သုတရေးရာ | Burma Independent Voice
TikTok လိုမျိုး ဗီဒီယိုတို ပလက်ဖောင်းတွေကို တနေ့ကို အနည်းဆုံး တနာရီခန့် ကြည့်ရှုလေ့ရှိတဲ့ လူငယ်တွေရဲ့ ဦးနှောက်ကွန်ရက် အချင်းချင်း ချိတ်ဆက်လုပ်ဆောင်မှုဟာ တနာရီအောက်သာ ကြည့်ရှုသူတွေနဲ့ ယှဉ်ရင် ပိုမိုအားကောင်းနေတယ်လို့ Frontiers in Human Neuroscience ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနအသစ်တခုအရ သိရပါတယ်။
TikTok လိုမျိုး ပလက်ဖောင်းတွေဟာ သုံးစွဲသူရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တဲ့ ဗီဒီယိုတိုတွေကို အယ်လ်ဂိုရီသမ် စနစ်တွေနဲ့ ဆက်တိုက်ပြသပေးလေ့ ရှိပါတယ်။ ဗီဒီယိုတိုတွေ အလွန်အကျွံကြည့်ရှုတာဟာ စိုးရိမ်စိတ်လွန်ကဲတာ၊ စိတ်ဓာတ်ကျတာ၊ အထီးကျန်တာတွေနဲ့ ဆက်စပ်နေကြောင်း အရင်က ဖော်ပြခဲ့ကြပေမဲ့လည်း ဒါဟာ အဲ့ဒီ ပလက်ဖောင်းတွေကြောင့် တိုက်ရိုက်ဖြစ်ပွားရတာ ဟုတ်မဟုတ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အရင်တုန်းက ဦးနှောက်ဓာတ်မှန်ရိုက် လေ့လာမှုတွေမှာ ဗီဒီယိုတိုတွေ ကြည့်ရှုနေစဉ်အတွင်း ဦးနှောက်ရဲ့ တုံ့ပြန်ပုံကို စမ်းသပ်ခဲ့ကြပြီး ကိုယ်ပိုင်စိတ်ဝင်စားမှုဆိုင်ရာ အကြောင်းအရာတွေက အာရုံစိုက်မှု၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်မှုနဲ့ အသိဉာဏ်ဆိုင်ရာ ထိန်းချုပ်မှုစနစ်တွေကို အားကောင်းစေတာကိုတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အခု သုတေသနအသစ်မှာတော့ သုတေသီတွေဟာ ဗီဒီယိုကြည့်ရှုခြင်း မရှိတဲ့ ငြိမ်သက်နေစဉ် အချိန်မှာ ဦးနှောက်လုပ်ဆောင်ချက် ကွဲပြားမှု ရှိမရှိကို စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ၊ ချုံချင့် ရှာပင်းပါ စိတ်ကျန်းမာရေးဗဟိုဌာနမှ Siwei He နဲ့ အဖွဲ့ဟာ အသက် (၂၁.၆) နှစ်ပျမ်းမျှရှိတဲ့ ကျန်းမာရေးကောင်းမွန်သော လူငယ် (၅၅) ဦးကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။
ပါဝင်သူတွေကို ဗီဒီယိုတို ကြည့်ရှုတဲ့ ကြာချိန်ကို မေးမြန်းခဲ့တာမှာ တနေ့ကို တနာရီအောက် ကြည့်ရှုသူ (၂၀) ဦးကို “နည်းပါးစွာ ကြည့်ရှုသူတွေ” အဖြစ် သတ်မှတ်ပြီး တနေ့ကို တနာရီမှ သုံးနာရီအထိ ကြည့်ရှုသူ (၃၅) ဦးကို “ပိုမို ကြည့်ရှုသူတွေ” အဖြစ် အုပ်စုခွဲခြားခဲ့ပါတယ်။ သုတေသီတွေက တနာရီ သတ်မှတ်ချက်ဟာ စွဲလန်းနေတဲ့ ရောဂါအဆင့်ကို တိုင်းတာတာ မဟုတ်ဘဲ လေ့လာမှုအတွက် အုပ်စုခွဲတာမျှသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
fMRI နည်းပညာနဲ့ ဦးနှောက်ရဲ့ သွေးလှည့်ပတ်မှုနဲ့ အာရုံကြော ကွန်ရက်တွေ ချိတ်ဆက်လုပ်ဆောင်မှုကို စမ်းသပ်ကြည့်တဲ့အခါ ဗီဒီယိုတို ပိုမိုကြည့်ရှုသူတွေမှာ လှုပ်ရှားမှု၊ ခံစားမှု၊ အမြင်၊ အကြား၊ အာရုံစိုက်မှုနဲ့ အသိဉာဏ် ထိန်းချုပ်မှုဆိုင်ရာ ဦးနှောက်ကွန်ရက်တွေအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ ရိုးရှင်းစွာ ပြောရရင် ရုပ်သံနဲ့ အသံဆိုင်ရာ သတင်းအချက်အလက်တွေကို ရယူခြင်း၊ လှုပ်ရှားမှုနဲ့ အာရုံစိုက်မှုကို ထိန်းချုပ်ခြင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းတွေဟာ ပိုမိုဟန်ချက်ညီစွာ ချိတ်ဆက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဦးနှောက်ရဲ့ လှုပ်ရှားမှုဆိုင်ရာ Left precentral gyrus အပိုင်းမှာ အလိုအလျောက် တုံ့ပြန်မှု ပိုမိုမြင့်မားနေပေမဲ့ အပြုအမူ ထိန်းချုပ်မှုကို ကူညီပေးတဲ့ Right inferior frontal gyrus အပိုင်းမှာတော့ လုပ်ဆောင်ချက် နိမ့်ကျနေတာကို တွေ့ရပါတယ်။
တကမ္ဘာလုံးဆိုင်ရာ အဆင့်မှာတော့ ဗီဒီယိုတို ပိုမိုကြည့်ရှုသူတွေဟာ ဦးနှောက်တခုလုံးရဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်း (Global and local efficiency) ပိုမိုကောင်းမွန်နေတာကို တွေ့ရပါတယ်။ ဒါဟာ လျှင်မြန်တဲ့ ရုပ်သံမီဒီယာတွေကို ဆက်တိုက်ကြည့်ရှုတာကြောင့် အာရုံခံစနစ်နဲ့ အာရုံစိုက်မှုဆိုင်ရာ ဦးနှောက်စနစ်တွေ ပြောင်းလဲသွားတာဖြစ်နိုင်ကြောင်း သုတေသီတွေက သုံးသပ်ထားပါတယ်။ ဒါပေမဲ့လည်း လုပ်ဆောင်နိုင်စွမ်း မြင့်မားတာဟာ ထိခိုက်ပျက်စီးတာလို့ တိုက်ရိုက်အဓိပ္ပာယ် မသက်ရောက်ဘဲ ဉာဏ်ရည်ဉာဏ်သွေး သို့မဟုတ် မှတ်ဉာဏ်ကောင်းမွန်မှုတို့နဲ့လည်း ဆက်စပ်နေလေ့ ရှိပါတယ်။
စမ်းသပ်မှုမှာ အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည်တွေကို တိုက်ရိုက်တိုင်းတာခဲ့တာ မရှိတဲ့အတွက် အဆိုပါ ဦးနှောက်ပြောင်းလဲမှုဟာ အကျိုးရှိသလား သို့မဟုတ် အန္တရာယ်ရှိသလား ဆိုတာကိုတော့ သုတေသီတွေက တိကျစွာ မပြောနိုင်သေးပါဘူး။ ဒါကြောင့် နောက်ထပ် သုတေသနတွေ ထပ်မံပြုလုပ်ဖို့ လိုအပ်သေးကြောင်း သုတေသီတွေက အကြံပြုထားပါတယ်။

