ဇွန် ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ပဲခူးတိုင်းဒေသကြီးထဲက အရပ်သားပြည်သူတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းတခုကို မြန်မာစစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင်၊ မြေပြင်မှာပါ အရပ်သားတွေကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ပြီး လွတ်မြောက်လာသူတွေကိုပါ မတရားဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တခု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
အဲ့ဒီ လေကြောင်းနဲ့ မြေပြင်ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းထဲမှာ ခိုလှုံနေကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၂၈ ဦး သေဆုံးခဲ့ရပြီး၊ ယခုလုပ်ရပ်တွေဟာ ထင်ရှားတဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ Fortify Rights ရဲ့ စုံစမ်းစစ်ဆေးမှုအသစ်မှာ ဖော်ပြထားပါတယ်။
Fortify Rights အဖွဲ့ရဲ့ မှတ်တမ်းတင်ချက်တွေအရ အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ရေတွင်းကုန်းကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနေ့ နံနက်အစောပိုင်းမှာ စစ်ကောင်စီရဲ့ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (၂၀)၊ ခြေလျင်တပ်ရင်း (၂၆) နဲ့ ခြေမြန်တပ်ရင်း (၄၃၉) စစ်ကြောင်းတွေဟာ ရေတွင်းကုန်းကျေးရွာအုပ်စုထဲကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။
စစ်တပ်စစ်ကြောင်း ဝင်ရောက်လာချိန် လမ်းပေါ်မှာ မြေပဲနှုတ်ဖို့ထွက်လာတဲ့ အသက် ၄၃ နှစ်အရွယ် ဒေသခံအမျိုးသားတဦးနဲ့ ရွာသားအများအပြားကို လက်နောက်ပြန် ကြိုးတုပ်ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးထားစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဖြူရောင်အမှုန့်တမျိုးကို နှာခေါင်းနဲ့ ရှူသွင်းကာ မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး ရူးကြောင်ကြောင်ပုံစံမျိုးနဲ့ ကြမ်းတမ်းရက်စက်စွာ ပြုမူခဲ့ကြတယ်လို့ အသက်ရှင်လွတ်မြောက်လာသူက ထွက်ဆိုထားပါတယ်။
ထို့နောက် စစ်သားတွေဟာ စကားပြောစက် ကဆင့် တပ်မှူးဖြစ်သူထံ “ဘုန်းကြီးကျောင်းထဲမှာ PDF တွေရှိတယ်။ ဘုန်းကြီးကျောင်းကိုတိုက်၊ ဗုံးကြဲချပစ်” လို့ အမိန့်ပေးပြောဆိုသံတွေကို လက်နောက်ပြန်ကြိုးတုပ်ခံထားရတဲ့ ရွာသားတွေက အတိုင်းသား ကြားခဲ့ရပါတယ်။
မကြာမီ စစ်သားတဦးက “ကလေးတယောက်ကို ပစ်သတ်လိုက်ပြီ” လို့ အစီရင်ခံခဲ့ပြီး၊ အဆိုပါ ပစ်သတ်ခံရတဲ့ကလေးဟာ ကြောက်လန့်တကြား ထွက်ပြေးခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် သူရဲ့သားဖြစ်သူ ဖြစ်နေတယ်လို့ အဆိုပါဒေသခံအမျိုးသားက ရင်နင့်ဖွယ် ထွက်ဆိုခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာသားတွေက “ရွာထဲမှာ PDF မရှိပါဘူး” လို့ အကြိမ်ကြိမ် ရှင်းပြပေမယ့် လျစ်လျူရှုကာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းရဲ့ ကွန်ကရစ်အဆောက်အအုံ ပထမထပ်တခုလုံး ပြိုကျပျက်စီးသွားခဲ့ပြီး အမိုးတွေလည်း လုံးဝမရှိတော့ဘဲ ပြာကျခဲ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအပြီး ဘုန်းကြီးကျောင်းထဲ သွားရောက်ကြည့်ရှုချိန်မှာ ခေါင်းလောင်းကြီးဘေးမှာ အသက် ၁၄ နှစ်အရွယ် ကလေးငယ်ရဲ့ ရုပ်အလောင်းကိုလည်းကောင်း၊ ကျောင်းထောင့်တနေရာမှာ သူရဲ့ဇနီးဖြစ်သူရဲ့ ရုပ်အလောင်းကိုလည်းကောင်း တွေ့ရှိခဲ့ရပါတယ်။ ထို့ပြင် ကျောင်းဝင်းထဲမှာ ကလေးမွေးဖွားဖို့ နီးကပ်နေပြီး ဝမ်းဗိုက်ထဲကနေ ကလေးလက်လေး ထွက်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းကိုပါ ရင်နင့်ဖွယ် တွေ့ရှိခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ သေဆုံးသွားတဲ့ အရပ်သား ၂၈ ဦးရဲ့ ရုပ်အလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်ဖို့ ရွာသားတွေကို ကျင်းတူးခိုင်းခဲ့ပြီး၊ နှစ်နာရီသာ အချိန်ပေးကာ ကျင်းကြီးနှစ်ကျင်းထဲမှာ စုပေါင်းမြှုပ်နှံခိုင်းခဲ့ပါတယ်။ အမျိုးသားတွေကို အတန်းလိုက်စီကာ ကလေးငယ်တွေကိုမူ အမျိုးသမီးတွေရဲ့ ခြေထောက်ပေါ်မှာ တင်ပေးလျက် စုပြုံမြှုပ်နှံခဲ့ရတယ်လို့ သိရပါတယ်။
Fortify Rights အဖွဲ့ဟာ ၂၀၂၆ ခုနှစ် မတ်လနဲ့ ဧပြီလအတွင်း ပဲခူးတိုင်းဒေသကြီးထံ သွားရောက်ကာ ရှင်သန်လွတ်မြောက်လာသူတွေ၊ မျက်မြင်သက်သေတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအပါအဝင် စုစုပေါင်း ၁၃ ဦးကို လူကိုယ်တိုင် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပဲခူးတိုင်းတာဝန်ရှိသူတွေ ပေးအပ်တဲ့ သေဆုံးသူတွေရဲ့ အမည်စာရင်းမှတ်တမ်းတွေနဲ့ ဒေသခံ PDF အဖွဲ့တွေ ပံ့ပိုးပေးတဲ့ ဒရုန်းဗီဒီယိုမှတ်တမ်းတွေကိုပါ စိစစ်အတည်ပြုခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်အပြီး မတ်လ ၇ ရက်နေ့ ညပိုင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ဖွဲ့တွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းကာ၊ စစ်ကောင်စီတပ်တွေကို တိုက်ထုတ်ပြီး ဖမ်းဆီးခံထားရတဲ့ အရပ်သားပြည်သူတွေကို အန္တရာယ်ကြားကနေ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Fortify Rights ရဲ့ ဒါရိုက်တာ John Quinley က “ပဲခူးတိုင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့တယ်လို့ ယူဆရတဲ့ ဒေသတွေမှာရှိတဲ့ အရပ်သားပြည်သူတွေကို အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေတဲ့ စစ်အုပ်စုရဲ့ စဉ်ဆက်မပြတ်ကျင့်သုံးနေတဲ့ မဟာဗျူဟာကို ထင်ထင်ရှားရှား ပြသလိုက်တာပဲဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
သူက အရပ်သားတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ဂျနီဗာကွန်ဗင်းရှင်း အပါအဝင် နိုင်ငံတကာစစ်ပွဲဆိုင်ရာ ဥပဒေတွေကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်ပြီး စစ်ရာဇဝတ်မှုမြောက်တယ်လို့ ထောက်ပြထားပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံအိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို ချက်ချင်းအဆုံးသတ်ဖို့ အရေးယူဆောင်ရွက်ပေးကြရမယ်လို့ Fortify Rights က တောင်းဆိုထားပါတယ်။
ဒါတင်မကဘဲ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေဖို့ ကြိုးပမ်းချက်တွေကို ပယ်ချဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်နယ်အဆင့် အုပ်ချုပ်ရေးလုပ်ငန်းတွေအပါအဝင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ရိက္ခာအထောက်အပံ့တွေကို နိုင်ငံတကာက တိုးမြှင့်ပေးအပ်ဖို့ အထူးလိုအပ်နေပြီဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။















