ဇူလိုင် ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာ့ကမ်းရိုးတန်းအနီးမှာ လူပေါင်း ၅၀၀ ကျော် တင်ဆောင်လာတဲ့ စက်လှေနှစ်စင်း တိမ်းမှောက်နစ်မြုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့က အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း ဇူလိုင် ၁၆ ရက်နေ့မှာ ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။
အစောပိုင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အဆိုပါစက်လှေနှစ်စင်းဟာ ဇွန်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ကနေ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး လိုက်ပါလာသူအများစုဟာ ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။ ယင်းတို့ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Cox’s Bazar) ဒုက္ခသည်စခန်းတွေကနေ ခရီးသွားလာခဲ့ကြသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
လူပေါင်း ၂၅၀ ခန့် တင်ဆောင်လာတဲ့ ပထမစက်လှေဟာ ထွက်ခွာပြီး သိပ်မကြာခင်မှာပဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ လူပေါင်း ၂၈၀ ခန့် တင်ဆောင်လာတဲ့ ဒုတိယစက်လှေကတော့ ဇူလိုင် ၈ ရက်နေ့မှာ မြန်မာ့ဧရာဝတီ ကမ်းရိုးတန်းအနီးမှာ နစ်မြုပ်သွားခဲ့တယ်လို့ ယူဆရပါတယ်။
အခုဖြစ်စဉ်တွေနဲ့ သေဆုံးသူအရေအတွက်ကို တရားဝင်အတည်မပြုနိုင်သေးပေမယ့် ကြီးမားတဲ့ အသက်အန္တရာယ် ဆုံးရှုံးမှုတွေ ရှိနေနိုင်တာကြောင့် UNHCR နဲ့ IOM တို့က အထူးစိုးရိမ်ပူပန်နေကြပါတယ်။ အခုလို ပင်လယ်ခရီးသွားလာမှုတွေဟာ ပုံမှန်ရေကြောင်းသွားလာလေ့မရှိတဲ့ ရာသီဥတုဆိုးရွားပြီး အန္တရာယ်များတဲ့ အချိန်ကာလမှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒေသတွင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာက ရေကြောင်းသွားလာမှု အန္တရာယ်ကို ပိုမိုမြင့်မားစေခဲ့ပါတယ်။
တကယ်လို့ ဒီဖြစ်စဉ်သာ အတည်ပြုနိုင်ခဲ့ရင် ယခုနှစ်အတွင်း ကပ္ပလီပင်လယ်ပြင် (Andaman Sea) နဲ့ ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ထဲမှာ ပျောက်ဆုံး ဒါမှမဟုတ် သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀၀ နီးပါး ရှိနေပြီဖြစ်တဲ့ စာရင်းထဲကို ထပ်မံတိုးလာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ကာလရှည်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့အတူ ရိုဟင်ဂျာလူထုအတွက် ရေရှည်တည်တံ့တဲ့ အဖြေရှာမပေးနိုင်မှုတွေက ပြည်သူတွေကို စိုးရိမ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်စေခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ထောက်ပြပါတယ်။ မြန်မာပြည်တွင်းက ပဋိပက္ခတွေ ပြင်းထန်လာမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာမှုတွေအပြင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ အကူအညီနဲ့ အခွင့်အလမ်းတွေ ကန့်သတ်ချက်ရှိနေတာတွေက ရိုဟင်ဂျာပြည်သူတွေကို လုံခြုံဘေးကင်းမှုရှာဖွေဖို့ အန္တရာယ်ကြီးမားတဲ့ ပင်လယ်ခရီးလမ်းတွေကို ရွေးချယ်လာစေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ ဘေးကင်းလုံခြုံမှုကို ရှာဖွေနေကြတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်အပေါ် အမြတ်ထုတ်နေတဲ့ လူမှောင်ခိုနဲ့ လူကုန်ကူးမှုကွန်ရက်တွေရဲ့ ဆိုးကျိုးတွေကိုလည်း မီးမောင်းထိုးပြနေတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
ကမ္ဘာ့အန္တရာယ်အများဆုံး ရေကြောင်းလမ်းတွေထဲက တခုဖြစ်တဲ့ ဒီလမ်းကြောင်းပေါ်မှာ အသက်ဆုံးရှုံးမှုတွေ ထပ်မဖြစ်အောင် တားဆီးဖို့အတွက်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ဖို့၊ ခိုလှုံခွင့်နဲ့ ကာကွယ်စောင့်ရှောက်ခွင့်တွေ ရရှိစေဖို့၊ လူမှောင်ခိုနဲ့ လူကုန်ကူးမှုကွန်ရက်တွေကို ထိရောက်စွာ နှိမ်နင်းဖို့အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာက ပိုမိုပြင်းထန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်နေတယ်လို့ သတိပေးထားပါတယ်။
IOM နဲ့ UNHCR တို့က ရိုဟင်ဂျာဒုက္ခသည်တွေကို ကာလရှည်ကြာ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရက်ရောမှုကို အသိအမှတ်ပြုပေမယ့် ဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ လူထုအတွက် နိုင်ငံတကာက ဆက်လက်ပံ့ပိုးကူညီပေးဖို့နဲ့ အဓမ္မနေရပ်စွန့်ခွာရမှုတွေရဲ့ အရင်းအမြစ် ပြဿနာတွေကို ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိမှာတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှရှိ လမ်းကြောင်းတွေမှာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အသက်ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ်ပေးရေးအတွက် သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

