သဘောထားအမြင် ဆောင်းပါး | Burma Independent Voice
ကျော့မောင်
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ ဘုံရန်သူတူညီပါလျက် ဘာကြောင့်များ စုစည်းညီညွတ်မှုအင်အားကို မတည်ဆောက်နိုင်ကြတာလဲ၊ ဘာကြောင့်များ မြန်မာစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစုတွေအချင်းချင်းကြား ပဋိပက္ခတွေဖြစ်ပွားလာတာလဲ ဆိုတဲ့ ရိုးရှင်းတဲ့ မေးခွန်းတွေရှိပါတယ်။ ဒီမေးခွန်းတွေက သိပ်ရိုးရှင်းပေမယ့် ဒါဟာ ဒီကနေ့ လက်တွေ့ကြုံနေရတဲ့ ပြဿနာဖြစ်သလို ကျယ်ပြန့်တဲ့ နောက်ခံအကြောင်းအရင်းတွေလည်း ရှိနေပါတယ်။
အခုလက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်တွေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ကြားက ပဋိပက္ခဟာ ဒီပြဿနာတွေကို ပိုပြီးတော့ နက်နက်နဲနဲ အဖြေရှာဖို့ လိုအပ်လာစေပါတယ်။ PLA မတိုင်ခင်မှာ ကျောင်းသားတော်လှန်ရေးတပ်တော် SRF ၊ Sagaing PDF အစရှိတဲ့ အဖွဲ့တွေနဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီလို တော်လှန်ရေးအင်အားစုတွေ အချင်းအချင်းကြား စစ်ရေးတင်းမာမှုနဲ့ ပဋိပက္ခတွေရှိလာတိုင်း ထောက်ခံတဲ့ ဘက်အသီးသီးကို လိုက်ပြီး ချဉ်းကပ်ကြတဲ့ ပုံသဏ္ဍန်တွေက ကွဲပြားသွားပြီး ဒါတွေကို ပုံဖေါ်တဲ့ဇာတ်ကြောင်းတွေကလည်း မတူညီတဲ့ ပုံစံတွေနဲ့ ထွက်လာပါတယ်။
တဘက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ သူတို့ရဲ့ COC အောက်ကို မဝင်တဲ့ အဖွဲ့တွေကို ပြိုကွဲသွားအောင် လုပ်ဆောင်နေကြတယ်ဆိုတဲ့ Narrative တွေကို ပုံဖေါ်ကြသလို၊ တဘက်ကလည်း အဖွဲ့တွေ အကွဲကွဲပြားပြားဖြစ်နေတာဟာ စနစ်ကျတဲ့ အမိန့်ပေးကွပ်ကဲမှုတွေမရှိနိုင်သလို မြေပြင်မှာ စစ်ဘုရင်တွေပုံစံနဲ့ အုပ်ချုပ်ရေးတွေကို ဝင်ရောက်နှောက်ယှက်တယ်၊ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုတဲ့ Narrative တွေကို ပုံဖေါ်ကြလေ့ရှိပါတယ်။
အခု PLA ဖြစ်စဉ်မှာလည်း စစ်တပ်ကို တော်လှန်နေတဲ့ အဖွဲ့အချင်းချင်းဖြစ်ပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်ဖြစ်တာကြောင့် တရုတ်ရဲ့ လက်ဝေခံဆိုပြီး ဆိုးဆိုးရွားရွား တိုက်ခိုက်ပြောဆိုကြတာတွေလည်း ရှိပါတယ်။
လက်နက်ကိုင်အဖွဲ့တွေကြားမှာ တဖွဲ့နဲ့တဖွဲ့ လူမှုရေး၊ နိုင်ငံရေး ပတ်သက်မှုတွေက ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။ တကယ်တော့ ဘုံရန်သူ စစ်တပ်ကို တူတူတိုက်နေတဲ့ အဖွဲ့အချင်းချင်းက ဘာဖြစ်လို့ ဘုံရန်သူစစ်တပ်ကို တိုက်ရမယ့် အရင်းအမြစ်တွေကို ဖြုန်းတီးပြီး အချင်းချင်း ပြန်ချနေကြမလဲဆိုတာက မေးခွန်းလွယ်ပေမယ့် အဖြေခက်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ ပဋိပက္ခတွေဖြစ်နေရင် စစ်တပ်ကို တိုက်ဖို့ အားနည်းသွားမယ့် “အခွင့်အလမ်းအဖိုးအခ” (Opportunity Costs) က အရမ်းကြီးပါတယ်။ ဒီနေရာမှာ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား ပဋိပက္ခမဖြစ်အောင် စေ့စပ်ညှိနှိုင်းပေးမယ့် ဒေသတွင်း ယန္တရားတွေ၊ အဖွဲ့အစည်းတွေ ဘယ်လောက်ရှိသလဲ ဆိုတာကလည်း အရေးကြီးပါတယ်။
ဆီးရီးယား အစ္စလာမ္မစ် အတိုက်အခံအဖွဲ့တွေရဲ့ ဖြစ်ရပ်တွေကို လေ့လာကြည့်ရင် သူတို့ကြားမှာ အချင်းချင်း စေ့စပ်ဖြေရှင်းတဲ့ စနစ်တွေ ရှိနေလို့သာ အကြမ်းဖက်မှုတွေဟာ ကာလတို တရားလွန်ဖြစ်ပွားတဲ့ အချိန်အနည်းငယ်မှာပဲ ကန့်သတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်တွေမှာ အချင်းချင်း တိုက်ခိုက်တာတွေ ရှိနေတာ ငြင်းလို့မရပေမယ့်၊ ဒါဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှု စုစုပေါင်းနဲ့ ယှဉ်ရင် ရာခိုင်နှုန်း အနည်းငယ်ပဲ ရှိတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုတိုက်ပွဲတွေဟာ အချိန်ပြည့် ဆက်တိုက်ဖြစ်နေတာ မဟုတ်ဘဲ၊ စစ်မြေပြင် အခြေအနေ ပြောင်းလဲမှုတွေအပေါ် မူတည်ပြီး အချို့အချိန်နဲ့ အချို့နေရာတွေမှာပဲ စုပြုံဖြစ်ပွားလေ့ရှိတာ ဖြစ်ပါတယ်။
အဖွဲ့တွေဟာ ရည်မှန်းချက်ချင်း တူရင်တောင်မှ အဲ့ဒီရည်မှန်းချက်ကို သွားမယ့် လမ်းစဉ်ချင်း ကွဲလွဲတာမျိုးနဲ့အနာဂတ်မျှော်မှန်းချက်မတူညီတာမျိုး ဒါမှမဟုတ် စစ်သားအင်အားရဖို့နဲ့ ရှားပါးတဲ့ အရင်းအမြစ်တွေကို လုယူဖို့အတွက် ပြိုင်ဆိုင်ရာကနေ ပဋိပက္ခ ဖြစ်လာကြတတ်ကြပါတယ်။
ဆိုရရင်တော့ တော်လှန်ရေးတခု ဒါမှမဟုတ် စနစ်ပြောင်းလဲရေး လှုပ်ရှားမှုတခုမှာ အာဏာရှင်တွေကို ဖြုတ်ချဖို့ ဘုံရည်မှန်းချက် တူညီကြပေမယ့် အနာဂတ်လူ့အဖွဲ့အစည်းကို ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ လမ်းစဉ်မတူညီတဲ့ သဘောထားကွဲလွဲမှုတွေလည်း ရှိကြပါတယ်။ ဒီလို သဘောထားကွဲလွဲမှုတွေက ပဋိပက္ခတွေဖြစ်စေတာ ဒါမှမဟုတ် စုစည်းညီညွတ်မှု တည်ဆောက်လို့ မရနိုင်တာမျိုးတွေ ဖြစ်စေပါတယ်။
သုတေသနတွေရဲ့ လေ့လာမှုအရ တွေ့ရှိထားတဲ့ သီအိုရီတွေမှာတော့ တော်လှန်ရေးအဖွဲ့တွေအချင်းချင်း ဘယ်အချိန်မှာ အကြမ်းဖက် တိုက်ခိုက်ကြသလဲဆိုရင် ရန်သူစစ်တပ်ကို မတိုက်ဘဲ အချင်းချင်းချရတဲ့ အခွင့်အလမ်းအဖိုးအခ (Opportunity Costs) လျော့နည်းသွားတဲ့ အချိန်မျိုးတွေမှာ ဖြစ်ပွားတတ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကတော့ အခြေအနေ (၂) မျိုးမှာ ဖြစ်နိုင်ပါတယ်။ တခုက ရန်သူဘက်ကလာတဲ့ ဖိအားတွေ လျော့ကျသွားပြီး စစ်မြေပြင်မှာ တော်လှန်ရေးအဖွဲ့တွေ နိုင်ပွဲရနေတဲ့အချိန် ဥပမာ စစ်နိုင်လို့ ရလာတဲ့ အောင်ပွဲအသီးအပွင့်တွေကို အချင်းချင်း လုကြတာမျိုး ဖြစ်ပါတယ်။
နောက်တချက်ကတော့ လုံး၀ စစ်ရှုံးတော့မယ့် အခြေအနေ ရောက်နေပြီး ရုန်းကန် ရှင်သန်နိုင်ဖို့ အချင်းချင်း နေရာလုကြတဲ့အချိန် ဥပမာ ရှင်သန်ရေးအတွက် အချင်းချင်း ပြန်တိုက်ခိုက်ကြတာမျိုး ဖြစ်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေဟာ အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ဘုံရည်မှန်းချက် ရှိကြတယ်ဆိုပေမယ့်၊ စစ်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းကြားမှာ စီးပွားရေးအရင်းအမြစ် လုယူမှုတွေနဲ့ အချင်းချင်း ပြန်လည်ဝါးမြိုဖို့ ကြိုးပမ်းလာကြတဲ့ ဖြစ်စဉ်တွေကလည်း တော်လှန်ရေးရဲ့ ဘေးထွက်ဆိုးကျိူးတွေထဲက တခုဖြစ်လာပါတယ်။
နောက်ထပ် သတိပြုရမှာကတော့ အဖွဲ့အစည်းတွေအကြား အင်အားချင်း မမျှတတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ “ အာဏာမျှခြေမဖြစ်မှု” (Power Asymmetry) ပဲ ဖြစ်ပါတယ်။ Cohen ရဲ့ သီအိုရီတွေအရ စစ်ရေးအရ အလွန်အမင်း အင်အားကြီးမားလာတဲ့ အုပ်စုတွေဟာ သူတို့နဲ့ နယ်မြေချင်း ကပ်လျက်ရှိနေတဲ့ သဘောထားချင်း မတူညီတဲ့ အားနည်းတဲ့ အုပ်စုတွေကို ဝါးမြိုဖို့ ဒါမှမဟုတ် လုံးဝဖျက်ဆီးပစ်ဖို့ စနစ်တကျ ကြိုးပမ်းလေ့ ရှိကြပါတယ်။
နိုင်ငံရေးစီးပွားရှာဖွေမှုနဲ့ စစ်ပွဲဗျူဟာ သုတေသနတွေအရ လက်နက်ကိုင်အဖွဲ့အစည်း အများအပြားဟာ နယ်မြေတခုတည်းမှာ ဖြစ်စေ၊ ဒါမှမဟုတ် ကပ်လျက်နယ်မြေတွေမှာဖြစ်စေ အတူတူ လှုပ်ရှားရတဲ့အခါ ကာလရှည် စစ်ပွဲကို ထောက်ပံ့ပေးနိုင်မယ့် ဒါမှမဟုတ် တပ်ရပ်တည်ရေးကို အထောက်အပံ့ပေးနိုင်မယ့် စီးပွားရေးအရ အကျိုးအမြတ်များတဲ့ အရင်းအမြစ်တွေကို လုယူဖို့အတွက် အချင်းချင်း တိုက်ခိုက်ကြတဲ့ “ အရင်းအမြစ် ပဋိပက္ခ” (Resource Conflict) တွေလည်း ဖြစ်လာတတ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ အချင်းချင်း ပဋိပက္ခကို ထိန်းကျောင်းပေးမယ့် စနစ်တွေ၊ ယန္တရားတွေ မရှိတော့ဘူး ဒါမှမဟုတ် ပျက်ပြားသွားပြီဆိုရင်တော့ အကျိုးဆက်အနေနဲ့ အင်အားနည်းတဲ့အဖွဲ့တွေ လုံးဝ ပြုတ်ပျက်သွားတာမျိုး ဒါမှမဟုတ် တော်လှန်ရေး လှုပ်ရှားမှုကြီးတခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
နောက်ထပ် သတိပြုရမယ့် အချက်ကတော့ “ ဘုံရန်သူ” ထက် “ အဖွဲ့တွေရဲ့လုပ်ပိုင်ခွင့်နဲ့ နယ်မြေစိုးမိုးမှု” ကို ပိုပြီး ရှေ့တန်းတင်လာတဲ့အခါ အချင်းချင်း သတ်ဖြတ်ခြင်း (Fratricide) လမ်းစဉ်ဆီကို ဦးတည်သွားတတ်တာပဲ ဖြစ်ပါတယ်။
စစ်မြေပြင်က တင်းမာမှုတွေကို ပိုပြီး သွေးဆူသွားစေတာ၊ ဒါမှမဟုတ် ပိုပြီး အကွဲအပြဲတွေ ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အချိန်ကိုက် ပေါ်လာတတ်တဲ့ “ဆိုရှယ်မီဒီယာပေါ်က ဆယ်လီတွေ၊ Influencer တွေရဲ့ ရေးသားပြောဆိုမှုတွေကလည်း တစိတ်တပိုင်းပါဝင်နေပါတယ်။
ထိလွယ်ရှလွယ်တဲ့ ဖြစ်ရပ်မျိုး တွေက ဆိုရှယ်မီဒီယာပေါ် ရောက်လာတဲ့အခါ လူမှုကွန်ရက်ပေါ်က ဆယ်လီတွေဟာ မြေပြင်အခြေအနေကို သေသေချာချာ မသိဘဲ ဘက်လိုက်ပြီး ဝါဒဖြန့်တာ (Partisan Amplification) ကို လုပ်ဆောင်လေ့ရှိကြပါတယ်။
နှစ်ဖက် တာဝန်ရှိတဲ့ ခေါင်းဆောင်တွေက ပြေလည်မှုအတွက် စေ့စပ်ဖို့ ကြိုးစားနေချိန်မှာ အွန်လိုင်းပေါ်က ဆယ်လီတွေရဲ့ ဆဲဆိုအပြစ်တင်မှုတွေ၊ အရှိန်မြှင့်တွန်းအားပေးမှုတွေကြောင့် ခေါင်းဆောင်ပိုင်းတွေဟာ တော်လှန်ရေးနဲ့ ပြည်သူ့မျက်နှာကြည့်ပြီး လိုက်လျောမှုမလုပ်ရဲတော့ဘဲ အချင်းချင်း တိုက်ခိုက်တဲ့လမ်းကိုပဲ ရွေးချယ်သွားရတတ်ပါတယ်။
သုတေသနတွေအရ တော်လှန်ရေးအဖွဲ့အချင်းချင်း ဖြစ်တဲ့ ပြဿနာတွေဟာ ဒေသတွင်း ညှိနှိုင်းမှု ယန္တရားတွေနဲ့ ထိန်းချုပ်လို့ ရနိုင်ပေမယ့်၊ ဆိုရှယ်မီဒီယာပေါ်က ပုံကြီးချဲ့ ဝေဖန်မှုတွေဟာ အဲ့ဒီ ညှိနှိုင်းမှုတွေကို ပြေလည်မှုတွေနဲ့ ပိုပြီး ဝေးကွာလာစေပါတယ်။
စစ်ပွဲအတွင်းမှာ သတင်းအချက်အလက်နဲ့ ဝါဒဖြန့်ချိရေးစစ်ပွဲ (Information and Propaganda Warfare) ဆိုတာ မဟာဗျူဟာမြောက် အလွန်အရေးပါတဲ့ ကဏ္ဍတခုဖြစ်ပါတယ်။ အထူးသဖြင့် အခုခေတ်လို ဒစ်ဂျစ်တယ်ခေတ် (Digital Era) မှာဆိုရင် ဒီဝါဒဖြန့်ချိရေးစစ်ပွဲကို အရင်ကထက် ပိုပြီး အင်နဲ့အားနဲ့ စနစ်တကျ လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။
ဒီလို ဝါဒဖြန့်ချိရေးစစ်ပွဲဟာ ဘုံရန်သူနဲ့ ဆင်နွှဲလေ့ရှိကြတာမျိုးပါ။
ဒီနေရာမှာ မေးခွန်းထုတ်စရာ ဖြစ်လာတာကတော့၊ အခုနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝါဒဖြန့်ချိရေးစစ်ပွဲဟာ အာဏာသိမ်းစစ်တပ်ကိုပဲ ပစ်မှတ်ထားနေတာလား၊ ဒါမှမဟုတ် တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာပဲ ပြန်လည်ဆင်နွှဲနေတာလားဆိုတာ ဝေခွဲမရဖြစ်စေပါတယ်။
ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ဖြစ်ပွားတဲ့ မြေပြင်ကိစ္စရပ်တွေ၊ ပဋိပက္ခတွေမှာလည်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဇာတ်ကြောင်းခင်းပြောဆိုမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်လာရတာကြောင့်ဖြစ်ပါတယ်။
ပြဿနာတခုခု၊ ပဋိပက္ခတခုခု ဒါမှမဟုတ် နားလည်မှုလွဲစရာတွေ ဖြစ်လာတဲ့အခါ ဘက်အသီးသီး၊ အဖွဲ့အစည်းအသီးသီးက “ တရားဝင် ပြောရေးဆိုခွင့်ရှိသူများ” ရဲ့ အခန်းကဏ္ဍက အဓိက ကျပါတယ်။ သူတို့ကပဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်က တိကျတဲ့ သတင်းအချက်အလက်တွေကို တာဝန်ယူမှု တာဝန်ခံမှု (Institutional Accountability) အပြည့်နဲ့ ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမြန်မာ့တော်လှန်ရေး အခင်းအကျင်းမှာတော့ ပြဿနာတခုခု ဖြစ်လာပြီဆိုရင် တရားဝင် ပြောရေးဆိုခွင့်ရှိသူတွေထက် အွန်လိုင်းပေါ်က အခွင့်အာဏာမသိသာတဲ့ ပြောဆိုသူတွေ သိပ်များပြားနေတာက စိုးရိမ်စရာ အကျိုးဆက်တခု ဖြစ်နေပါတယ်။
“ ဘယ်သူက ဘယ်လို တာဝန်ရှိလို့ ဘယ်လိုအချက်အလက်တွေကို ပြောရေးဆိုခွင့်ရှိနေတာလဲ၊ ဘာ့ကြောင့် သူက ဒီဇာတ်ကြောင်း (Narrative) တွေကို ပြောခွင့်ရှိနေတာလဲ” ဆိုတဲ့ မေးခွန်းတွေက အဖြေမရှိဘဲ ဖြစ်နေပါတယ်။
သူတို့က ဘက်တခုခုမှာ ရပ်တည်တဲ့ တော်လှန်ရေးဆယ်လီ (Partisan Influencer) ဖြစ်လို့ ပြောခွင့်ရှိနေတာလား၊ ဒါမှမဟုတ် သတင်းအချက်အလက်အားလုံး ရရှိနိုင်တဲ့ အခွင့်ထူးခံနေရာမှာ ရှိနေလို့လား ဆိုတာ ဝေခွဲမရတော့ပါဘူး။ ရလဒ်အနေနဲ့ အဖွဲ့အစည်းရဲ့ တရားဝင် သတင်းထုတ်ပြန်မှုထက် “ ဆယ်လီအခြေပြု ဇာတ်ကြောင်းခင်းမှုတွေ” (Influencer-driven Narratives) က ပိုပြီး များပြားလာပြီး လူထုကြား ပိုမိုကျယ်ပြန့်သွားလေ့ ရှိပါတယ်။ ဒါတွေဟာ Media Literacy အားနည်းတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ပဋိပက္ခတွေကို စေ့စပ်ပြေလည်စေမယ့်အစား နှစ်ဖက်ပြဿနာတွေကို ပြေလည်မှုလမ်းစတွေနဲ့ ပိုပြီး ဝေးကွာသွားစေပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးမှာ ဖြစ်ပွားနေတဲ့ တော်လှန်ရေးအဖွဲ့အချင်းချင်းကြားက ပဋိပက္ခတွေနဲ့ ဝါဒဖြန့်ချိရေးစစ်ပွဲတွေဟာ ရိုးရှင်းတဲ့ ကိစ္စရပ်သက်သက်ကြောင့် ဖြစ်ရတာ မဟုတ်ပါဘူး။ ဒါဟာ စစ်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ ပေါ်ပေါက်လာတတ်တဲ့ အရင်းအမြစ် လုယူမှုတွေ၊ “ အာဏာမျှခြေမဖြစ်မှု” (Power Asymmetry) တွေနဲ့အတူ အွန်လိုင်းပေါ်က တာဝန်မဲ့ ဆယ်လီအခြေပြု ဇာတ်ကြောင်းခင်းမှုတွေကြောင့် ဖြစ်ပါတယ်။
ဒါတွေကို ဘယ်လို ကိုင်တွဲဖြေရှင်းကြမလဲဆိုတာက တော်လှန်ရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေသူတွေ၊ အဖွဲ့အစည်းအသီးသီးရဲ့ ခေါင်းဆောင်မှုမှာ ရှိနေသူတွေမှာ တာဝန်ရှိလာပါတယ်။ ဒီလို ပဋိပက္ခတွေမဖြစ်ဖို့ဆိုတာက ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေကြားထဲမှာပဲ စိုးရိမ်ပူပန်ရမှာမျိုးမဟုတ်ဘဲ တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဒါဟာ တော်လှန်ရေးရဲ့ ဘေးထွက်ဆိုးကျိူးအဖြစ်ရှုမြင်ဖို့၊ စိန်ခေါ်မှုအကျပ်အတည်းတခုအဖြစ် ရှုမြင်ပြီး ဘယ်လို ပူးပေါင်းကိုင်တွယ်ဖြေရှင်းကြမလဲဆိုတဲ့ အတူတကွ စဉ်းစားချက်တွေ ရှိနေဖို့ လိုအပ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ မကြေလည်မှုတွေကို ပြည်သူလူထုနဲ့ သတင်းမီဒီယာတွေကို ဘယ်လိုမျိုး တာဝန်ယူမှုရှိရှိ အချက်အလက်တွေ ပေးမလဲ၊ ပြည်သူလူထုကို ဘယ်လိုမျိုး တရားဝင်သတင်းထုတ်ပြန်မှု နည်းလမ်းတွေနဲ့ အသိပေးမလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ နှစ်ဖက် အမှန်အမှား အငြင်းပွားမှုတွေဖြစ်နေတဲ့ အကြောင်းအရာတခုကို သတင်းထုတ်ပြန်မှုတခုတည်းနဲ့ လုံလောက်မှုရှိနိုင်မလား၊ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတဲ့အခါ ပြေလည်မှုထက် ပဋိပက္ခတွေကို ပိုပြီး ကြီးထွားသွားစေမယ့် ပြောဆိုမှုတွေ ဘယ်လို ရှောင်ရှားမလဲ စတဲ့ ချဉ်းကပ်စဉ်းစားမှုတွေလည်း ရှိဖို့ လိုအပ်ပါတယ်။
လက်ရှိအချိန်မှာ တစုတည်းဖြစ်တဲ့ မဟာမိတ်အင်အားစုကို မတည်ဆောက်နိုင်ဘူးဆိုရင်တောင် မိမိတို့အချင်းချင်း မတိုက်ခိုက်ကြေးဟူသော စည်းကမ်း နဲ့ နယ်မြေခွဲဝေမှု ကျင့်ဝတ်နှင့် စည်းကမ်းများ သတ်မှတ်တာတွေကို ကြိုတင်ရေးဆွဲဖို့ လိုအပ်ပါတယ်။
အခုချိန်မှာတော့ အဖွဲ့အချင်းချင်းကြား ပြဿနာဖြစ်ပွားလာပြီဆိုရင် လက်နက်နဲ့ မဖြေရှင်းဘဲ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ ညှိနှိုင်းမှု ယန္တယား ဒါမှမဟုတ် တရားစီရင်ရေးစနစ်” (Joint Dispute Resolution Body) တခု တည်ဆောက်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ဆိုရမှာပါ။
တကယ်လို့ ဒေသတွင်း ညှိနှိုင်းမှု ယန္တရားတွေ၊ စေ့စပ်ဖြေရှင်းရေး စနစ်တွေကို အမြန်ဆုံး အကောင်အထည် မဖော်နိုင်ဘဲ၊ အွန်လိုင်းပေါ်က ဝါဒဖြန့်ချိရေး စစ်ပွဲတွေကိုပဲ ဆက်လက် ရှေ့တန်းတင်နေကြဦးမယ်ဆိုရင်တော့ တော်လှန်ရေးအင်အားစုတွေဟာ အချင်းချင်းကြား သွေးထွက်သံယို ဖြစ်စေတဲ့ လမ်းစဉ်ဆီကိုပဲ ဦးတည်သွားမှာ ဖြစ်ပါတယ်။
အကျိုးဆက်အနေနဲ့ တော်လှန်ရေး လှုပ်ရှားမှုကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားနိုင်သလို၊ လက်နက်နဲ့ အာဏာရှိသူတွေကြားထဲမှာ မြေစာပင်ဖြစ်ပြီး အကာအကွယ်မဲ့နေဆဲဖြစ်တဲ့ အရပ်သားပြည်သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက်တော့ စစ်မှန်တဲ့ တရားမျှတမှုနဲ့ အကာအကွယ်ဟာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘဲ ရှာဖွေရခက်ခဲတဲ့ အဖြေတခုအဖြစ် ပျောက်ဆုံးနေဦးမှာ ဖြစ်ပါတယ်။















