ဩဂုတ် ၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဆီယံ ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ကျဉ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ (၅၉) နှစ်မြောက် အာဆီယံနှစ်ပတ်လည်သဝဏ်လွှာပေးပို့တယ်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ မီဒီယာတွေမှာဖေါ်ပြပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ပယ်ချထားတဲ့ အာဏာသိမ်း သမ္မက က မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်းသမ္မတမင်းအောင်လှိုင်က ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဖေါ်ဆောင်သွားမယ်လို့ ပြောဆိုထားပေမယ့်လည်း နိုင်ငံတဝန်းလက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို၊ အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းဆွေးနွေးမှုတွေဟာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အဖွဲ့တွေမပါဝင်ဘဲ တိုက်ပွဲမဖြစ်ပွားတဲ့အဖွဲ့တွေနဲ့သာ ဆွေးနွေးနေတာဖြစ်တယ်လို့ လေ့လာစောင့်ကြည်သူတွေက ထောက်ပြကြပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လအတွင်း မြန်မာအင်တာနက်ပရောဂျက် (MIP) က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံအကျဉ်းသားပေါင်း ၁၄၆၄၇ ကို ဆက်လက်ဖမ်းဆီးအကျဉ်းချထားဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ နောက်ဆုံးအချက်အလက်တွေမှာ တွေ့ရပါတယ်။
အာဏာသိမ်းသမ္မတက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မယ်လို့ ပြောဆိုထားပေမယ့် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံအဖြစ် အရှေ့တီမောနိုင်ငံနဲ့အတူ ရပ်တည်နေတာကို ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍဟာ စိန်ခေါ်မှုနဲ့ ရေရာမှုမရှိတဲ့ ပတ်ဝန်းကျင်မှာ လည်ပတ်နေရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ ကုန်ကျစရိတ် မြင့်တက်မှု၊ ရုံးပိုင်းဆိုင်ရာ အဟန့်အတားတွေနဲ့ မူဝါဒ ဖော်ဆောင်မှု မရေရာတာတွေကို ရင်ဆိုင်နေရတာကြောင့် လုပ်ငန်းအများစုဟာ တိုးချဲ့ရေးထက် ရေရှည်ရပ်တည်နိုင်ရေးကိုသာ အာရုံစိုက်နေရတယ်လို့ ထောက်ပြထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်မတိုင်ခင်က စီးပွားရေးအခြေအနေမျိုးကို ပြန်မရောက်နိုင်တော့တဲ့ တခုတည်းသော နိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ထောက်ပြဖူးပါတယ်။

