ဇူလိုင် ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ်ကနေ အာဏာသိမ်းသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ရက်(၁၀၀) ကာလဟာ သမိုင်းဝင်ကာလဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်သတ်မှတ်ပြောဆိုပါတယ်။
အာဏာသိမ်းသမ္မတအဖြစ် ရက်(၁၀၀) ပြည့်မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
“ယနေ့ မိမိတို့အစိုးရတာဝန်ယူခဲ့တဲ့ ရက်ပေါင်း(၁၀၀)ကာလဟာ နိုင်ငံတော်ရဲ့ အခြေခံအုတ်မြတ်တွေကို စတင်ချမှတ်နိုင်တဲ့ သမိုင်းဝင်အချိန်ကာလတခုဖြစ်ပါတယ်။” လို့ အာဏာသိမ်းသမ္မတက သူ့ကိုယ်သူ ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။
နိုင်ငံအတွင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ရှိနေသလို၊ ကုန်စျေးနူန်းကြီးမြင့်မှုတွေကို အခြေခံပြည်သူအများစုက ကြုံတွေ့ခံစားနေချိန်ဖြစ်ပေမယ့်လည်း အာဏာသိမ်းသမ္မတကတော့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို လက်ကိုင်ထားတယ်လို့ ဆိုပြန်ပါတယ်။
“ကျနော်တို့အနေနဲ့ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုရရှိရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးဆိုတဲ့ ဦးစားပေးရည်မှန်းချက် ၂ ရပ်ကို လက်ကိုင်ထားပြီး ကဏ္ဍစုံမှာ အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိနေပါတယ်” လို့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
World Food Programme (WFP) ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ဈေးကွက်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာက အချက်အလက်တွေအအရတော့ မြန်မာပြည်သူတွေဟာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ကြုံတွေ့နေရတယ်လို့ ဖေါ်ပြနေတယ်။
ဇွန်လအတွင်း မိသားစုတစုစာ အခြေခံ အစားအသောက် စရိတ် (၅၁,၁၈၇ ကျပ် အထိ ရှိခဲ့ပြီး မေလထက် ၂ ရာခိုင်နှုန်း တိုးလာသလို၊ ဖေဖော်ဝါရီလ ကုန်နဲ့ ယှဉ်မယ်ဆိုရင် ဇူလိုင်လ ပထမပတ်မှာတင် ၂၀ ရာခိုင်နှုန်း အထိ မြင့်တက်သွားခဲ့တာကိုတွေ့ရပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းလက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားမှုက ဆက်လက်ရှိနေပြီး အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကို လေ့လာစောင့်ကြည့်တဲ့ အချက်အလက်တွေက ဖေါ်ပြနေပါတယ်။

