အင်းစိန်အကျဉ်းထောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကြောင်းမဲ့ ရိုက်နှက်ခံရ
မတ်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အင်းစိန်အကျဉ်းထောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တာဝန်ခံရဲအရာရှိတဦးက ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့အပြင် ဆဲဆိုစော်ကားခဲ့တယ်လို့ ကာယကံရှင်တွေနဲ့ နီးစပ်သူတွေက BIV ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က အင်းစိန်ထောင်ဆေးရုံ Guard Ward မှာ ဆေးကုသမှုခံယူနေတဲ့ အကျဉ်းသား နှစ်ဦးကို အင်းစိန်မြို့နယ်ရဲမှူးက လာရောက်စစ်ဆေးချိန်အတွင်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တာပါ။
မြို့နယ်ရဲမှူးက Guard Ward ထဲ ဝင်လာပြီး မေးမြန်းတာကို ပြန်ဖြေတဲ့အပေါ် အကြောင်းမဲ့ ရမည်ရှာပြီး လက်သီးနဲ့အချက်ပေါင်းများစွာ ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခြေထောက်နဲ့ ကန်ကျောက်၊ နားထင်ကို ထိုးနှက်တာတွေကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
မြို့နယ်ရဲမှူးက အကျဉ်းသားတွေကို ဆဲဆိုရုံသာမက “မင်းတို့ကို သတ်ပစ်လို့ရတယ်၊ ဘာမှဖြစ်မှာမဟုတ်ဘူး” လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။
အဲဒီ ရဲအရာရှိဟာ အကျဉ်းသားတွေရဲ့ ဆေးဝါးတွေ၊ အဝတ်အထည်တွေနဲ့ စားသောက်ဖွယ်ရာတွေကို သိမ်းဆည်းဖို့လည်း အမိန့်ပေးခဲ့တာကြောင့် ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်ပါတယ်။
အခုလို အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် အကြောင်းမဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်သူတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ အခုကာလမျိုးမှာ ထိထိရောက်ရောက် အရေးယူ အပြစ်ပေးခံရတာမျိုးမရှိဘဲ ကင်းလွတ်နေကြပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၄၄၀၂ ဦး ထက်မနည်းရှိတာကို အတည်ပြုထားနိုင်ပြီး၊ အတည်ပြုရန် လိုအပ်ဆဲ ၇၈၉၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။