မြန်မာနိုင်ငံက ကလေးငယ်တွေ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားပြော
မေ ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
စစ်ကိုင်းတိုင်း၊ အိုးထိန်းကွင်းကျေးရွာက စာသင်ကျောင်းတကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောင်းသား ၂၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်စဉ် တနှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ လေကြောင်းရန်အန္တရာယ်ကို ဆက်ပြီးရင်ဆိုင်နေရဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ထုတ်ပြန်လိုက်ပါတယ်။
ဒီလအစောပိုင်းမှာတင် ချင်းပြည်နယ်က ကလေးကစားကွင်းတခု လေကြောင်းတိုက်ခိုက်ခံရလို့ အသက် ၅ လကနေ ၁၀ နှစ်ကြားရှိတဲ့ ကလေးငယ် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်း မန္တလေး၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်က ကျေးရွာတွေ၊ တနင်္သာရီတိုင်းက ဘုရားရှိခိုးကျောင်းနဲ့ စစ်ကိုင်းတိုင်းက စစ်ရှောင်တွေခိုလှုံတဲ့ ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း ယန္တရားက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ယန္တရားအကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ကလေးငယ်တွေရှိနိုင်တဲ့နေရာတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့အတွက် မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်းပုံနဲ့ အမိန့်ပေးကွင်းဆက်ဆိုင်ရာ အထောက်အထားတွေကိုလည်း စုဆောင်းစိစစ်နေပြီလို့ ဆိုပါတယ်။
ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ်အထိ ကလေးတွေ ထိခိုက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၆၄၀ ကြိမ် ရှိခဲ့ပြီး လက်တွေ့မှာတော့ ဒီထက်ပိုများနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကနေစပြီး ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့ အထိ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အသက် ၁၈ နှစ်အောက် အရွယ် ကလေးငယ်တွေ သေဆုံးမှုက ၁၀၇၁ ဦးထက်မနည်းရှိတာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။