ဩဂုတ် ၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရထံကနေ အာဏာသိမ်းယူခဲ့ပြီး ၅ နှစ်ကျော်အကြာမှာ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ဟာ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းမှုတခုအနေနဲ့ ဒီကနေ့ ဩဂုတ် ၆ ရက် နေ့ မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာပြီဖြစ်ပါတယ်။
အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ရဲ့ နှစ်ရက်တာခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုတင် အပါအဝင် ထိုင်းတာဝန်ရှိသူတွေနဲ့ အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံသွားဖို့ရှိပြီး ထိုင်း-မြန်မာ စီးပွားရေးဖိုရမ်ကို တက်ရောက်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီခရီးစဉ်ဟာ မင်းအောင်လှိုင်ကို “တရားဝင်မှု အတုအယောင်” ပေးအပ်ခြင်း ဖြစ်တယ်လို့ Justice For Myanmar လိုအဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြထားကြပါတယ်။
အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံက အရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်မှာတော့ ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို ချက်ချင်းရပ်တန့်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင်မှုပေးတဲ့ လုပ်ရပ်တွေကို မပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။
အနောက်နိုင်ငံ အစိုးရတွေကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ အသိုင်းအဝိုင်းကို အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပါတယ်။
အသက် ၇၀ အရွယ် မင်းအောင်လှိုင်ဟာ ဧပြီလမှာ သူ့ကိုယ်သူ သမ္မတရာထူးပေးခဲ့ပြီးနောက်ပိုင်း တရုတ်၊ အိန္ဒိယနဲ့ လာအို စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဒေသတွင်း ဆက်ဆံရေး ခိုင်မာစေဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာအဆင့်မှာမူ အထီးကျန် ဆက်လက်ဖြစ်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ စစ်ပွဲအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူ ၈,၂၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ၃၁,၆၄၅ ဦး ထိန်းသိမ်းခံထားရကြောင်း သိရပါတယ်။
အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ဟာ ထိုင်းခရီးစဉ်မတိုင်ခင်မှာ ဝေဖန်မှုတွေကို လျှော့ပါးစေဖို့ ဖမ်းဆီးအကျဉ်းချထားတဲ့ အသက် ၈၁ နှစ်အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီ တွေ့ဆုံမှုဟာ အဖမ်းဆီးခံရပြီးနောက်ပိုင်း လွတ်လပ်တဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတစ်ခုနဲ့ ပထမဆုံး တွေ့ဆုံခွင့်ရရှိခြင်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အာဆီယံ (ASEAN) အတွင်း မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေးအတွက် အဓိက တိုက်တွန်းသူ ဖြစ်လာခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်က မြန်မာနိုင်ငံ တည်ငြိမ်ရေးဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုအတွက် အရေးပါကြောင်းနဲ့ မြေပြင်လက်တွေ့ အခြေအနေတွေကို တုံ့ပြန်နိုင်တဲ့ “ချိန်ညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု” ကို လုပ်ဆောင်သင့်ကြောင်း မကြာသေးခင်က တိုက်တွန်းပြောဆိုထားပါတယ်။
Fortify Rights က လူ့အခွင့်အရေးကျွမ်းကျင်သူ Thanida Piyachot ကတော့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်အစိုးရကို တရားဝင် အသိအမှတ်ပြုခြင်းဟာ စစ်အာဏာရှင်အောက်မှာ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေထံ မှားယွင်းတဲ့ သတင်းစကား ပေးပို့ရာရောက်တယ်လို့ ဝေဖန်ထားပြီး ထိုင်းနဲ့ အာဆီယံအနေနဲ့ အတွင်းရေး မစွက်ဖက်ရေး မူဝါဒတွေ နောက်ကွယ်မှာ ပုန်းမနေဘဲ လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုများ တွေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေအတွက် နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုမှုတွေ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားထားသလို၊ အာဂျင်တီးနားနိုင်ငံ တရားရုံးမှာလည်း ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အရ အရေးယူပေးဖို့ တရားစွဲဆိုထားကြပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာလည်း ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် ချိုးဖောက်မှုနဲ့တရားစွဲဆိုထားပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေ အဓိက ပါဝင်နေတာ ဖြစ်ပါတယ်။

