BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ရေပြတ်လပ်မှု အန္တရာယ် ကမ္ဘာတဝှမ်းနဲ့ အမေရိကန်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေ သတိပေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက် | Burma Independent Voice ၊ သဘာ၀ပတ်ဝန်းကျင်

တောင်ကိုရီးယားနိုင်ငံ Pusan အမျိုးသားတက္ကသိုလ်က ဦးဆောင်ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအသစ်အရ၊ နောက်လာမယ့် ဆယ်စုနှစ်အတွင်းမှာတင် ကမ္ဘာ့နေရာအတော်များများမှာ ရေပေးဝေမှု လုံးဝရပ်ဆိုင်းသွားမယ့် “ Day Zero” အခြေအနေတွေ စတင်ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ရက်ပိုင်းတင်မကဘဲ လပိုင်း၊ နှစ်ပိုင်းအထိ ကြာမြင့်နိုင်တဲ့ ပြင်းထန်တဲ့ ရေရှားပါးမှု ဖြစ်ပါတယ်။

“ Day Zero Drought” ဆိုတာက ဒေသတွင်း ရေလိုအပ်ချက်က မိုးရေ၊ မြစ်ရေနဲ့ သိုလှောင်ထားတဲ့ ရေပမာဏထက် ကျော်လွန်သွားပြီး၊ နှစ်ရှည်လများ ရေပြတ်လပ်သွားတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါဟာ ခေတ္တခဏ ရေဖိအားနည်းတာမျိုးမဟုတ်ဘဲ လူနေမှုဘဝကို ပြင်းထန်စွာ ထိန်းချုပ်ကန့်သတ်ရမယ့် အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။

မက်ဒီတေးရီးယန်းဒေသ၊ အာဖရိကတောင်ပိုင်းနဲ့ မြောက်အမေရိက အထူးသဖြင့် အမေရိကန်အနောက်ပိုင်း တို့ဟာ အန္တရာယ်အရှိဆုံး နေရာတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ လက်ရှိမှာလည်း အမေရိကန်အနောက်ပိုင်း ပြည်နယ်အချို့ဟာ အဆိုးရွားဆုံးအဆင့် ကို ရင်ဆိုင်နေရပါတယ်။

မြို့ကြီးတွေဟာ လူဦးရေသိပ်သည်းပြီး ရေလိုအပ်ချက် ကြီးမားတာကြောင့် ရေရှားပါးမှုကို ကျေးလက်ဒေသတွေထက် ပိုမိုစောစီးစွာနဲ့ ပိုမိုပြင်းထန်စွာ ခံစားရမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့မှာ ရေလှောင်ကန်တွေ ခန်းခြောက်သွားခဲ့တဲ့ ဖြစ်ရပ်က သာဓကတခု ဖြစ်ပါတယ်။

ရာစုနှစ်အကုန်မှာ မြို့ပြနေပြည်သူ ၄၆၇ သန်းနဲ့ ကျေးလက်နေပြည်သူ ၂၈၆ သန်း၊ စုစုပေါင်း ၇၅၃ သန်းခန့်ဟာ ဒီလိုဆိုးရွားတဲ့ ရေရှားပါးမှုဒဏ်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အစီရင်ခံစာအရ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်လာမယ့် ရေရှားပါးမှုတွေကြားက အချိန်ကာလဟာ တိုတောင်းလွန်းတာကြောင့်၊ ရေလှောင်ကန်တွေ ပြန်လည်ပြည့်တင်းဖို့ အချိန်မရခင်မှာပဲ နောက်ထပ် အကျပ်အတည်းတခုက ထပ်မံရောက်ရှိလာနိုင်ပါတယ်။

ပညာရှင်တွေကတော့ ရေဆုံးရှုံးမှု ထိန်းချုပ်တာ၊ ရေကို စနစ်တကျ ဈေးနှုန်းသတ်မှတ်တာ၊ ရေပြန်လည်အသုံးပြုတာ နဲ့ မိုးရေစုဆောင်းတာ စတဲ့ နည်းလမ်းတွေကို အစိုးရတွေအနေနဲ့ အခုကတည်းက ကြိုတင်စီမံထားဖို့ တိုက်တွန်းထားပါတယ်။ ရေပြတ်လပ်သွားတဲ့အထိ စောင့်ဆိုင်းနေမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေကို ပြုပြင်ဖို့ နောက်ကျသွားနိုင်တယ်လို့ ဆိုပါတယ်။

#BIVNews#DayZeroDrought#WaterSecurity#ClimateChange#GlobalWarming#Environment#BreakingNews

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed