ဆောင်းပါး | Burma Independent Voice
ဘုဏ်း
“Gemini တွေက မျက်နှာနှစ်ဖက်နဲ့လေ၊ Cancer တွေကျ စိတ်ခံစားမှုကို ဦးစားပေးလွန်းတယ်၊ Taurus တွေလောက် ခေါင်းမာပြီး အပျင်းကြီးတာမရှိဘူး။” အခုလိုမျိုး ရာသီခွင်တွေနဲ့ လူတွေရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်တွေကို အကဲဖြတ်လိုက်တာမျိုးက လူငယ်တွေရဲ့ စကားဝိုင်းတွေမှာ အကြားများတဲ့ ခေါင်းစဥ်တစ်ခုပါ။ “ဘယ်လမွေးတာလဲ” ဆိုတဲ့ မေးခွန်းနောက်မှာ ရာသီခွင်ကိုကြည့်ပြီး အကဲဖြတ်မှုတွေ ကပ်ပါတတ်ပါတယ်။ ဒီအယူအဆတွေကို လက်မခံတဲ့သူတွေလည်းရှိသလို တစ်ဖက်မှာလည်း သူငယ်ချင်းဆက်ဆံရေးအစပြုတာကနေ အိမ်ထောင်ဖက်ရွေးချယ်တဲ့နေရာတွေအထိ ရာသီခွင်တွေရဲ့ အခန်းကဏ္ဍက လူငယ်တွေကြားမှာ တဖြည်းဖြည်းအရေးပါလာတာတော့ အမှန်ပါပဲ။
ရာသီခွင်တွေအပေါ် လက်ခံယုံကြည်မှုလို့ ဆိုလိုက်တာနဲ့ စကားဝိုင်းတွေမှာ ဝင်ရောက်ဆွေးနွေးရုံသက်သက် အပျော်သဘော လက်ခံမှုကနေ နေ့စဥ်ဘဝမှာ နက်ရှိုင်းတဲ့ စိတ်ဝိညာဉ်ရေးရာ လမ်းညွှန်မှုတွေအရ ဆုံးဖြတ်ချက် ကြီးကြီးမားမားတွေ ချမှတ်တဲ့နေရာတွေမှာ သက်ရောက်မှုရှိတဲ့အထိ ကျယ်ပြန့်ပါတယ်။
ဒါတွေအားလုံးက ဘာကြောင့်များလဲ။ Oxford Brookes University ရဲ့ အဆိုအရ Gen Z တွေ ရာသီခွင်အပေါ် စွဲလမ်းရတဲ့ အကြောင်းအရင်းတွေ အများကြီးထဲကမှ အဓိကအချက်က သူတို့အနေနဲ့ မိမိကိုယ်ကို ပြန်လည်သုံးသပ်တဲ့အခါမှာ (self-reflection) ရာသီခွင်တွေက တစ်နည်းတစ်ဖုံနဲ့ ကူညီပေးလို့ပါ။ ဆိုလိုတာက လူငယ်အများစုဟာ ရာသီခွင်တွေကို အနာဂတ် ဟောကိန်းထုတ်တဲ့နေရာထက် မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ဖို့နဲ့ ကိုယ့်ရဲ့ စိတ်နေစိတ်ထားအကြောင်းကို ပိုနားလည်ဖို့အတွက် ပေါ့ပေါ့ပါးပါး အသုံးပြုကြတာလည်း ဖြစ်ပါတယ်။
ဒုတိယတစ်ချက်က လူတွေဟာ သိစိတ်ကဖြစ်ဖြစ်၊ မသိစိတ်ကဖြစ်ဖြစ် “သက်ဆိုင်လိုစိတ်”’ ရှိကြပါတယ်။ လူသားတွေဟာ ဇီဝဗေဒအရ အုပ်စုဖွဲ့နေထိုင်တတ်တဲ့ လူမှုရေးသတ္တဝါတွေ (Social Animals) ဖြစ်တယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း စစ်မှန်ပြီး ငြင်းမရတဲ့ သိပ္ပံနည်းကျ အချက်အလက် တစ်ခုပါ။ ဆိုတော့ ရာသီခွင်တွေအကြောင်း စကားဝိုင်းတွေက လူတစ်ဦးနဲ့တစ်ဦးကို ပိုပြီးနီးစပ်စေပါတယ်။ ဒါ့ကြောင့်လည်း TikTok, Facebook နဲ့ Instagram တို့လို လူမှုကွန်ရက်တွေမှာ ရာသီခွင်တွေနဲ့ဆိုင်တဲ့ အကြောင်းအရာတွေဟာ ခေတ်စားလာပြီး အပြန်အလှန်ဆွေးနွေးလို့ရတဲ့ ဒီဂျစ်တယ်အသိုင်းအဝိုင်းတစ်ခု ဖြစ်လာတာကတော့ မျက်မြင်ပါပဲ။
ထင်မှတ်မထားကြတဲ့ နောက်တစ်ချက်က လုပ်ငန်းခွင်အပေါ် သက်ရောက်မှုပါ။ EduBirdie ရဲ့ ၂၀၂၄ ခုနှစ်က စစ်တမ်းတွေအရ Gen Z တွေရဲ့ ၆၃ % ဟာ ရာသီခွင်တွေဟာ သူတို့လုပ်ငန်းတွေအပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေရှိတယ်လို့ ယူဆကြပါတယ်။ ခန့်မှန်းရခက်၊ အပြောင်းအလဲတွေမြန်ဆန်ပြီး မတည်မငြိမ်တဲ့ ယနေ့ခေတ် အလုပ်စျေးကွက်ထဲကို စတင်ဝင်နေကြရတဲ့ Gen Z တွေအတွက် သမားရိုးကျ ဘာသာရေးယုံကြည်မှုအပြင် စိတ်ဝိဉာဥ်ရေးရာ ယုံကြည်မှုတွေကိုပါ လက်ခံလာကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ လုပ်ငန်းခွင်တွေမှာ ရာသီခွင်တွေဟာ တဖြည်းဖြည်းနဲ့ စိတ်ဝိဉာဥ်တွေကို လမ်းပြပေးမယ့် “စကြဝဠာရဲ့ သံလိုက်အိမ်မြှောင်” အသွင် ဖြစ်လာတာလည်း မထူးဆန်းတော့ပါဘူး။
ဒါပေမယ့် ထူးဆန်းနေတာကတော့ ဒီရာသီခွင်ရေစီးကြောင်းကို အခြေခံပြီးမှ ထွက်ပေါ်လာတဲ့ ထုတ်ကုန်တချို့ကို စျေးကွက်မှာ ခပ်စိတ်စိတ် တွေ့နေရတာပါ။ ဥပမာ ရာသီခွင်အလိုက် လက်ဝတ်ရတနာတွေ၊ ရေမွှေးတွေ၊ အသုံးအဆောင်တွေ၊ သော့တွဲ (key-chain) တွေ၊ ကျောက်မျက်ရတနာတွေ၊ လက်ကိုင်အိတ်တွေ၊ အလှကုန်တွေ၊ အနံ့သွင်း ဖယောင်းတိုင်တွေ၊. ဆံပင်နဲ့ မိတ်ကပ်ပုံစံတွေ၊ အဝတ်အစားစတိုင်လ်တွေ၊ စားသောက်ဆိုင်က menu itemတွေကနေအစ နေ့စဥ်၊ လစဥ်၊ နှစ်စဥ် ရာသီခွင်ဟောစာတမ်းဝန်ဆောင်မှုတွေအထိ ရှိပါတယ်။ ဒီစျေးကွက်တွေဟာ ရာသီခွင်တွေရဲ့ ပရိတ်သတ်အားကောင်းကြောင်း သက်သေတစ်ခုဆိုလည်း မမှားပါဘူး။
တစ်ဖက်မှာလည်း ရာသီခွင်ယုံကြည်မှုအပေါ် မတူညီကြတဲ့အမြင်တချို့လည်း တွေ့နိုင်ပါတယ်။ သိပ္ပံနည်းကျမဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် လှည့်စားနေတာ၊ ကိုယ့်ကြောင့် ဖြစ်သွားတဲ့ အမှားအယွင်း (သို့) လူမှုဆက်ဆံရေးမပြေလည်မှုတွေကို “ဂြိုဟ်စီးဂြိုဟ်နင်းမကောင်းလို့” (သို့) “ငါကတော့ ဘယ်ရာသီဖွားမို့လို့ အဲဒီလိုတုံ့ပြန်မိတာ” ဆိုပြီး ရာသီခွင်တွေအပေါ် ပုံချနေတာ၊ ကိုယ့်အပြုအမူနဲ့ လုပ်ရပ်တွေအပေါ် ကိုယ်တိုင်တာဝန်ယူပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားလိုစိတ်ကို လျော့နည်းစေတာ၊ ရာသီခွင်ပုံစံခွက်ထဲကို ထည့်သွင်းပြီး အကဲဖြတ်မှုတွေက လူတွေရဲ့ အမြင်ကို ကျဥ်းမြောင်းစေတာ စတဲ့ ဝေဖန်ထောက်ပြမှုတွေကလည်း ရှိနေဆဲပါပဲ။
ဒါ့ကြောင့် ဘယ်ကိစ္စမှာမဆို လိုအပ်တာထက်ပိုပြီး မစွဲလမ်းသွားဖို့၊ အစွန်းမရောက်သွားဖို့ အင်မတန်အရေးကြီးပါတယ်။ နိဂုံးချုပ်ရရင် ရာသီခွင်အယူအဆတွေဟာ Gen Z လူငယ်တွေကြားမှာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့၊ စိတ်လုံခြုံမှုအတွက် ခိုကိုးရာရှာဖွေဖို့နဲ့ ပေါ့ပေါ့ပါးပါး လူငယ်စကားဝိုင်းတစ်ခုစတင်ဖို့အတွက်တော့ စိတ်ဝင်စားဖို့ကောင်းပြီး အသုံးဝင်တဲ့ ရေစီးကြောင်းတစ်ခု ဖြစ်နေဆဲပါပဲ။
ဘဝရဲ့ နေ့ရက်တိုင်းကို ဂြိုဟ်စီးဂြိုဟ်နင်းတွေ၊ ကြယ်တာရာတွေ၊ ရာသီခွင်တွေရဲ့ အဆုံးအဖြတ်အတိုင်းပဲ သွားမလား၊ သင့်လျော်မှန်ကန်တဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းနဲ့ ဘဝကို မောင်းနှင်မလားဆိုတာကတော့ စာဖတ်သူအပေါ်မှာပဲ ရာနှုန်းပြည့် မူတည်ပါတယ်။

