ဇွန် ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေကြားထဲမှာ ဖြစ်ပေါ်လာတဲ့ သဘောထားကွဲလွဲမှုတွေကို လက်နက်အားကိုးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့ စံနမူနာပြ ဖြေရှင်းသွားကြဖို့ ဒေသတွင်းနဲ့ ပြည်ပအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း၊ နိုင်ငံရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်း ၁၃၀ ကျော်က ပူးတွဲနှိုးဆော်ချက်နဲ့ ဖိတ်ခေါ်လွှာတစောင်ကို ဇွန်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီထုတ်ပြန်ချက် မှာ “ ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ဆိုတဲ့ ခေါင်းစဉ် တိုက်တွန်းချက်တွေပါရှိတာကိုတွေ့ရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ သဘောထားကွဲလွဲမှုတွေနဲ့ ပွတ်တိုက်မှုတွေ ရှိလာတာဟာ ဓမ္မတာဖြစ်ပေမယ့်၊ ဒီပြဿနာတွေကို လက်နက်နဲ့ ဖြေရှင်းဖို့ ကြိုးစားလာတာဟာ တော်လှန်ရေးအဟုန်ကို တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုပဲ အသက်ဆက်သွင်းရာ ရောက်သွားစေနိုင်တယ်လို့ ထောက်ပြထားပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ နိုင်ငံရေးအရ တန်းတူဆက်ဆံတာနဲ့ အပြန်အလှန် လေးစားအသိအမှတ်ပြုတာတွေကို မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ယုံကြည်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
“ ညီညွတ်ရေးဟာ အစွမ်းထက်ဆုံးလက်နက်” ဖြစ်တာနဲ့အညီ ဒီလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တိုတွန်းထားတာကိုတွေ့ရပြီး တော်လှန်ရေးနဲ့ နိုင်ငံရေးအင်အားစုများအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းတာတွေကို ဝိုင်းတားကြဖို့၊ ချိုးဖောက်မှုတွေကို တရားမျှတစွာ ဖြေရှင်းဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းတာတွေကို အင်တိုက်အားတိုက် ဝန်းရံပေးကြဖို့ ဆိုတဲ့ တိုက်တွန်းချက်ပါဝင်ပါတယ်။
ဒါ့အပြင် အတတ်ပညာရှင်၊ အသိပညာရှင်တွေနဲ့ အနုပညာရှင်တွေအနေနဲ့ တတ်ကျွမ်းတဲ့ ကဏ္ဍတွေကနေ ဦးတည်ချက်မပျောက်အောင် အသိပညာပေးတာနဲ့ လှုံ့ဆော်တာတွေကို လူမှုကွန်ရက်နဲ့ မြေပြင်မှာ ကူညီလုပ်ဆောင်ပေးကြဖို့ တိုက်တွန်းထားပြီး ပြည်သူလူထုအနေနဲ့လည်း ကမ်ပိန်းရဲ့ ကြွေးကြော်သံတွေ၊ ပိုစတာတွေနဲ့ ဆောင်းပါးတွေကို အွန်လိုင်းနဲ့ မြေပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေပြီး “ ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေးနှင့် ညီညွတ်ရေးဆီသို့” လှုပ်ရှားမှုကို လူထုဖိအားတရပ်အနေနဲ့ ဝိုင်းဝန်းပါဝင်ပေးကြဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီလှုပ်ရှားမှုဟာ မည်သူ့ကိုမျှ အပြစ်တင်ဖို့ မဟုတ်ဘဲ အားလုံးစည်းလုံးညီညွတ်စွာနဲ့ ပန်းတိုင်ကို အတူတူ လျှောက်လှမ်းနိုင်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။















