ဩဂုတ် ၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်ရာမှာ ပြည်သူလူထု အထိမနာစေမယ့် တော်လှန်ရေး နည်းနာတွေကို ရွေးချယ်ပြီး စိန်ခေါ်မှုတွေကြားက ကြိုးစားလုပ်ဆောင်နေရတာတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ယနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ (၃၈) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အခမ်းအနားမှာ မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းဖို့အတွက် လူထုတော်လှန်ရေးရော လက်နက်ကိုင်တော်လှန်ရေးကိုပါ ဖော်ဆောင်ကြရသလို၊ တော်လှန်ရေး ကာလရှည်ကြာလာတာနဲ့အမျှ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကြားက ပြည်သူ့ဒုက္ခကို လျှော့ပါးစေမယ့် နည်းနာတွေကို သုံးစွဲနေရတာဖြစ်တယ်လို့ မိန့်ခွန်းအတွင်းထည့်သွင်းပြောပါတယ်။
“စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းနိုင်ဖို့အတွက်ဆိုရင်၊ လူထုတော်လှန်ရေးကိုလည်း ဖော်ဆောင်ဖို့ လိုသလို၊ လက်နက်ကိုင်တော်လှန်ရေးကိုလည်း ဖော်ဆောင်ကြရပါတယ်။ တစ်ဖက်မှာလည်း လူထုအထိမနာစေမယ့် တော်လှန်ရေးနည်းနာတွေကို ရွေးချယ်ပြီး၊ စိန်ခေါ်မှုတွေ ကြားထဲက ကြိုးစားလုပ်ဆောင်ကြရတာတွေ ရှိပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျစ်လျှူရှုလို့ မရကြောင်း NUG ယာယီသမ္မတကပြောပါတယ်။

