ဇူလိုင် ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုအခြေအနေကို တိုင်းတာနိုင်မယ့် စံသတ်မှတ်ချက်တွေ ဖော်ဆောင်ဖို့နဲ့ ရေရှည်တာဝန်ယူမယ့် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေး ဆွေးနွေးမှုတွေကို ဇူလိုင်လ ၂၁ ရက်နေ့က သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
ဒါဟာ ကြန့်ကြာနေတဲ့ ဘုံသဘောတူညီချက် (၅) ချက် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်မှုကို ခိုင်မာအားကောင်းလာစေဖို့ အာဆီယံအဖွဲ့က ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပတဲ့ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ဘေးပန်းမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး တိုးချဲ့အလွတ်သဘော ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ အဲ့ဒီ အဆိုပြုချက်တွေကို အဆင့်မြင့်အရာရှိတွေက ဆက်လက်မွမ်းမံသွားမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေဆီ တင်ပြသွားမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုက ပြောကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အလွတ်သဘော အစည်းအဝေးအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဘန်ကောက်အစည်းအဝေးဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး အားလုံးနီးပါးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
မနီလာမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာတော့ ဝန်ကြီးတွေဟာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုအခြေအနေကို အကဲဖြတ်ဖို့ အာဆီယံမူဘောင်တစခု ဖန်တီးရေးနဲ့ အထူးကိုယ်စားလှယ်တာဝန်ကို နှစ်စဉ် အလှည့်ကျ ခန့်အပ်မယ့်အစား ရေရှည်တာဝန်ယူမယ့်သူကို ခန့်အပ်ရေး အပါအဝင် ဘန်ကောက်အစည်းအဝေးက အဆိုပြုချက်တွေကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။
ဒါ့အပြင် အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းစဉ်တွေကို ပံ့ပိုးပေးဖို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ သီးသန့်ယူနစ်တစ်ခု ဖွဲ့စည်းဖို့ ဘရူနိုင်းနိုင်ငံက အဆိုပြုထားတယ်လို့လည်း သိရပါတယ်။
ဘန်ကောက်အစည်းအဝေးကြောင့် နှစ်ရှည်လများ သံတမန်ရေးအရ ရပ်တန့်နေခဲ့တဲ့ အာဆီယံဟာ မြန်မာစစ်ကောင်စီအပေါ် ချဉ်းကပ်မှုတွေ ပျော့ပြောင်းလာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီဆွေးနွေးမှုတွေကို ဘုံသဘောတူညီချက် (၅) ချက်ကနေ သွေဖည်သွားတယ်လို့ မယူဆသင့်ကြောင်း လာဇရို က ဆိုပါတယ်။
မြန်မာ့လွှတ်တော်က ပယ်ချထားတဲ့ ဘုံသဘောတူညီချက် (၅) ချက်ဟာ အသက်ဝင်နေသေးသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဘန်ကောက်အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
“ဘုံသဘောတူညီချက် (၅) ချက် ဆက်ရှိနေသေးတယ်လို့ သူက ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် လွှတ်တော်မှာ ဘယ်လိုဆုံးဖြတ်ချက်တွေပဲ ချမှတ်ခဲ့ပါစေ လက်တွေ့မှာ ပျက်ပြယ်သွားပြီလို့ သူက ပြောခဲ့ပါတယ်” လို့ လာဇရို က ထပ်လောင်းပြောဆိုပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဝန်ကြီးတွေဟာ မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ချက်ကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး အကြမ်းဖက်မှုတွေ အမြဲတမ်းရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးနဲ့ မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လုံခြုံချောမွေ့စွာ ပေးအပ်နိုင်ရေး အပါအဝင် ခိုင်မာပြီး တိုင်းတာလို့ရမယ့် ခြေလှမ်းတွေ လှမ်းဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အခုလို ဆွေးနွေးမှုတွေဟာ အာဆီယံရဲ့ လက်ရှိချဉ်းကပ်မှုကို အစားထိုးတာမဟုတ်ဘဲ ပိုမိုကောင်းမွန်အောင် ပြန်လည်ချိန်ညှိဖို့ ကြိုးပမ်းတာသာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နေပြည်တော်နဲ့ နှစ်နိုင်ငံအဆင့် ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နေတာဟာ အာဆီယံရဲ့ စုပေါင်းအားကို အားနည်းစေနိုင်တယ်လို့လည်း ပညာရှင်တွေက သတိပေးထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အာဆီယံက အကြိမ်ကြိမ် တောင်းဆိုနေပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ (ACLED) ရဲ့ ခန့်မှန်းချက်အရ မြန်မာပြည်တွင်းစစ်စတင်ကတည်းက လူပေါင်း တသိန်းကျော် သေဆုံးခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား ၂၂,၄၀၀ ခန့် ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့အရေးအပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အရှေ့အလယ်ပိုင်း အပါအဝင် ဒေသတွင်း လုံခြုံရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ လာမယ့် ဇူလိုင် ၂၄ ရက်နေ့မှာတော့ အာဆီယံရဲ့ အပြန်အလှန်လေးစားရေး၊ ဝင်ရောက်မစွက်ဖက်ရေးနဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး မူဝါဒတွေ ပါဝင်တဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

