ဇူလိုင် ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းသမ္မတအဖြစ် တာဝန်ယူတဲ့ ရက် ၁၀၀ ပြည့် မိန့်ခွန်းပြောကြားရာမှာ NLD အစိုးရလက်ထက်မှာ တာဝန်ရှိသူတွေရဲ့ မဆင်မခြင်ဆောင်ရွက်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကြောင့် ဆုံးရှုံးမှုတွေများခဲ့တယ်လို့ ပြစ်တင်ပြောဆိုပါတယ်။
“ ယခင်ဒီမိုကရေစီ ဒုတိယအစိုးရ သက်တမ်းကာလအတွင်းမှာ တာဝန်ရှိသူများရဲ့ မဆင်မခြင်ဆောင်ရွက်ချက်များနဲ့ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေနဲ့ ဘီလီယံဒေါ်လာ ၁၃.၃ သန်းနဲ့ မြန်မာငွေကျပ် ၂၂၆.၁ ဘီလီယံကျော် ဆုံးရှုံးနစ်နာခဲ့ရပါတယ်” လို့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ဟာ သူ့ရဲ့ မိန့်ခွန်းတွေအတွင်း အရပ်သားအစိုးရဖြစ်တဲ့ NLD အစိုးရကို မကြာခဏပြစ်တင်ပြောဆိုလေ့ရှိပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး မဲပေးသူတွေရဲ့ ကိုယ်စားပြုတယ်လို့ ထုတ်ပြန်ထားပေမယ့် သူဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို မဲမသာမှုကြောင့်ဖြစ်တယ်လို့ မကြာခဏ အကြောင်းပြပြောဆိုလေ့ရှိပါတယ်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ရက်(၁၀၀) မိန့်ခွန်းအတွင်းမှာတော့ သူ့အစိုးရကို သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးဖြစ်ရမယ်လို့ ပြောဆိုထားပါတယ်။ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးဆိုတဲ့ စကားကို သူ့ရဲ့ စီနီယာဖြစ်တဲ့ စစ်တပ်နောက်ခံ ကြံ့ဖွံ့ပါတီရဲ့ သမ္မတ ဦးသိန်းစိန်လည်း မိန့်ခွန်းတွေအတွင်း ထည့်သွင်းပြောဆိုဖူးပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က NLD အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုကြောင့် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ပြစ်တင်ပြောဆိုနေပေမယ့် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) မှာ မြန်မာနိုင်ငံဟာ ရမှတ် ၁၆ မှတ်သာ ရရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၉ အထိ ကျဆင်းနေတာ ကိုတွေ့ရပါတယ်။
၂၀၂၀ ပြည့်နှစ် အရပ်သားအစိုးရလက်ထက်က ရမှတ် ၂၈ မှတ် (အဆင့် ၁၃၇) ရရှိပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ တိုးတက်မှုများ ရှိခဲ့ပေမယ့်လည်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စောင့်ကြည့်ကြီးကြပ်ရေး အဖွဲ့အစည်းများ ပျက်ပြားသွားတာကြောင့် အဂတိလိုက်စားမှုတွေဟာ တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ရမှတ် ၁၆ မှတ်အထိ ကျဆင်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အာရှ-ပစိဖိတ်ဒေသအတွင်းမှာတော့ စင်ကာပူနိုင်ငံက ရမှတ် ၈၄ မှတ်ဖြင့် အကောင်းဆုံးအဆင့်မှာ ရှိနေပြီး မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန် (ရမှတ် ၁၆)၊ မြောက်ကိုရီးယား (ရမှတ် ၁၅) တို့နဲ့အတူ အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေတာကို တွေ့ရပါတယ်။

