BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

အီရန်ရှိ ဒုံးကျည်စခန်းများနှင့် ရေယာဉ်များကို ပစ်မှတ်ထား၍ အမေရိကန်က တိုက်ခိုက်မှုအသစ်များ ပြုလုပ်

မေ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်အစိုးရသည် အီရန်နိုင်ငံတောင်ပိုင်းရှိ အီရန်ဒုံးကျည်စခန်းများနှင့် ရေမိုင်းထောင်ရန် ကြိုးပမ်းနေသည့် ရေယာဉ်များကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ယခုတိုက်ခိုက်မှုများသည် “မိမိကိုယ်ကို ခုခံကာကွယ်ခြင်း” သဘောသာဖြစ်ပြီး “အီရန်တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုဘေးမှ မိမိတို့၏ စစ်သည်တော်များကို အကာအကွယ်ပေးရန်” ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် က ထုတ်ပြန်ချက်တခုတွင် ပြောကြားထားပါတယ်။ ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ကပ္ပတိန် တင်မ် ဟောကင်းစ် က အမေရိကန်စစ်တပ်အနေဖြင့် နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပွားနေသည့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း “အထိန်းအကွပ်မဲ့ တုံ့ပြန်မှုမျိုးမရှိစေဘဲ သည်းခံထိန်းသိမ်းကာ မိမိတို့တပ်ဖွဲ့များကို ဆက်လက်ကာကွယ်သွားမည်” ဟု ဆိုပါတယ်။ အဆိုပါ အမေရိကန်၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍…

မေ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်အစိုးရသည် အီရန်နိုင်ငံတောင်ပိုင်းရှိ အီရန်ဒုံးကျည်စခန်းများနှင့် ရေမိုင်းထောင်ရန် ကြိုးပမ်းနေသည့် ရေယာဉ်များကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ယခုတိုက်ခိုက်မှုများသည် “မိမိကိုယ်ကို ခုခံကာကွယ်ခြင်း” သဘောသာဖြစ်ပြီး “အီရန်တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုဘေးမှ မိမိတို့၏ စစ်သည်တော်များကို အကာအကွယ်ပေးရန်” ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် က ထုတ်ပြန်ချက်တခုတွင် ပြောကြားထားပါတယ်။

ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ကပ္ပတိန် တင်မ် ဟောကင်းစ် က အမေရိကန်စစ်တပ်အနေဖြင့် နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပွားနေသည့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း “အထိန်းအကွပ်မဲ့ တုံ့ပြန်မှုမျိုးမရှိစေဘဲ သည်းခံထိန်းသိမ်းကာ မိမိတို့တပ်ဖွဲ့များကို ဆက်လက်ကာကွယ်သွားမည်” ဟု ဆိုပါတယ်။

အဆိုပါ အမေရိကန်၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အီရန်ဘက်က တစုံတရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပါဘူး။ သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baqai က စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲများတွင် တိုးတက်မှုအချို့ ရှိနေသော်လည်း သဘောတူညီချက်ရလုနီးပြီဟု ပြော၍မရသေးကြောင်း အစောပိုင်းတွင် ပြောကြားထားပါတယ်။

ယခုတိုက်ခိုက်မှုများကြောင့် အမေရိကန်နှင့် အီရန်အကြား ဖြစ်ပေါ်လာနိုင်မည့် ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် မည်ကဲ့သို့ ရိုက်ခတ်မှုရှိလာမည်ကိုမူ မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း သဘောတူညီချက်တခု ရရှိနိုင်ဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ပြောကြားခဲ့ပြီး၊ အင်္ဂါနေ့တွင် ပြုလုပ်မည့် အီရန်၏ ထိပ်သီးစေ့စပ်ညှိနှိုင်းရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာတာနိုင်ငံ ဝန်ကြီးချုပ်တို့အကြား ဆွေးနွေးပွဲများကို ညွှန်းဆိုပြသခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ဝန်ကြီး ရူဘီယိုက “ကျွန်တော်တို့ တိုးတက်မှုတွေ ဆက်လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ကနဦးစာရွက်စာတမ်းမှာပါတဲ့ သတ်မှတ်ချက် အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် ဆွေးနွေးငြင်းခုံစရာတွေ အများကြီးရှိနေသေးတဲ့အတွက် ရက်အနည်းငယ် ထပ်ကြာဦးမယ်လို့ ထင်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့်လည်း သဘောတူညီချက်တခု ရရှိလိုသည့် ဆန္ဒရှိကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“သူ (ထရမ့်) ဟာ အပေးအယူတခုခုလုပ်ရင် အကောင်းဆုံးသဘောတူညီချက်ကိုပဲ လုပ်မှာပါ၊ မဟုတ်ရင်တော့ လုံးဝလုပ်မှာ မဟုတ်ဘူး” ဟု ရူဘီယိုက ဆိုပါတယ်။

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ထပ်မံမေးမြန်းရာတွင် ရူဘီယိုက “ဟော်မုဇ်ရေလက်ကြား ကိုတော့ ဖွင့်ထားရပါလိမ့်မယ်။ နည်းလမ်းတခုခုနဲ့ သူတို့ (အီရန်) ဘက်က ဖွင့်ပေးရမှာဖြစ်လို့ ဖွင့်ကိုပွင့်နေရမယ်။ အဲဒီဒေသမှာ ဖြစ်ပျက်နေတာတွေဟာ တရားမဝင်ဘူး၊ ဥပဒေနဲ့မညီဘူး၊ ကမ္ဘာကြီးအတွက်လည်း ရေရှည်လက်ခံနိုင်စရာ မရှိသလို လုံးဝကို ခွင့်မပြုနိုင်တဲ့ အရာပါ” ဟု ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာ၏ ဖော်ပြချက်အရ အမေရိကန်၏ တိုက်ခိုက်မှုများသည် ဟော်မုဇ်ရေလက်ကြားပေါ်တွင် တည်ရှိပြီး အီရန်ရေတပ်စခန်း အခြေစိုက်ရာ တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့် ဘန်ဒါအက်ဘတ်စ် မြို့အနီးရှိ ဧရိယာတခုကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ကပ္ပတိန် ဟောကင်းစ်က ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံပိုင်မီဒီယာများကမူ ဘန်ဒါအက်ဘတ်စ်မြို့တွင် ပေါက်ကွဲသံများ ကြားရပြီးနောက် ဒေသခံအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အစောပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့သည့် မေလအစောပိုင်းက ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်နှင့် အမေရိကန် ရေတပ်ဖျက်သင်္ဘောများအကြား ထိပ်တိုက်တွေ့ဆုံမှုတခု ဖြစ်ပွားခဲ့ပြီး၊ ယင်းဖြစ်ရပ်အတွက် နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြသော်လည်း သမ္မတ ထရမ့်ကမူ အပစ်အခတ်ရပ်စဲရေးသည် ပျက်ပြားခြင်းမရှိဘဲ တည်မြဲနေဆဲဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က သမ္မတ ထရမ့်က နှစ်ဖက်စလုံး သဘောတူညီချက်ရလုနီးပါး ဖြစ်နေပြီဟု အရိပ်အမြွက် ပြောကြားခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူ စေ့စပ်ညှိနှိုင်းရေးမှူးများကို “အလျင်စလို မလုပ်ကြရန်” ညွှန်ကြားထားကြောင်း ပြန်လည်ပြောဆိုခဲ့ကာ ဝန်ကြီး ရူဘီယိုကလည်း တနင်္လာနေ့တွင် သဘောတူညီချက်တခု ရရှိနိုင်ခြေရှိကြောင်း ပြောကြားခဲ့ပါတယ်။

သို့သော်လည်း အီရန်ပြောရေးဆိုခွင့်ရှိသူ ဘာကေးက “ဆွေးနွေးနေတဲ့ ကိစ္စရပ်အတော်များများမှာ အဖြေတခုခုဆီကို ရောက်ရှိနေပြီဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒါဟာ သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ အချိန်နီးကပ်နေပြီလို့ ဆိုလိုတာလားဆိုရင်တော့ ဘယ်သူမှ အဲဒီလို အပိုင်တွက်ပြီး မပြောနိုင်သေးပါဘူး” ဟု ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိ ဆွေးနွေးနေသည့် နားလည်မှုစာချွန်လွှာ (MOU) တွင် ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန်၊ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်နှင့် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးမည့် အစီအစဉ်များ ပါဝင်နေကြောင်း သိရပါတယ်။

ဘီဘီစီ (BBC) ၏ အမေရိကန်မိတ်ဖက်ဖြစ်သော CBS သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန် ထောက်လှမ်းရေးအဖွဲ့သည် အီရန်၏ အဓိကခေါင်းဆောင်ကြီး မိုဂျတာဘာ ခါမေနီ သည် စစ်ပွဲ၏ ပထမဆုံးနေ့က သူ၏ဖခင် သေဆုံးခဲ့ရသည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက်၊ လက်ရှိတွင် လျှို့ဝှက်နေရာတခု၌ ပုန်းအောင်းနေသဖြင့် သူ၏စေလွှတ်ထားသော ကိုယ်စားလှယ်များနှင့် ဆက်သွယ်ရန် ခက်ခဲနေပြီး၊ ယင်းကြောင့်ပင် အမေရိကန်နှင့် ဆွေးနွေးပွဲများ နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်သည်ဟု ယုံကြည်နေကြပါတယ်။

အမေရိကန်မီဒီယာများ၏ အဆိုအရ ယခုဆွေးနွေးပွဲများသည် ချက်ချင်းလက်ငင်း အပြီးသတ် ပြေလည်မှုရရှိဦးမည် မဟုတ်ကြောင်း သိရပါတယ်။ အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ ဖြေလျှော့ပေးရေး၊ အေးခဲထားသည့် အီရန်ရန်ပုံငွေများကို ပြန်လည်လွှတ်ပေးရေးနှင့် အီရန်၏ နျူကလီးယားရည်မှန်းချက်များကို ထိန်းချုပ်ရန် အမေရိကန်၏ တောင်းဆိုချက်များ အပါအဝင် အငြင်းပွားဖွယ်ရာ ကိစ္စရပ်အတော်များများကို နောက်ပိုင်းမှသာ ဆက်လက်ညှိနှိုင်းသွားဖွယ် ရှိနေပါတယ်။

စစ်ပွဲစတင်ချိန်တွင် အီရန်၌ သန့်စင်မှု ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ထားသည့် ယူရေနီယံ ၄၄၀ ကီလိုဂရမ် (ပေါင် ၉၇0 ခန့်) ရှိနေသည်ဟု ယူဆရပြီး၊ ယင်းမှာ လက်နက်အဆင့်မီ ၉၀ ရာခိုင်နှုန်း သန့်စင်မှုအဆင့်သို့ ရောက်ရှိရန် အဆင့်အနည်းငယ်သာ လိုတော့ခြင်းကြောင့် သီအိုရီအရ အီရန်အနေဖြင့် နျူကလီးယားဗုံးတလုံးကို ဖန်တီးနိုင်မည့် အခြေအနေ ဖြစ်ပါတယ်။

တနင်္လာနေ့ညပိုင်းတွင် သမ္မတ ထရမ့်က အဆိုပါ သန့်စင်ပြီး ယူရေနီယံများကို အမေရိကန်ထံ “ချက်ချင်း” လွှဲပြောင်းပေးအပ်ရမည် သို့မဟုတ် “ပိုမိုကောင်းမွန်သည့် နည်းလမ်းအနေဖြင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် ပူးပေါင်းညှိနှိုင်းကာ ဖျက်ဆီးပစ်ရမည်” ဟု ပြောကြားခဲ့ပါတယ်။

အမေရိကန်နှင့် အီရန်တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲရေးကို လိုက်နာစောင့်ထိန်းခဲ့ကြတာ ဖြစ်ပါတယ်။ အီရန်က ဟော်မုဇ်ရေလက်ကြားမှတဆင့် ပင်လယ်ကွေ့ သင်္ဘောလိုင်းများကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အမေရိကန်ရေတပ်ကလည်း အီရန်၏ ဆိပ်ကမ်းများကို ပိတ်ဆို့ရန် ကြိုးပမ်းလျက် ရှိပါတယ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အပေါ် ကျယ်ကျယ်ပြန့်ပြန့် လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသတခွင်တွင် စစ်မီးတောက်လောင်ခဲ့ရခြင်း ဖြစ်ပါတယ်။ အီရန်ကလည်း အစ္စရေးနှင့် ပင်လယ်ကွေ့ရှိ အမေရိကန်မဟာမိတ်နိုင်ငံများကို ပြန်လည်တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့ကာ ဟော်မုဇ်ရေလက်ကြားကိုပါ ထိရောက်စွာ ပိတ်ဆို့ခဲ့ခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်သွားခဲ့ရတာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed