မက်ဆီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ အင်တာမိုင်ယာမီက စင်စင်နာတီကို အကြိတ်အနယ်အနိုင်ရပြီး အဝေးကွင်းနိုင်ပွဲဆက်
မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဂျင်တီးနားဂန္ထဝင်စူပါစတား လီယွန်နယ်မက်ဆီရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့အတူ အင်တာမိုင်ယာမီအသင်းဟာ စင်စင်နာတီအသင်းကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ အင်တာမိုင်ယာမီဟာ နောက်ကနေ လိုက်ကစားခဲ့ရပေမဲ့ ပွဲပြီးခါနီးသွင်းဂိုးတွေနဲ့အတူ အဝေးကွင်း ၇ ပွဲဆက်နိုင်ပွဲစံချိန်ကို ရယူနိုင်ခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ် မက်ဆီအတွက်တော့ ဒီရာသီအတွင်း တစ်ပွဲတည်းမှာ ဂိုးပါဝင်ပတ်သက်မှု ၃ ကြိမ်နဲ့အထက် ပြုလုပ်နိုင်ခဲ့တာ ၃ ကြိမ်မြောက် ရှိလာပြီဖြစ်သလို အခုဆိုရင် သူဟာ လိဂ်သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးသွင်းအများဆုံးစာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
“ လီယိုအကြောင်း ပြောရမယ်ဆိုရင် သူက လူပုဂ္ဂိုလ်အရရော၊ ကွင်းထဲက ကစားသမားတစ်ယောက်အနေနဲ့ပါ တကယ်ကို ထူးခြားတဲ့သူပါ” လို့ အင်တာမိုင်ယာမီ နည်းပြ ဂယ်လာမို ဟိုယိုစ်က ပွဲအပြီးမှာ ချီးကျူးစကား ဆိုခဲ့ပါတယ်။
ပွဲအစ ၂၄ မိနစ်မှာပဲ မက်ဆီက အင်တာမိုင်ယာမီအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ၄၁ မိနစ်မှာ စင်စင်နာတီက ပင်နယ်တီကနေတစ်ဆင့် ချေပဂိုး ပြန်ရခဲ့သလို၊ ဒုတိယပိုင်း ၄၉ မိနစ်မှာ ဒုတိယဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် အင်တာမိုင်ယာမီတို့ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ၅၅ မိနစ်မှာတော့ မက်ဆီကပဲ လူးဝစ်ဆွာရက်ဇ်ရဲ့ ပေးပို့မှုကနေတစ်ဆင့် အသင်းအတွက် ၂ ဂိုး ၂ ဂိုး ဖြစ်စေမယ့် ချေပဂိုးကို သွင်းယူပေးခဲ့တာပါ။
ဒါဟာ မက်ဆီအတွက် MLS လိဂ်အတွင်း ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ၂၁ ကြိမ်မြောက် ပွဲစဉ်ဖြစ်လာပြီး ၂၀၂၃ ခုနှစ်ကစလို့ ဒီစံချိန်ကို အမြင့်ဆုံးတင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၆၄ မိနစ်မှာ စင်စင်နာတီက တတိယဂိုး ထပ်သွင်းခဲ့ပေမဲ့ အင်တာမိုင်ယာမီကတော့ လက်မလျှော့ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဇတ်တိုက်သွင်းယူကာ ပွဲကို အလှည့်အပြောင်း လုပ်နိုင်ခဲ့ပါတယ်။
အထူးသဖြင့် ပွဲချိန် ၈၄ မိနစ်မှာ ရရှိခဲ့တဲ့ အနိုင်ဂိုးဟာ စင်စင်နာတီနောက်ခံလူနဲ့ ဂိုးသမားတို့ အချင်းချင်း တိုက်မိရာကနေ ဘာတာရန်မီက ဂိုးအလွတ်ထဲကို အပိုင်ကန်သွင်းယူခဲ့တာပါ။ ပွဲပြီးခါနီး ၈၉ မိနစ်မှာ မက်ဆီ ကန်သွင်းလိုက်တဲ့ဘောလုံးဟာ ဂိုးတိုင်ထိပြီး ဂိုးသမားနဲ့ ထိထွက်သွားခဲ့တာကြောင့် ဟက်ထရစ်ရဖို့ နီးစပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ Own Goal အဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။
နည်းပြ ဟိုယိုစ်က “ မက်ဆီ၊ ဒီပေါလ်နဲ့ ဆွာရက်ဇ်တို့လို ကစားသမားတွေဟာ MLS လိဂ်ကို အဆင့်အတန်း မြှင့်တင်ပေးလိုက်တာပါ။ ဒီနေ့လို ခက်ခဲတဲ့ကွင်းမှာ၊ ခက်ခဲတဲ့ ပြိုင်ဘက်မျိုးကို အနိုင်ကစားပြသွားတာက သူတို့ရဲ့ အရည်အချင်းကို သက်သေပြနေတာပဲ” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။