အစ္စရေး-အီရန်စစ်ပွဲအတွင်း နေတန်ယာဟု လျှို့ဝှက်လာရောက်ခဲ့သည်ဆိုခြင်းကို ယူအေအီး ငြင်းဆို
မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အစ္စရေးနဲ့ အမေရိကန်တို့ အီရန်နဲ့ စစ်ဖြစ်ပွားနေတဲ့ကာလအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ထံ တိတ်တဆိတ် သွားရောက်ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ယူအေအီးဘက်ကတော့ ဒီလိုလျှို့ဝှက်ခရီးစဉ်မျိုး မရှိခဲ့ကြောင်း ပြန်လည်ငြင်းဆိုလိုက်ပါတယ်။
အစ္စရေးရဲ့ ထုတ်ပြန်ချက်အရ နေတန်ယာဟုဟာ ယူအေအီးသမ္မတ ရှိတ် မိုဟာမက် ဘင် ဇာယက် အယ်လ် နာယန်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံမှုဟာ “ အစ္စရေးနဲ့ ယူအေအီးအကြား ဆက်ဆံရေးမှာ သမိုင်းဝင် ထိုးဖောက်အောင်မြင်မှုတစ်ခု ဖြစ်ပေါ်စေခဲ့တယ်” လို့ ဆိုပါတယ်။ ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ယူအေအီးဟာ ၂၀၂၀ ပြည့်နှစ်မှာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ယူအေအီးရဲ့ တရားဝင်သတင်းဌာနဖြစ်တဲ့ WAM ကတော့ နေတန်ယာဟု လာရောက်တယ်ဆိုတဲ့ “ သတင်းတွေ ပျံ့နှံ့နေမှု” ကို ပြန်လည်ငြင်းဆိုတဲ့ သတင်းတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။ ၎င်းတို့နိုင်ငံနဲ့ အစ္စရေးအကြား ဆက်ဆံရေးဟာ လူသိရှင်ကြားဖြစ်ပြီး တရားဝင်ထုတ်ပြန်ထားတဲ့ Abraham Accords သဘောတူညီချက်ဘောင်အတွင်းကသာ ဆောင်ရွက်တာဖြစ်သလို ပွင့်လင်းမြင်သာမှုမရှိတဲ့ လျှို့ဝှက်စီစဉ်မှုတွေအပေါ် အခြေမခံဘူးလို့ WAM က ဆိုပါတယ်။ ဒါ့အပြင် အစ္စရေးစစ်ဘက်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တယ်ဆိုတာကိုလည်း ငြင်းဆိုထားပါတယ်။
ဒီသတင်းတွေဟာ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက် ဟပ်ကာဘီက အစ္စရေးရဲ့ Iron Dome လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေနဲ့ အဲဒါကို ကိုင်တွယ်မယ့် စစ်သည်တွေကို ယူအေအီးထံ ပို့ဆောင်ထားတယ်လို့ ထုတ်ဖော်ပြောကြားပြီး နောက်တစ်ရက်မှာပဲ ထွက်ပေါ်လာတာပါ။ ယူအေအီးဟာ ပြီးခဲ့တဲ့လက အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပေမဲ့ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ဆက်လက်ရင်ဆိုင်နေရတာကြောင့် ၎င်းတို့နိုင်ငံဟာ စီးပွားရေးလုပ်ဖို့ စိတ်ချရတဲ့နေရာဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူတွေကို အချက်ပြဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီက ကူဝိတ်နိုင်ငံဟာ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guard) အဖွဲ့ဝင်တွေအဖြစ် စွပ်စွဲပြီး အီရန်နိုင်ငံသား ၄ ဦးကို ဖမ်းဆီးထားတာဟာ “ သဘောထားကွဲလွဲအောင် သွေးထိုးတာ” ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ၎င်းတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပြီး အီရန်အနေနဲ့ တုံ့ပြန်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
အလားတူ အီရန်ရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ နာဆရင် ဆိုတူဒါဟာ ဖမ်းဆီးခံရပြီး တစ်လကျော်အကြာမှာ အီဗင်အကျဉ်းထောင်ကနေ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ သူမဟာ တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေဘက်က ရှေ့နေလိုက်ပေးခြင်းကြောင့် ထင်ရှားသူဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမဒီဟာလည်း အကျဉ်းထောင်အတွင်း သတိလစ်လဲကျသွားခဲ့ပြီးနောက်မှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ သူမရဲ့ သွေးကြောဆိုင်ရာရောဂါဟာ ပိုမိုဆိုးရွားလာတာကြောင့် ရှစ်လကြာ ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ သူမဟာ လက်ရှိမှာတော့ အာမခံနဲ့ လွတ်မြောက်နေပြီး တီဟီရန်မြို့က ဆေးရုံတစ်ခုမှာ ကုသမှုခံယူနေရပါတယ်။