ဆောင်းပါး၊ ကျော်ဘ
နှစ်ကာလတွေဟာ လူတွေကိုတိုက်စား
Homer ရဲ့ The Odyssey ဟာ စစ်မြေပြင်ပေါ်က အောင်ပွဲတွေကို အမွှမ်းတင်ဖော်ကျူးထားတဲ့ ဂန္ထဝင်စာပေ ကဗျာရှည်တပုဒ် မဟုတ်ပါဘူး။ Troy စစ်မြေပြင်မှာ သွေးချောင်းစီး စစ်ပွဲကြီးတွေ ဆယ်နှစ်ကြာ တိုက်ခိုက်ခဲ့ရပြီးနောက်၊ အိမ်ပြန်လမ်း ပင်လယ်ပြင်ထဲမှာ နောက်ထပ် ဆယ်နှစ်မျှ လှည့်လည်ရုန်းကန်ခဲ့ရလို့ စုစုပေါင်း အနှစ်နှစ်ဆယ်ကြာ မိခင်မြေနဲ့ ကွဲကွာခဲ့ရသူ Odysseus ရဲ့ အိမ်ပြန်ခရီး အကြောင်းကို မော်ကွန်းတင်ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတပုဒ် ဖြစ်ပါတယ်။ ဒါပေမဲ့ Homer ပြောထားတဲ့ အဓိပ္ပာယ်က ကဗျာစာသားတွေထဲက အိမ်ပြန်ခရီးတခုထက် ပိုနက်နဲပါတယ်။ လူတယောက်ဟာ စစ်ပွဲတွေကြားမှာ နှစ်ကာလရှည်ကြာ ကျော်ဖြတ်ခဲ့ပြီးတဲ့နောက် မူလဘဝဆီ အမှန်တကယ် ပြန်ရောက်နိုင်သေးရဲ့လား ဆိုတဲ့ ကြောက်မက်ဖွယ် မေးခွန်းတခုကို ပုစ္ဆာထုတ်ထားတာ ဖြစ်ပါတယ်။
Troy စစ်ပွဲ ပြီးဆုံးသွားတဲ့နေ့မှာ သွေးထွက်သံယို ဖြစ်ရပ်တွေ ရပ်တန့်သွားပါတယ်။ ဒါပေမဲ့ Odysseus အတွက် တိုက်ပွဲဟာ အဆုံးသတ်မသွားပါဘူး။ Troy စစ်ပွဲမှာ တဖက်ရန်သူကို အောင်နိုင်ပြီးတဲ့ Odysseus ဟာ စစ်ကြီးပြီးတဲ့နေ့ကစပြီး ပိုမိုခက်ထန်ကြမ်းတမ်းတဲ့ စစ်ပွဲတခုကို တိုက်ခဲ့ရတာပါ။ ပင်လယ်နတ်ဘုရား Poseidon ရဲ့ အငြိုး၊ ဆန်းကြယ်တဲ့ မိစ္ဆာကျွန်းစုတွေ၊ ညှို့ဓာတ်ဆန်တဲ့ သွေးဆောင်မှုတွေနဲ့ လူသားဆန်ဆန် အားနည်းချက်တွေကြားမှာ Ithaca ကို ပြန်ရောက်ဖို့ သူဟာ နောက်ထပ် ဆယ်နှစ်ကြာ စိတ်ရော ခန္ဓာပါ ပြိုကွဲမတတ် ရုန်းကန်ခဲ့ရပါတယ်။ အဲဒီခရီးမှာ Cyclops ဒါမှမဟုတ် Sirens တွေက တကယ့်ရန်သူ မဟုတ်ဘဲ ဖြတ်သန်းနေရတဲ့ အချိန်ကာလ အပိုင်းအခြားကသာ သူ့အပေါ် ရက်စက်ကြမ်းကြုပ်တဲ့ ရန်သူအစစ် ဖြစ်ခဲ့ပါတယ်။
Odysseus ဟာ တခြားလူအဖြစ် ပြန်ရောက်လာခဲ့
စစ်ကြီးမဖြစ်ခင်က Odysseus ဟာ Ithaca ကျွန်းရဲ့ ထီးနန်းစည်းစိမ်နဲ့ ပြည့်စုံတဲ့ ဘုရင်တပါး၊ ဉာဏ်ပညာထက်မြက်တဲ့ အုပ်ချုပ်သူ၊ Penelope ရဲ့ ခင်ပွန်း၊ မွေးကင်းစ Telemachus ရဲ့ ဖခင် ဖြစ်ခဲ့ပါတယ်။ စစ်မြေပြင်ကို ထွက်ခွာလာခဲ့ချိန်မှာ သူဟာ ထီးနန်းတခုတည်း မဟုတ်ဘဲ သူ့ဘဝတခုလုံးကိုပါ ချန်ရစ်ခဲ့ရတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ တုန်းက သူ့ရင်ထဲမှာ အနုပညာ၊ အချစ်နဲ့ နွေးထွေးတဲ့ မိသားစုအိပ်မက်တွေ ပြည့်နှက်နေခဲ့ဖူးပါတယ်။ ဒါပေမဲ့ Troy မှာ ဆယ်နှစ်၊ အိမ်ပြန်လမ်းမှာ နောက်ထပ် ဆယ်နှစ် … စုစုပေါင်း အနှစ်နှစ်ဆယ်ဆိုတာ လူတယောက်ရဲ့ ဘဝတခုလုံး အလုံးစုံပြောင်းလဲသွားဖို့ ဒါမှမဟုတ် အပြီးတိုင် ပျောက်ကွယ်သွားဖို့ လုံလောက်တဲ့အချိန် ဖြစ်ခဲ့တယ်။
ဆယ်စုနှစ် နှစ်ခုအကြာ Ithaca ကို ပြန်ရောက်လာတဲ့ Odysseus ဟာ မူလထွက်ခွာသွားခဲ့တဲ့ Odysseus မဟုတ်တော့ပါဘူး။ သူ့မျက်လုံးတွေထဲမှာ စစ်ပွဲရဲ့ သွေးစွန်းနေတဲ့ မြင်ကွင်းတွေ ပုံရိပ်ထင်ကပ်ငြိနေသလို၊ သူ့နားထဲမှာ ရဲဘော်ရဲဘက်တွေရဲ့ နောက်ဆုံးအော်ဟစ်သံတွေ ငိုကြွေးမြည်တမ်းသံတွေ တိတ်ဆိတ်စွာ ပြန်လည်မြည်ဟည်းနေပါတယ်။ သူ့လက်တွေဟာလည်း စစ်ပွဲထဲ ရှင်သန်ကျန်ရစ်ခဲ့ဖို့အတွက် သွေးစက်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရပြီ ဖြစ်ပါတယ်။ Ithaca ကို ပြန်ရောက်လာတဲ့ ဘုရင်မင်းမြတ်ဟာ သူ့အိမ်တော်ကို သိမ်းပိုက်ထားတဲ့ Suitors တွေကို သနားညှာတာမှု မရှိဘဲ ရက်ရက်စက်စက် ကွပ်မျက်ခဲ့တာဟာ အများရဲ့ အမြင်မှာတော့ သူရဲကောင်းတယောက်ရဲ့ အိမ်အပြန်အောင်ပွဲတခု ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ Homer ရဲ့ မေးခွန်းက အောင်ပွဲရဲ့နောက်ကွယ်မှာ ကျန်ရစ်တဲ့ လူသားတယောက်ရဲ့ အတွင်းစစ်ကိုပါ ဖော်ပြနေပါတယ်။ Odysseus ကိုယ်တိုင်အတွက်တော့ သူဟာ အဇ္ဇတ္တပဋိပက္ခတွေနဲ့ ကိုယ့်ကိုယ်ကို စစ်ပွဲဆင်နွှဲနေရတာ ဖြစ်ပါတယ်။ ရန်သူနဲ့ တိုက်တဲ့ စစ်ပွဲက အောင်ပွဲရပြီးဆုံးသွားချိန်မှာ စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံး အတွင်းတနေရာမှာ စစ်ပွဲဟာ မပြီးဆုံးသေးဘူး ဆိုတဲ့အချက်ဟာ The Odyssey ရဲ့ ရင်နင့်စရာ အကောင်းဆုံး အဆုံးသတ်ပါပဲ။
Nolan ရဲ့ အချိန်ကာလဒဿန
Christopher Nolan ရဲ့ The Odyssey ကို Homer ရဲ့ မော်ကွန်းနဲ့ တွဲစပ်ကြည့်တဲ့အခါ သူတို့နှစ်ဦးကြားမှာ ထူးထူးခြားခြား ထပ်တူကျနေတဲ့ အတွေးစတခုက — အချိန်ဟာ လူသားကို ဘယ်လို ပြောင်းလဲပစ်သလဲဆိုတဲ့ မေးခွန်းပါပဲ။ The Odyssey ရုပ်ရှင်ဇာတ်ကားမှာ မူရင်းကဗျာထဲကအတိုင်း အချိန်ကာလ သက်တမ်းတွေရဲ့ ရက်စက်မှုကို Christopher Nolan က နက်နက်နဲနဲ မီးမောင်းထိုးပြခဲ့ပါတယ်။ Nolan ရဲ့ အမြင်နဲ့ တင်ပြပုံကို နားလည်ထားရင် Odysseus ရဲ့ အနှစ်နှစ်ဆယ်ဟာ ခရီးတခုရဲ့ ကြာချိန် မဟုတ်တော့ဘဲ လူတယောက်ရဲ့ မှတ်ဉာဏ်၊ Identity၊ အချစ်နဲ့ မေတ္တာတရားတွေကို နှစ်ကာလတွေက တဖြည်းဖြည်း ဝါးမြိုတိုက်စားပြောင်းလဲပစ်တဲ့ ဖြစ်စဉ်တခုအဖြစ် မြင်လာရပါတယ်။
အမှန်တော့ ဒါဟာ Nolan ရဲ့ ရုပ်ရှင်ကမ္ဘာတခုလုံးကို သီကုံးထားတဲ့ ပင်မဆက်ထုံးလည်း ဖြစ်ပါတယ်။ Nolan ရဲ့ ရုပ်ရှင်တွေဟာ အချိန်ရဲ့ တိုက်ခိုက်မှုကို ခံယူနေရတဲ့ လူသားတွေရဲ့ ရင်တွင်းဒဏ်ရာကို အစဉ်သဖြင့် စူးစမ်းနေတတ်ပါတယ်။ Memento မှာ မှတ်ဉာဏ် ပျက်စီးသွားခြင်းကြောင့် Identity ရဲ့ ပြိုကွဲပုံကို သူ မေးခွန်းထုတ်ခဲ့ပါတယ်။ Inception မှာတော့ အတိတ်ဟာ ထွက်ပေါက်မဲ့တဲ့ စိတ်ကူးဗိသုကာ ထောင်ချောက်တခု ဖြစ်လာပါတယ်။ Interstellar နဲ့ Dunkirk တို့မှာတော့ အချိန်ဆိုတာ နာရီလက်တံပေါ်က နာရီ မိနစ် စက္ကန့်တွေ မဟုတ်တော့ဘဲ လူသားတွေရဲ့ စိတ်ဝိညာဉ်ကို တဖြည်းဖြည်း ပွတ်တိုက်စားနေတဲ့ မမြင်ရတဲ့ စကြဝဠာဆိုင်ရာ အင်အားတခု ဖြစ်လာပါတယ်။ Nolan အတွက်တော့ အချိန်ကာလတခု ဆိုတာ အခြေအနေအရ လူတယောက် စွန့်ခွာထားပစ်ခဲ့ရတဲ့အရာတွေကို တိတ်တိတ်ဆိတ်ဆိတ် ဝါးမျိုဖျက်ဆီးပစ်နိုင်တဲ့ ရန်သူတော်တပါးပါပဲ။
မြန်မာပြည်က Odysseus တွေ
Homer နဲ့ Nolan တို့ရဲ့ ဖန်တီးမှု အနုပညာတွေဟာ ဒဏ္ဍာရီတပုဒ်လို ဖြစ်မနေဘဲ မျက်မှောက်ခေတ်လူသားတွေရဲ့ အတ္ထုပ္ပတ္တိမော်ကွန်းတခုလို ခံစားရနိုင်စရာ အကြောင်းများစွာ ရှိပါတယ်။ အထူးသဖြင့် The Odyssey ကို မြန်မာနိုင်ငံက လူငယ်တွေရဲ့ မျက်မှောက်ခေတ် ပုံရိပ်တွေနဲ့ နှိုင်းယှဉ်ခံစားကြည့်တဲ့အခါ Odysseus ရဲ့ နှစ်ပေါင်း ၂၀ ခရီးကြမ်းဟာ ပိုပြီး အသက်ဝင်လာခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ အာဏာလုယူမှု နောက်ပိုင်း မြန်မာနိုင်ငံက လူငယ်ထောင်ပေါင်းများစွာဟာ မိမိတို့ရွေးချယ်ခဲ့ခြင်းမဟုတ်တဲ့ မုန်တိုင်းတခုကြားထဲ ရောက်သွားခဲ့ကြပါတယ်။ သူတို့ဟာ Odysseus လိုပဲ ကိုယ့်အိမ်ကို ကိုယ်တိုင် ကျောခိုင်းပြီး ကြမ်းတမ်းခက်ထန်လှတဲ့ စစ်မြေပြင်ကို ထွက်ခွာခဲ့ကြရပါတယ်။ တချို့က တောတောင်တွေထဲမှာ ဗုံးနဲ့ကျည်ဆန်တွေကြားမှာ၊ တချို့ကတော့ မြို့ပြက အန္တရာယ်လက်တကမ်းမှာ၊ မူလဘဝတွေနဲ့ များစွာဝေးကွာပြီး အသီးသီး စစ်ပွဲဆင်နွှဲနေကြရတယ်။ တချို့ကတော့ အုတ်တံတိုင်းနဲ့ သံတိုင်တွေကြားမှာ ရန်သူ့အကျဉ်းသားအဖြစ် ခံနိုင်ရည်စစ်ပွဲမှာ တိုက်ပွဲဝင်ရင်း မိမိကိုယ်ကို ပျောက်ဆုံးမသွားဖို့ စိတ်ဓာတ်စစ်ပွဲ ဆင်နွှဲနေကြရတယ်။ တချို့ဆိုလည်း တစိမ်းဆန်တဲ့ လူတွေရဲ့အလယ် မတူညီတဲ့ ဘာသာ၊ ယဉ်ကျေးမှုတွေကြား အိမ်အဟောင်းလေးနဲ့ မိုင်ပေါင်းများစွာ ဝေးကွာသွားခဲ့ကြရပါတယ်။
ဘယ်လမ်းကို လျှောက်သည်ဖြစ်စေ အားလုံးဟာ ကျောခိုင်းစွန့်ခွာခဲ့ရတဲ့၊ နေရာတခုမှာ တည်ရှိနေခဲ့ ကိုယ့်အိမ်ကို စိတ်ကူးထဲမှာ မှန်းဆမျှော်ကြည့်ရင်း မိမိကိုယ်ကို ပြန်လည်ရှာဖွေနေကြရတာပါ။ သူတို့ရင်ထဲမှာ Odysseus လိုပဲ “တနေ့တော့ ငါ့အိမ်ကို ပြန်မယ်” ဆိုတဲ့ စကားတခွန်းကို အဓိဋ္ဌာန်တခုလို ကိုယ့်ကိုယ်ကိုယ် အမြဲ ရွတ်ဆိုနေကြဆဲ ဖြစ်ပါတယ်။
The Odyssey ရဲ့ ရက်စက်တဲ့ မေးခွန်းတခု
ဒါပေမဲ့ The Odyssey က အားလုံးကို ရက်စက်တဲ့ မေးခွန်းတခု ထုတ်ထားပြီးသားပါ။ စစ်ပွဲပြီးရင် အိမ်ပြန်ရောက်မလား ဆိုတဲ့ မေးခွန်းထက်၊ စစ်ပွဲအပြီးမှာ ငါပြန်ရောက်သွားတဲ့အိမ်ဟာ စစ်ပွဲအတွက် ငါကျောခိုင်းစွန့်လွှတ်ခဲ့ရတဲ့ အိမ် ဖြစ်နေသေးရဲ့လား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ Odysseus အပါအဝင် စစ်မြေပြင်ကို ထွက်သွားရသူတိုင်းဟာ အိမ်ကိုပဲ စွန့်ခဲ့ရတာ မဟုတ်ပါဘူး။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါးနဲ့ စိတ်ဝိညာဉ်မှတ်ဉာဏ်ထဲက အမှတ်တရတွေကိုပါ စွန့်လွှတ်ထားရစ်ခဲ့ကြရတာပါ။ တကယ်တော့ အားလုံးအတွက် အိမ်ဆိုတာ မြေပုံပေါ်က အမှတ်အသားတခု ဆိုတာထက် ပိုပါတယ်။ ရယ်သံတွေနဲ့ ဆူညံနေခဲ့ဖူးတဲ့ အိမ်ရှေ့ခန်း၊ လက်ဆုံစားခဲ့ဖူးတဲ့ မိသားစုထမင်းဝိုင်း၊ ဆော့ကစားဖူးတဲ့ အိမ်ရှေ့က လမ်းမကြီးနဲ့ စကားဖောင်အောင် ငြင်းခုန်ခဲ့ဖူးတဲ့ လမ်းထိပ်က လက်ဖက်ရည်ဆိုင် … ဒါတွေကသာ အိမ်ဆိုတဲ့ အမှတ်လက္ခဏာ သင်္ကေတ ဖြစ်ပါတယ်။ ဒီနေရာမှာ အားလုံး စွန့်ပစ်ခဲ့ရတာဟာ အိပ်ရာတခု၊ လိပ်စာတခု၊ အိမ်တလုံးမျှသာ မဟုတ်ပါဘူး။ ဘဝတခုလုံး ကျန်ရစ်ခဲ့ရတာ ဖြစ်ပါတယ်။
ဝမ်းနည်းစရာ ဖြစ်ရပ်မှန်တခုကတော့ တချို့အတွက် အိမ်ဆိုတာ ကိုယ့်ကို အပြီးတိုင် သော့ခတ်ထားလိုက်ပြီဖြစ်တဲ့ တံခါးတချပ်၊ ပြန်သွားဖို့ရာ မဖြစ်နိုင်တော့တဲ့လိပ်စာ ဒါမှမဟုတ် ဖုန်း Gallery ထဲက ဓာတ်ပုံတပုံမျှသာ ဖြစ်သွားခဲ့ရပါပြီ။ မြို့ရွာတော်တော်များများနဲ့ အိမ်ကလေးများဟာ ခေတ်ပျက်ခေတ်ဆိုးရဲ့ ရက်စက်မှုကြောင့် ပြာကျသွားခဲ့ရတာတွေ ရှိပါတယ်။ တချို့တွေအတွက်တော့ အပြောင်းအလဲ တခုခုကြောင့် အိမ်ဟာ အိမ်ဆိုတဲ့ အနှစ်သာရမဲ့သွားခဲ့ရတာတွေ ရှိနိုင်ပါတယ်။ Odysseus ကနေ ယနေ့ခေတ် မြန်မာလူငယ်တွေအထိ ခံစားကြုံတွေ့နေရတဲ့ စစ်ပြန်တယောက်ရဲ့ ကြေကွဲပြိုလဲဖွယ်ရာ ပျောက်ဆုံးမှုတွေပါ။
မိမိကိုယ်ကို ပျောက်ဆုံးခြင်း
ဒါပေမဲ့ အိမ်တလုံး ပျောက်ဆုံးသွားတာထက် ပိုမိုနာကျင်ရတဲ့ ပျောက်ဆုံးမှုတခု ရှိပါသေးတယ်။ အိမ်ကို ပြန်လာတဲ့ လူကိုယ်တိုင် မိမိကိုယ်ကို ပျောက်ဆုံးသွားရတာပဲ ဖြစ်ပါတယ်။
စစ်မြေပြင်က အောင်ပွဲနဲ့အတူ ပြန်လာတဲ့ Odysseus ဟာ စစ်ချီထွက်သွားတဲ့ Odysseus ဟုတ်ပါသေးရဲ့လား? ဒီနေရာမှာ Nostalgia ဆိုတဲ့ စကားလုံးက ဝင်လာပါတယ်။ မူလအဓိပ္ပာယ် ဂရိစကားလုံး Nostos (အိမ်သို့ပြန်ခြင်း) နဲ့ Algos (နာကျင်မှု) တို့ ပေါင်းစပ်ထားတာပါ။ ဒီတော့ Nostalgia ဆိုတာ တိုက်ရိုက်အဓိပ္ပာယ် အိမ်လွမ်းနာ ဖြစ်ပါတယ်။ ဒါပေမဲ့ Homer နဲ့ Nolan ရဲ့ Nostalgia ကတော့ ပြန်မရနိုင်တော့တဲ့ အတိတ်က တစုံတရာကို ပြန်တမ်းတတာမျိုး ဖြစ်ပါတယ်။ Odysseus ဟာ မူလက အိမ်ကို လွမ်းနေတာလို့ ထင်မှတ်ရပေမဲ့ တကယ်တော့ သူလွမ်းမောနေတာဟာ အိမ်ထဲတွင် တခါက ရယ်မောပျော်ရွှင်နေခဲ့ဖူးတဲ့ သူ့ကိုယ်သူကိုသာ ပြန်တမ်းတနေတာ ဖြစ်ပါတယ်။
လူတယောက်ဟာ တချိန်ချိန်မှာ အိမ်ကို ပြန်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်ကာလ တခုကိုတော့ ဘယ်လိုမှ ပြန်မရောက်နိုင်တော့ပါ။ Odysseus ဟာ Ithaca ကို ပြန်ရောက်ခဲ့ပေမဲ့ ထွက်ခွာသွားခဲ့တဲ့ လူငယ် Odysseus ကတော့ ဘယ်တော့မှ ပြန်ရောက်မလာခဲ့ပါဘူး။ သူ့အစား စိတ်ဒဏ်ရာ ထရော်မာတွေနဲ့ ပြည့်နေတဲ့ စစ်က ထုဆစ်လိုက်တဲ့ Odysseus ကသာ ပြန်လာနိုင်ခဲ့တာပါ။ ဒီနေ့ မြန်မာနိုင်ငံမှာလည်း ထောင်ပေါင်းများစွာသော လူငယ်တွေဟာ အိမ်ပြန်ရောက်မယ့်နေ့ကို စောင့်မျှော်နေကြဆဲပါ။ တနေ့နေ့မှာ မုန်တိုင်းတွေ ငြိမ်သက်ပြီး လေပြေသာတဲ့အခါ သူတို့အားလုံး အိမ်ပြန်ရောက်ကောင်း ရောက်နိုင်ကြပါလိမ့်မယ်။ အဲဒီအချိန်မှာ အဲဒီအိမ်ထဲမှာ တချိန်က အပြစ်ကင်းကင်း ရယ်မောခဲ့ဖူးတဲ့၊ အိပ်မက်တွေနဲ့ ပြည့်နှက်နေခဲ့ဖူးတဲ့ သူတို့ကိုယ်သူတို့ရော ပြန်ရှာတွေ့နိုင်ကြပါ့မလား။
စစ်သည်တော်တယောက် အိမ်ပြန်ရောက်လာချိန်မှာ အဲဒီအိမ်ထဲမှာ အတိတ်က နေထိုင်ခဲ့ဖူးတဲ့ “မိမိကိုယ်ကို” ပြန်ရှာမတွေ့တော့တာဟာ The Odyssey ရဲ့ ဂန္ထဝင်ဒဏ်ရာဒဏ်ချက်များစွာထဲက အနက်ရှိုင်းဆုံးဒဏ်ရာ ဖြစ်ပါလိမ့်မယ်။ ပြိုလဲပျက်စီးသွားတဲ့ နေအိမ်တလုံးကို ပြန်လည်တည်ဆောက်လို့ ရနိုင်ပေမဲ့ စစ်ပွဲနဲ့ နှစ်ကာလတွေကြားမှာ ပျောက်ဆုံးသွားခဲ့တဲ့ “ငါဘယ်သူလဲ” ဆိုတဲ့ မေးခွန်းကို ပြန်ဖြေနိုင်ဖို့က အလွန်ခက်ခဲပါတယ်။ သူတို့ အမှန်တကယ် ပြန်လိုချင်တာဟာ မြေပြင်ပေါ်က အိမ်တလုံးလား၊ ဒါမှမဟုတ် အမှတ်တရတွေအပြည့်နဲ့ အသက်ရှင်ခဲ့ဖူးတဲ့ စစ်မဖြစ်ခင်တချိန်က ကိုယ့် Version အဟောင်းလား ဆိုတာကို Homer က လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်နီးပါးကတည်းက မေးခွန်းထုတ်ခဲ့ပြီးသား ဖြစ်ပါတယ်။
လောကသုံးပါး ပျက်စီးခြင်းနဲ့ လူ့အဖွဲ့အစည်းရဲ့ဝတ္တရား
လောကသုံးပါးလုံးကို ဖျက်ဆီးနိုင်တဲ့ စစ်ပွဲကြီးတွေဟာ လူသားတွေရဲ့ အင်အားထက် အဆမတန် ကြီးမားလှပါတယ်။ မြို့ရွာအဆောက်အအုံတွေ ပြိုလဲပျက်စီးသွားတဲ့ ဩကာသလောကရဲ့ ဆုံးရှုံးမှုနဲ့ အသက်ပေါင်းများစွာ ကြွေလွင့်သွားရတဲ့ သတ္တလောကရဲ့ ပြိုကွဲမှုတွေကိုတော့ လူတွေ မြင်နိုင်၊ ရေတွက်နိုင်ကြပါသေးတယ်။ ဒါပေမဲ့ အမှန်တကယ် ပိုမိုနက်ရှိုင်းပြီး ရေတွက်လို့မရနိုင်တဲ့ ပျက်စီးမှုတခု ရှိနေပါသေးတယ်။ အဲဒါကတော့ စစ်ပွဲတွေက လူတယောက်ရဲ့ အတွင်းအဇ္ဇတ္တထဲကို တိတ်တဆိတ် ဝင်ရောက်ပြီး စိတ်ဝိညာဉ်၊ မှတ်ဉာဏ်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို တဖြည်းဖြည်း တိုက်စားဖျက်ဆီးခံလိုက်ရတဲ့ သင်္ခါရလောက ပျက်စီးခြင်းပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ခေတ်သစ် Odysseus တွေ အိမ်ပြန်လာကြမယ့်နေ့မှာ ဒီလူငယ်တွေဟာ ပျောက်ဆုံးသွားခဲ့တဲ့ နေရာတခုတည်းကို ရှာဖွေကြမှာ မဟုတ်ပါဘူး။ နှစ်ကာလတွေ၊ စစ်ပွဲတွေနဲ့ ဆုံးရှုံးမှုတွေကြားမှာ တချိန်က ပစ်ချထားခဲ့ရတဲ့ သူတို့ကိုယ်သူတို့ အရေးတကြီး ပြန်လည်ရှာဖွေကြရမှာလဲ ဖြစ်ပါတယ်။ အိမ်ကို ကျောခိုင်းခဲ့ရတဲ့ စစ်သည်တော်တွေရဲ့ အပြန်ခရီးမှာ သူတို့နဲ့အတူ ရပ်တည်ပေးပြီး သူတို့ထားရစ်ခဲ့ရတဲ့ သူတို့ဘဝကို ပြန်ပေးနိုင်ဖို့ဟာ မြန်မာလူ့အဖွဲ့အစည်းရဲ့ သိပ်မဝေးတော့မယ့် အနာဂတ်အတွက် အရေးအကြီးဆုံး တာဝန်တရပ် ဖြစ်လာနေပါတယ်။

