဘိုလာခေါင်းဆောင်ဟောင်း ဟာဆန် နာဆရလ္လာ တို့ကိုလည်း ပစ်မှတ်ထား ချေမှုန်းခဲ့ကြောင်း သိရပါတယ်။















